ကချင်ပြည်နယ်တွင် တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ပြည့်ရန် ၁၀ ရက်အလိုတွင် အစိုးရနှင့်
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့ သဘောတူညီမှု တစ်ခုကို
လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမရှိသော်လည်း ကေအိုင်အိုက အစဉ်တောင်းဆိုခဲ့သည့်
နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဆိုသည့်အချက်က
သဘောတူညီချက်ခုနစ်ချက်၏ နံပါတ်တစ်နေရာတွင် ပါဝင်လာသည်။
ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ လိုင်ဇာမြို့မှ မြစ်ကြီးနားမြို့သို့
လာရောက်စဉ်ကလည်း သောင်းချီသော ဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များက
“ငြိမ်းချမ်းရေး” မျှော်လင့်ချက်များစွာဖြင့် ကြိုဆိုခဲ့ကြသည်။
ဆွေးနွေးပွဲရလဒ်က အများမျှော်လင့်ထားသလို အပြည့်အ၀ကျေနပ်အားရမှုမရှိဟု ပြောဆိုခဲ့ကြသော်လည်း စစ်ကြောင့်ဒုက္ခသည်ဖြစ်ခဲ့ရသူများအဖို့ အိမ်ပြန်ချိန်မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်သန်းလာကြသည်။ ဆွေးနွေးပွဲနှင့်ပတ်သက်သော အကြောင်းအရာများ ကေအိုင်အို၏ ရှေ့ဆက်သွားမည့်ခရီးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပွဲအပြီး မေလ ၃၀ ရက် ညပိုင်းက ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် 7 Day, The Voice နှင့် မော်ဒန်ဂျာနယ်တို့က ကေအိုင်အိုဆက်ဆံရေးရုံးတွင် သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ရာ 7 Day News က မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေများကို ပြန်လည်မျှဝေလိုက်ပါသည်။
7 Day - လိုင်ဇာကနေ မြစ်ကြီးနား အလာလမ်းမှာ ကြိုဆိုကြတယ်။ အဲဒီလိုမျိုး ကြိုလိမ့်မယ်လို့ မျှော်လင့်ထားခဲ့လား။ လာတဲ့လမ်းတစ်လျှောက်မှာ ဗိုလ်ချုပ်ကို အံ့အားသင့်စေတဲ့အရာတစ်ခုခုက ဘာများဖြစ်မလဲ။
ကျွန်တော်တို့ကိုကြိုတဲ့ အဖွဲ့တွေမှာ အချို့ငိုကြတာ၊ မျက်ရည်ကျတာကို တွေ့ပါတယ်။ လူထုကကြိုမယ်ဆိုတာ သတင်းတော့
ကြားတယ်။ ဒါပေမဲ့ ဒီလောက်အထိကြိုမယ်မထင်ထားဘူး။ ကျွန်တော်တို့က ကြိုဆိုရေးတွေ ဘာတွေမလုပ်နဲ့လို့ ပြောထားတာ။ ဒါပေမဲ့ လူထုကတော့ ဒီလိုဆွေးနွေးပွဲတွေ သွားမယ်ဆိုတဲ့အခါ ကြိုဆိုကြတာပါ။ သူတို့သဘောနဲ့ ထွက်ကြိုတဲ့သဘောပါ။ အချို့ကလည်း ဒီနေ့အထိ မသိလိုက်ဘူး။ သတင်းကြားတဲ့သူတွေကလမ်းပေါ်ထွက်ကြိုတဲ့သဘောပါ။
7 Day- အဲဒီလို ကြိုဆိုတာကို တွေ့ရတော့ အဲဒီ “အား” တွေက ဆွေးနွေးပွဲကို ဘယ်လိုအထောက်အကူဖြစ်ခဲ့ပါသလဲ။
ကျွန်တော်တို့ကို အားတစ်ခု ဖြစ်စေပါတယ်။ နောက်တစ်ခုက လူထုရဲ့ သဘောထားကိုထင်ဟပ်ပြတယ်ဆိုတော့ ဆွေးနွေးပွဲကို နှစ်ဖက်စလုံးက ကျွန်တော်တို့ ဘာတွေလုပ်သင့်သလဲ။ လူထုသဘောထား ဘယ်လိုရှိတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြသနိုင်တယ်လို့ ပြောလို့ရပါတယ်။
7 Day- သဘောတူညီချက်ခုနစ်ချက် ထိပ်ဆုံးမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်လို့ပါတယ်။ တကယ်လို့ နိုင်ငံရေးဆွေးနွေးပွဲ စလုပ်ဖြစ်ပြီဆိုတာနဲ့ ကေအိုင်အိုဘက်က ဘာတွေကို တောင်းဆိုဆွေးနွေးသွားမလဲ။
