Tuesday, December 31, 2013

ဒဏ်ရာရ သံဃာ ၃၀ နဲ့ လူပုဂ္ဂိုလ် ၃ ဦး မန္တလေးဆေးရုံမှ ဆင်း

,
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြနေကြတဲ့ သံဃာတော်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂၀၁၂၊ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်တိုက်သွင်း၊ အကြမ်းဖက်ခြင်းကြောင့် မန္တလေးတွင် ဆေးရုံတက် ဆေးကုသမှု ခံယူနေရတဲ့ ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ် တရာခန့်အနက် သံဃာ ၃၀ နဲ့ လူပုဂ္ဂိုလ် ၃ ဦးတို့ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း ဆေးရုံတက် သံဃာများအား ကူညီ စောင့်ရှောက်ပေးနေသူ ဦးပဉ္ဇင်း ဦးစန္ဒက ယနေ့မြန်မာကို အမိန့်ရှိပါတယ်။ ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးပဉ္ဇင်း ဦးစန္ဒက “ဆင်းမယ့် သံဃာ ၃၀ ရှိတယ်။ နောက်ပြီးတော့ လူက သုံးဦး ရှိတယ်။ ဒီနေ့ အပြီး ဆင်းပေးမှာပေါ့။ ဆေးရုံကနေ ဆင်းမယ်။ အခုတင်ပဲ စီစဉ်နေတာ။“ လို့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ၂၀၁၂၊ ဒီဇင်ဘာ ၄ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခန့်က ယနေ့မြန်မာကို မိန့်ကြားပါတယ်။ ဦးပဉ္ဇင်း ဦးစန္ဒက ဆက်လက်ပြီး ၂၀၁၂၊ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်း စာရင်းများအရ မန္တလေးတွင် ဆေးရုံတက် ဆေးကုသမှု ခံယူနေတဲ့ သံဃာ ၁၀၆ ပါး၊ လူပုဂ္ဂိုလ် ၁၀ ဦး ရှိကြောင်း၊ ဒဏ်ရာ ဆိုးရွားတဲ့ သံဃာ အပါး ၂၀ ခန့် ရှိကြောင်း၊ နောက်ထပ် တပတ်၊ ဆယ်ရက်ခန့် ဆေးကုသရမယ့် သံဃာ ၅၀ ခန့် ရှိကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။ မီးလောင်ဒဏ်ရာ ရရှိခဲ့ကြတဲ့ သံဃာတော်များအား ကနဦးက မုံရွာဆေးရုံတွင် ဆေးရုံတင် ကုသခဲ့ကြရာမှ နောက်ပိုင်းတွင် မန္တလေးကို ပြောင်းရွှေ့ ဆေးကုသခဲ့ကြတာ ဖြစ်ပါတယ်။ ဆေးကုသမှု ခံယူနေကြရတဲ့ သံဃာတော်များအား အကူအညီပေးရန်အတွက် မန္တလေးနဲ့ မုံရွာမြို့များတွင် သံဃာများ ပါဝင်တဲ့ အကူအညီပေးရေး အဖွဲ့တဖွဲ့စီ ဖွဲ့စည်းထားကြောင်းလည်း သိရပါတယ်။ သံဃာတော်များ မီးလောင်ဒဏ်ရာ ရရှိခြင်းနဲ့ ပတ်သက်လို့ မေးမြန်းကြည့်ရာ ဦးပဉ္ဇင်း ဦးစန္ဒက “ပထမဦးဆုံး မီးသတ်ကားနဲ့ ရေဖြန်းတာပေါ့နော်။ (ဦးပဉ္ဖင်း ကျတဲ့ ဂိတ်မှာပေါ့ နော်) ရေဖြန်းပြီးတော့ မီးလောင်ဗုံးနဲ့ ပစ်တယ်။ မီးလောင်ဗုံးနဲ့ ပစ်တယ်ဆိုတာ လက်နဲ့ ပစ်သလို မဟုတ်ဘူး ဒကာကြီး။ မီးရှူးမီးပန်း ပစ်သလို အဲဒီလိုမျိုး ပစ်တာ။ လက်နဲ့ ပစ်တာတော့ မဟုတ်ဘူး။ ရေကလည်း သာမာန်ရေလို မဟုတ်ဘူး ဒကာကြီး။ လပြည့်နေ့ညဆိုတော့ (မြင်ရတာ) ရေက မဲညစ်ညစ်ပုံစံမျိုးကြီး။ ဦးပဉ္ဇင်းတပါးရဲ့ မျက်မှန်ဆိုရင် အဲဒီ ရေ ထိလိုက်တာနဲ့၊ မျက်မှန်က သာမာန်ရှိတာက အနက်ရောင်ပေါ့နော်၊ အဲဒီ အနက်ရောင်ကို ဆတ်ကနဲ ဖြူသွားတာပဲ ဒကာကြီး။ အဲဒါ မီးလောင်ဗုံး မပစ်ရသေးဘူးပေါ့နော်။ မီးလောင်ဗုံး ပစ်တော့ ရေရှိတဲ့နေရာ မီးထ တောက်တာပဲ။“ လို့ ရှင်းပြပါတယ်။ မြန်မာရဲတပ်ဖွဲ့က သံဃာတော်များအား မီးလောင်တိုက်သွင်း၊ အကြမ်းဖက်ခြင်း ပြုလုပ်ပုံ၊ နေ့ရက်၊ အချိန် ရွေးချယ်ပုံ အပါအ၀င် စီစဉ် ဆောင်ရွက်မှုများဟာ စစ်တပ်တတပ်က ရန်သူတပ်စခန်းအား စနစ်တကျ အလစ်အငိုက် သိမ်းပိုက်ပြီး အမြစ်ပြတ် ချေမှုန်းတဲ့ ပုံစံနဲ့ အလားသဏ္ဍာန်တူနေတာကို တွေ့ရပါတယ်။ ထို့အပြင် သံဃာတော်များ အပါအ၀င် ဆန္ဒပြသူများအား မီးလောင်ကျွမ်းစေတဲ့ ကျည် ပစ်ခတ်ပုံဟာလည်း တမင်သက်သက် မီးလောင်ဒဏ်ရာ ရရှိအောင် စနစ်တကျ ပြုမူ ဆောင်ရွက်ခဲ့ပုံ ရပါတယ်။ ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လေ့လာသူတဦးက “မြန်မာအစိုးရအနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြတဲ့ သံဃာတော်များနဲ့ လူပုဂ္ဂိုလ်တွေကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် တမင်သက်သက် စနစ်တကျ လုပ်ခဲ့ပုံရပါတယ်။ အဲဒီလို လုပ်ရခြင်းရဲ့ နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းတစုံတရာတော့ ရှိပါလိမ့်မယ်။“ သုံးသပ်ပါတယ်။ မြန်မာရဲတပ်ဖွဲ့ရဲ့ မီးလောင်တိုက်သွင်း၊ အကြမ်းဖက်ခြင်းကြောင့် ဆေးရုံတက် ဆေးကုသနေတဲ့ သံဃာတော်နဲ့ လူပုဂ္ဂိုလ်များအနက် ရက်ကြာရှည် ဆေးကုသခံကြရမယ့် သံဃာတော် အပါး ၂၀ ခန့်ရဲ့ အခြေအနေကတော့ စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
(burmatoday)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဒဏ်ရာရ သံဃာ ၃၀ နဲ့ လူပုဂ္ဂိုလ် ၃ ဦး မန္တလေးဆေးရုံမှ ဆင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...