Sunday, December 29, 2013

တပ်မတော်အရာရှိတစ်ဦးနှင့် ကုမ္ပဏီ သုံးခု အမေရိကန်က အမည်ပျက်စာရင်းသွင်း

,
မြောက်ကိုးရီးယား နိုင်ငံနှင့် စစ်လက်နက် ရောင်းဝယ်မှုတွင် ပါဝင်ခဲ့မှုဖြင့် မြန်မာ့တပ်မတော်
အရာရှိကြီး တစ်ဦးနှင့် ကုမ္ပဏီသုံးခုအား အမေရိကန်ပိတ်ဆို့မှု အမည်ပျက်စာရင်းတွင် ထည့်သွင်း
လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်
ကြေညာလိုက်သည်။
၎င်းထုတ်ပြန်ချက်အရ စက်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာနမှ ဦးစီးအရာရှိ ဒုဗိုလ်မှူးကြီး
ကျော်ညွန့်ဦးနှင့်အတူ စိုးမင်းထိုက် ကုမ္ပဏီ၊ Asia Metal Company Excellence Mineral
Manufacturing ကုမ္ပဏီတို့ ပါဝင်သည်။
အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ၏ မြောက်ကိုးရီးယားနှင့် စစ်လက်နက်ရောင်းဝယ်မှုအား ရပ်တန့်ရေး သဘောတူညီချက်
အား လိုက်နာမည်ဟု နိုင်ငံတကာအား ကတိပေးပြောကြားခဲ့သော မြန်မာနိုင်ငံအစိုးရအား ပစ်မှတ်
ထားခြင်းမဟုတ်ဘဲ ဒုဗိုလ်မှူးကြီး ကျော်ညွန့်ဦး ကိုသာ အဓိကပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြ
ထားသည်။
ယခုနှစ် ဇူလိုင်လက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံမှ ဒုဗိုလ်ချုပ်ကြီးသိန်းဌေးကိုလည်း
ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းမှုကို ကြေညာခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဒီလိုလှုပ်ရှားမှုတွေကို ဆက်လက်ပစ်မှတ်ထားသွားမှာ
ဖြစ်ပါတယ်။ မြောက်ကိုးရီးယားနိုင်ငံရဲ့ အန္တရာယ်ကြီးပြီး မတည်ငြိမ်မှုတွေ ဖြစ်ပွားစေတဲ့ လက်နက်
ရောင်းဝယ်မှုတွေ ကြီးထွားလာမှုကို ရပ်တန့်ဖို့ နိုင်ငံတကာန့် ဆက်လက်လုပ်ဆောင်သွားမှာ
ဖြစ်တယ်"ဟု အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး ဗျူရိုမှ ဒုအတွင်းရေးမှူး ဒေးဗစ်ကိုဟင်က ပြောကြား
ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအရေးယူမှုမှာ ၂၀၁၂ ခုနှစ် ဇူလိုင်တွင် ထုတ်ပြန်ခဲ့သော စီရင်ဆုံးဖြတ်ခွင့်အာဏာ အမိန့်အမှတ်
၁၃,၆၁၉ အား ဆက်လက်အသက် သွင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအမိန့်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံနိုင်ငံတွင် ငြိမ်းချမ်းရေး၊
လုံခြုံရေးနှင့် တည်ငြိမ်မှုအား ထိခိုက်သူမှန်သမျှအား ပိတ်ဆို့မှု ပြုလုပ်ရန် ၎င်းကိုယ်တိုင် လက်မှတ်
ရေးထိုးထုတ်ပြန်ပြီးသော အမိန့်ဖြစ်သည်။
မြောက်ကိုးရီးယား လက်နက်အရာရှိများမှာ စစ်လက်နက်များလက်ခံရာတွင် ပြည်တွင်းကုမ္ပဏီများ
ဖြင့် ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စိုးမင်းထိုက် ကုမ္ပဏီနှင့် Excellence Mineral Manufacturing ကုမ္ပဏီတို့မှာ ယခုနှစ် ဇွန်လတွင်
မြောက်ကိုးရီးယား အရာရှိများနှင့် လက်နက်တင်သွင်းမှုအတွက် ပူးပေါင်းခဲ့ကြပြီး Asia Metal
ကုမ္ပဏီမှာ ၂၀၁၂ ဒီဇင်ဘာလက စစ်လက်နက်ပစ္စည်းထုတ်လက်ရေးစက်ရုံ စက်ရုံအတွင်း
အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ ဆောက်လုပ်ရေးပစ္စည်း ထောက်ပံ့ပေးခြင်းတို့ကို
လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုကာလက စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် ခန့်မှန်းခြေ မြောက်ကိုးရီးယားလူမျိုး
၃၀ ခန့် အလုပ်လုပ်နေသေးသည်ဟုလည်း ဖော်ပြထားသည်။
ယခုနှစ် ဖေဖော်ဝါရီလ တွေ့ရှိချက်အရ စိုးမင်းထိုက် ကုမ္ပဏီမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး
စက်ရုံအတွက် ပြည်ပ ပစ္စည်းကိရိယာများအား နှစ် ၃၀ ခန့်ထောက်ပံ့ပေးနေသည်ဟု ထုတ်ပြန်ချက်
တွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတရုံးမှ အမည်မဖော်လိုသော အဆင့်မြင့်အရာရှိတစ်ဦးက ယခုအရေးယူမှုမှာ
၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင်ဖြစ်ပွားခဲ့သော မြောက်ကိုးရီးယားလက်နက်များ တင်ဆောင်ထားသော
မြန်မာနိုင်ငံသို့ ဦးတည်နေသည့် သင်္ဘောအား တိုကျိုဆိပ်ကမ်းတွင် ဖမ်းဆီးရခဲ့မှု၏ နောက်ဆက်တွဲ
အရေးယူမှုဖြစ်ကြောင်းပြောသည်။
"ဒါဟာ ကိစ္စအသစ် မဟုတ်ပါဘူး။ အရင် အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ သဘောတူညီမှုတွေ
စာချုပ်တွေရဲ့ လက်ကျန်ပါ။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ သဘောတူညီမှု အသစ်တွေ
စာချုပ်အသစ်တွေ လုပ်ထားထာမရှိပါဘူး"ဟု မြန်မာတိုင်း(မ်)သို့ ပြောသည်။
မြန်မာနိုင်ငံအစိုးရသည် မြောက်ကိုးရီးယားနိုင်ငံနှင့် စစ်လက်နက်ရောင်းဝယ်မှု ပတ်သက်မှုအား
ရပ်တန့်ရန်ကိစ္စကို အစိုးရအနေဖြင့် အမေရိကန်နိုင်ငံအပါအ၀င်၊ ကုလသမဂ္ဂ၊ အနောက်ဥရောပနိုင်ငံ
အပါအ၀င် ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံတို့အား ရှင်းရှင်းလင်းလင်းဖြေရှင်းဖြစ်သည့်အတွက် ယခု
ပိတ်ဆို့မှု အသစ်စာရင်းမှာ မြန်မာနိုင်ငံနှင့် ၎င်းနိုင်ငံများကြား ဆက်ဆံရေးအား ထိခိုက်စေမည်
မဟုတ်ကြောင်း ထိုအရာရှိက ပြောသည်။
Asia Metal ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဖြစ်သော ကိုထိန်လင်းက ယခုကဲ့သို့ပိတ်ဆို့ စာရင်း
တွင် ပါဝင်လာမှုအပေါ် အံ့အားသင့်ခဲ့သည့်အပြင် ယခုဖြစ်ရပ်မှာ ကုမ္ပဏီ၏ ပုံရိပ်နှင့် လုပ်ငန်း
ဆောင်တာများအား ထိခိုက်စေမည် ဖြစ်ကြောင်း မြန်မာတိုင်း(မ်)သို့ ပြောသည်။
"ဒါကို မှားယွင်းမှု တစ်ခုလို့ပဲ ယူဆပါတယ်။ ကျွန်တော်တို့ ပတ်သက်ခဲ့တာဆိုလို့ ၂၀၀၈ ခုနှစ်ကနေ
၂၀၁၀ ကြားမှာ စစ်လက်နက်စက်ရုံအတွက် ဂိုဒေါင်တွေ ဆောက်ပေးခဲ့တာပဲရှိတာပါ။ ကျန်တဲ့
တခြားပတ်သက်မှုတွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီက ဆောက်လုပ်ရေး ကုမ္ပဏီဆိုတော့
ဆောက်လုပ်ရေးလုပ်ခဲ့တယ်လို့ပဲ ယူဆခဲ့တာပါ။ အဲဒီလိုလုပ်တာဟာ နိုင်ငံတကာစည်းကမ်းချက်
တွေနဲ့ သွားငြီတယ်ဆိုတာကို အဲဒီတုန်းက နိုင်ငံကလည်းဒီလောက် မပွင့်လင်းသေးတော့ လုံးဝကို
မသိခဲ့ပါဘူး"ဟု ကိုထိန်လင်းက ပြောသည်။
ယခုလ ၁၆ ရက်နေ့က ဥရောပကောင်စီမှ ထုတ်ပြန်သော 'မြန်မာနိုင်ငံအပေါ် ကောင်စီ၏ အနှစ်ချုပ်
သုံးသပ်ချက် ပြင်ဆင်ပြီးမူကြမ်းတွင် မြန်မာအစိုးရအနေဖြင့် လက်နက်လျှော့ချရေးနှင့် လက်နက်
မပြန့်ပွားရေး ကဏ္ဍများတွင် သက်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များကို လိုက်နာရန်
ကောင်စီက တိုက်တွန်းထားသည်။
၂၀၁၃ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံး လာရောက်ခဲ့သည့်
တောင်ကိုးရီးယားသမ္မတ လီမြောင်ဘတ်နှင့် တွေ့ဆုံမှုတွင် မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုးရီးယား
နိုင်ငံနှင့် စစ်လက်နက် ရောင်းဝယ်မှုအား ၀န်ခံခဲ့ပြီး ထိုသို့စစ်လက်နက်ဆက်ဆံရေးကိုလည်း
ရပ်တန့်မည်ဟု သမ္မတ ဦးသိန်းစိန်က ကတိပေးခဲ့ကြောင်း နယူးယော့ခ်တိုင်း(မ်)သတင်းဌာနက
ဖော်ပြခဲ့သည်။
myanmar.mmtimes

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မတော်အရာရှိတစ်ဦးနှင့် ကုမ္ပဏီ သုံးခု အမေရိကန်က အမည်ပျက်စာရင်းသွင်း ”

Post a Comment

Related Posts Plugin for WordPress, Blogger...