ကေအိုင်အိုက ပြောနေတာက ပြည်တွင်းမှာဖြစ်နေတဲ့ တိုင်းရင်းသားပြဿနာကို နိုင်ငံရေး ပြဿနာအနေနဲ့ ရှုမြင်စေချင်တယ်။ ဒီအချိန်ထိ ပဋိပက္ခဖြစ်တယ်တို့၊ ပြဿနာဖြစ်တယ်တို့ သုံးနေတာကို နိုင်ငံရေးပြဿနာလို့ အစိုးရက တရားဝင်သုံးတာ မတွေ့ရသေးဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာက တိုင်းရင်းသားပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသင့်တယ်ဆိုတဲ့ အယူအဆမျိုးလိုချင်တယ်။ ဒါကြောင့် အခုလည်း နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရအောင်ပြောနေတာက ဒါက နိုင်ငံ ရေးပြဿနာဖြစ်တယ်ဆိုတဲ့ အယူအဆကို တင်ပြနေတာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံက တိုင်းရင်းသားတွေအားလုံး စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် မတူညီတဲ့ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေနိုင်တဲ့ အခြေအနေကို အစိုးရက ဖန်တီးပေးဖို့ တောင်းဆိုသွားမယ်။ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားများက တန်းတူရေး၊ ညီတူညီမျှတဲ့ တူညီတဲ့အခွင့်အရေးနဲ့ အတူတကွ နေထိုင်နိုင်ရေး သုံးချက်ကို အဓိက တောင်းဆိုသွားမှာပါ။
7 Day- ကချင်လူထုနဲ့ တွေ့ဆုံတဲ့အခါမှာ တကယ်လို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ရင်တောင် ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာအဖွဲ့တွေရှေ့မှာပဲ လက်မှတ်ထိုးသွားမယ် ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလည်း နည်းနည်းရှင်းပြပေးပါ။
၁၇ နှစ်တာ အတွေ့အကြုံက ကျွန်တော်တို့ကို အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တော်တော်အခက်အခဲဖြစ်စေတယ်။ အခု ကျွန်တော်တို့ ပြောနေတာက အပစ်အခတ်ရပ်စဲရေး စာချုပ်သော်လည်းကောင်း၊ တစ်စုံတစ်ရာစာချုပ်တွေ၊ ကတိက၀တ်တွေ ပြုကြတဲ့အခါမှာ ခိုင်ခိုင်မာမာနဲ့ သက်သေလုပ်ပေးနိုင်မယ့် အဖွဲ့အစည်း၊ နိုင်ငံတစ်ခုခုမရှိဘဲနဲ့ နှစ်ဖက်တည်းပဲလက်မှတ်ရေးထိုးတာမျိုး မလုပ်ဘူးဆိုတဲ့သဘောပါ။ အပစ်အခတ်ရပ်စဲရေးစာချုပ်လို့ ဖော်ညွှန်းတာမဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ယူအင်န်နဲ့ တရုတ်ကို အစည်းအဝေးထဲမှာ ၀င်မထိုင်ဘူးဆိုရင်တောင်မှ အစည်းအဝေးကို လာရောက်ပေးပါလို့ ဒီလိုနောက်ဆုံးမေတ္တာရပ်ခံခဲ့တာပါ။ အခုပြောချင်တာက ခိုင်ခိုင်မာမာနဲ့ဖြစ်အောင် Third Party တွေအနေနဲ့ ပါဝင်စေချင်တဲ့ သဘောပြောတာပါ။
7 Day- လူထုနဲ့ တွေ့ဆုံတဲ့အခါ မှာ လူထုရဲ့ သဘောထားမှတ်ချက်တွေ တောင်းတယ်လို့သိရပါတယ်။ အများစုက ဘာတွေကို ပြောကြပါသလဲ။ ဘယ်လိုအကြံတွေပေးပါသလဲ။
လူထုကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်မှာ မကျေနပ်ချက်တွေများပါတယ်။ သာမန်ပြည်သူလူထုပေါ့နော်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာတော့ ဦးစီးဦးဆောင်တဲ့ အလွှာရှိတယ်။ ဒီအလွှာနဲ့ ပညာတတ်လူတန်းစားတွေရဲ့ အမြင်ကလည်း အရေးကြီးပါ
တယ်။ အဲဒီတော့ ဒီဟာတွေကို ပေါင်းစပ်ပြီး ဖြစ်သင့်တဲ့အခြေအနေမျိုးကို ကျွန်တော်တို့ စနစ်တကျ ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။
7 Day-ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ကာချုပ်က အာဏာကုန်လွှဲအပ်လိုက်တယ် ပြောပါတယ်။ အဲဒီအချက်က ဆွေးနွေးခဲ့တဲ့အခါမှာ ဘယ်အတိုင်းအတာအထိ ထိရောက်မှုရှိခဲ့လဲ။ အဲဒါကို ဘယ်လိုသဘောရပါသလဲ။
