Monday, December 30, 2013

ခေတ်သစ် သင်ပုန်းကြီး (၃၉)

,
နေ့စဉ်သတင်းစာ အချို့ ထွက်လာကြပြီ
တန်ဖိုးနည်းဂျာနယ်ဟု ဆိုသူက ဆို
အရည်အသွေးလျော့ တစ်ဖက်အသံဟု ပြောသူက ပြော
နာရေးကြော်ငြာနှင့် စီးပွားရေးကြော်ငြာစာမျက်နှာများပေါင်းချုပ်တွင်
မိုးလေဝသနှင့် နိုင်ငံတကာသတင်းကို ဖြည့်ကာ
နေ့စဉ်သတင်းတိုထွာ ပေါင်းပြီး
စတုတ္ထမဏ္ဍိုင်သိက္ခာကို ရေထိုးကြအံ့ဟု မှန်းသူက မှန်း
မည်သို့ပင်ဆိုစေ
ဝါဒဖြန့်ချိရေးဆေးခါးကြီးကို
ဆေးရောင်စုံနှင့်ကြော်ငြာသကြားခဲ အုပ်ကာ
ပြည်သူ့ဝန်ဆောင်မှုပါဟု လှည့်စားသည့် သတင်းစာများထက်
အသက်ပါသည့် စာမျက်နှာများ ဖြစ်ပေချိမ့်
မအံ့ဩနိုင်ပါတော့အံ့။

တစ်ခေတ်တစ်ခါက ဟာသ
သူခိုး ဖမ်းပါ၊ လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေသည်တဲ့
အလယ်ခေတ်မှာတော့
ထမိန်ရုပ်လျှင် -ီ-ျုပ်က ဖြစ်နေသည်ထိ
မှုခင်းသတင်းများအား ပြုံးစဖွယ် ဖန်တီးခဲ့
ယနေ့ခေတ်မှာမူ
အကြမ်းဖက်သူဆိုသည်မှာ
ခေါင်းတုံးရိတ်စွမ်းအားရှင်လည်း မဟုတ်
မုတ်ဆိတ်စွမ်းအားရှင်လည်း မဟုတ်
ဖြန်ဖြေသူ အစွန်းမရောက်များ ဖြစ်လိုဖြစ်
ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ ပါတီဝင်များ ဖြစ်လိုဖြစ်
နိုင်ငံသားများ အားကိုးချင်စဖွယ် ရဲများမှာလည်း
လူကြမ်းက မွှေသရမ်းပြီးသည်ထိ စောင့်ကောင်းကြဆဲ
မင်းသားအစွမ်း ပေါ်အောင် စောင့်ဟု ဆိုရအောင်ကလည်း
ပြေငြိမ်းရေးစကားဆိုသည့် ဆရာတော်ဘုရားနှင့် ဒေါင်းတမန်ကိုပင်
ဗောင်းလံအောင် စွပ်စွဲပြစ်တင်
အဘယ်မင်းသားကများ ပြေလည်ရေးတရား စွမ်းပေလိမ့်
အံ့ဩကုန်နိုင်ရပါပေ့။

လက်ပံတောင်းအပြီး ဆက်လာသည့် မငြိမ်မသက်မှုများကြောင့်
ရခိုင်ပြည်နယ်အရေး အစီရင်ခံစာမှာလည်း
ထွက်ရ အခက်ကြုံကာ ရက်ရွှေ့ဆိုင်း
ပြည်ပက အပြစ်တင်မုန်တိုင်းများထက်
ပြည်တွင်းက အစွန်းရောက်လေပွေများကို
အဖွဲ့တိုင်းလိုလို ကြောက်နေကြရ
သည်မျှနှင့်လည်း မပြီး
ကယ်ဆယ်ရေးခရီးနှင့် ကယ်ဆယ်ကူညီသူများမှာလည်း
ကယ်ဆယ်ရေးနည်းဗျူဟာအရေး ငြင်းကြခုန်ကြ
နောက်ကျမှ လာကယ်သူနောက်
ဒုက္ခရောက်သူများ လိုက်သွားသဖြင့်
လက်ဦးကယ်ဆယ်သူများက
ကျေးဇူးရှင်မဖြစ်လိုက်ရကောင်းနိုး ပူပန်သူ ပူပန်
ကယ်လိုက်ပုံ အဆင်မသင့်လျှင်ဟု ဝေဖန်သူ ဝေဖန်
ကယ်ချင်သူလူစေ့အား ကူညီသူကျေးဇူးရှင်ဖြစ်စေရန်အတွက်
ဒုက္ခသည်အမြောက်အမြား နေရာအနှံ့၌ ပေါ်စေသားဟု
ဆုတောင်းလို့ကလည်း မဖြစ်
သည်နှယ်သာ ညစ်စရာတွေ ပေါလျှင်ဖြင့်
သင်းတို့ထိုက်နှင့် သင်းတို့ကံ ခံရစ်ကြကုန်ရော့ဟု
ပြည်ပကျေးဇူးရှင်များက တွေးလာမည်ကိုပင်
စိုးရိမ်စရာ ဖြစ်လာရ
အံ့ဩရပါသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအားလုံး
ကျေးဇူးရှင်ခေါ်ရမည့်သူများကို အနည်းဆုံး တွေ့ရကာ
အမှန်တကယ် ကျေးဇူးပြုပေးကြမည့်သူများကိုသာ
ယခုမှစ၍ ထာဝရလျှင် အများဆုံးသာ
တွေ့ကြုံကြရပါစေသား။  ။
(.myanmarij)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခေတ်သစ် သင်ပုန်းကြီး (၃၉)”

Post a Comment

Related Posts Plugin for WordPress, Blogger...