အာဏာကုန်လွှဲအပ်တယ်လို့ပြောတာက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတည်ဆောက်နိုင်အောင် ပြောတာဖြစ်ပါလိမ့်မယ်။ အာဏာကုန်လွှဲအပ်တယ်ဆိုတဲ့ အသုံးအနှုန်းက သိပ်မဖြစ်နိုင်ဘူးထင်တယ်။ အခြေအနေအရ ညှိနှိုင်းရမယ့်ကိစ္စတွေ ရှိတာကိုး။ အချို့ကိစ္စတွေကို အပြီးအပြတ်အမိန့်ပေးလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။
7 Day- အခုမြစ်ကြီးနားကနေ လိုင်ဇာက ဌာနချုပ်ကို ပြန်ရောက်တာနဲ့ ဘယ်အလုပ်ကို စလုပ်သွားမလဲ။
ကျွန်တော်တို့ လူထုကို ဆွေးနွေးပွဲအကြောင်းချပြမယ်။ ပြီးရင် Technical Team တွေ ဖွဲ့ဖို့ အဓိကလုပ်သွားမယ်။ တစ်ပြိုင်တည်းမှာပဲ ရှေ့တန်းစခန်းတွေကို တိုက်ပွဲတွေထိန်းသိမ်းနိုင်ဖို့အတွက် ဒီဖြစ်စဉ်တွေ အကုန်လုံးချပြဖို့ရှိပါတယ်။
7 Day- ၀န်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဇူလိုင်လကုန်လောက်မှာ ကေအိုင်အိုနဲ့ အပစ်အခတ်
ရပ်စဲရေးလက်မှတ်ထိုးနိုင်မယ် ခန့်မှန်းတယ်လို့ ပြောသွားပါတယ်။ လက်မှတ်ထိုးနိုင်ဖို့ဘယ်လောက်အထိ ဖြစ်နိုင်ပါပြီလဲ။
အပစ်အခတ်ရပ်ဆိုင်းရေးကို ဇူလိုင်လကုန်လို့ တိတိကျကျ ပြောတာမဟုတ်ဘူးလို့တော့ ကျွန်တော်မြင်တယ်။ ၀န်ကြီးဦးအောင်မင်းပြောတာက အလုံးစုံအပစ်အခတ်ရပ်စဲရေးလို့ပြောတယ်။ ဒါပေမဲ့ ဒီအလုံးစုံအပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဝေါဟာရက သိပ်မရှင်းဘူး။ ကေအိုင်အိုက တောင်းဆိုတာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေးကို ကြေညာပေးပါ။ အဲဒီလို ကြေညာတဲ့အချိန်မှာ ကေအိုင်အိုဟာ ပြည်နယ်သားများ ကချင်လူမျိုးများနဲ့ ညှိမယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ညှိမယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုတဲ့ အယူအဆပေါ့။ အဲဒီတော့ ဒီဟာလည်း ပြန်ညှိဖို့ လိုပါသေးတယ်။ ဘယ်လိုပုံစံလုပ်မယ်ဆိုတာ အတိကျမပြောဘဲနဲ့ အခုပြောနေတာက နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုတာ မူအရသဘောတူတဲ့အတွက် ဒီသဘောထားတွေကို လက်ခံလိုက်တာဖြစ်ပါတယ်။
7 Day- စာမျက်နှာပေါ်ကနေတစ်ဆင့် တစ်နိုင်ငံလုံးက လူတွေနဲ့ ကချင်ပြည်နယ်သားတွေကို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သတင်းစကားတစ်ခုခုများ ပါးချင်တာရှိသလား။
ကေအိုင်အိုအနေနဲ့ကတော့ ကချင်ပြည်နယ်၊ ကချင်လူမျိုးတွေရဲ့ ကိစ္စအတွက် တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးမှုငြိမ်းချမ်းရေးအကုန်လုံး ထိခိုက်မှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒါပေမဲ့ ကချင်လူမျိုးတွေရဲ့ ရပ်တည်မှုနဲ့ ကချင်လူမျိုးတို့ရဲ့ ရပိုင်ခွင့်အတွက်ကလည်း ကျွန်တော်တို့ ကြိုးစားဖို့လိုပါတယ်။ ဒါကို အခြား အခြားသောတိုင်းရင်းသားများကလည်း နားလည်စာနာပြီးတော့ လိုအပ်တဲ့နေရာတွေမှာ
စာနာပေးဖို့၊ အကူအညီပေးဖို့ ကျွန်တော်တို့မေတ္တာရပ်ခံချင်ပါတယ်။ ကေအိုင်အိုအနေနဲ့က ကချင်တိုင်းရင်းသားများအပါအ၀င် အခြားတိုင်းရင်းသားရဲ့ ရပိုင်ခွင့်များကို တစိုက်မတ်မတ် တောင်းဆိုသွားဖို့ ကောင်းမွန်တဲ့ အဖြေရဖို့ ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
7 days news