Sunday, December 29, 2013

ခရစ္စမတ်ပွဲက ကချင်အလံကို အာဏာပိုင်များ ဖြုတ်ခိုင်း

,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသော ခရစ္စမတ်ပွဲတွင် လွှင့်ထူထားသည့် ကချင် အမျိုးသားအလံအား မြစ်ကြီးနားမြို့ အာဏာပိုင်များက ဖြုတ်ခိုင်းခဲ့သည်။

မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ၁၄ ရက် စနေနေ့က စစ်ပြေးဒုက္ခသည်စခန်းများမှ ကလေးငယ်များ၏ စုပေါင်းခရစ္စမတ်ပွဲ မနောတိုင်ပေါ်တွင်လွှင့်တင်ထားသော ကချင်အမျိုးသားအလံ အားဖြုတ်ပေးရန် မြစ်ကြီးနားမြို့ အစိုးရအဏာပိုင်များက ပွဲတာဝန်ခံ မရန်ဇော်ယော် အားခေါ်ယူကာ အချိန်မိနစ် ၂၀ ကျော်ကြာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့က ကချင်အမျိုးသားအလံကို KIO/ KIA အလံ ထင်နေတာ ဒါကိုဘာဖြစ်လို့တင်တာလဲ ခရစ္စမတ်ပွဲမှာ ဒါနဲ့ ဘာဆိုင် လဲလို့မေးတော့ ဒါကကချင်အမျိုးသားရေး လက္ခဏာဖြစ်တယ် အရင်ကလည်း ဒီအလံကို ကိုင်တာ ဟုတ်တယ် ဒါမဲ့ပြီးခဲ့တဲ့အစိုးရက ကန့်သတ်ထား လို့ မကိုင်ခဲ့ဘူး အခုဒီမိုကရေစီခေတ်မှာ ဒါကိုကိုင်တာ ဟုတ်တယ် လို့ပြောတယ်။ မနောတိုင်မှာပါတဲ့ အနီး၊ အစိမ်းရောင်တွေကို ရှင်းပြတယ် KIA အလံနဲ့ ကချင်အမျိုးသား အလံကို ခွဲပြီးရှင်းပြတယ် ဒါမဲ့လက်မခံဘူး” ဟု KNG ကချင်သတင်းဌာနသို့ ပွဲတာဝန်ခံ မရန်ဇော်ယော် ပြောသည်။

ထို့နောက် မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးက ၁ နာရီချိန်တွင် အလံကိုဖြုတ်ရန်ပြောပြီး မြို့နယ်အုပ်ချုပ်ရေးရုံးမှ ပြန်ခဲ့ရာ ရဲစခန်းမှ ဖုန်းဖြင့် ၃ ကြိမ် ပြန်ဆက်ခဲ့ကြောင်းသိရသည်။

“ကော်မတီတွေနဲ့ပြောပြီး ဖြုတ်မယ်လို့ပြောခဲ့တယ် ဒါမဲ့ ဆုတောင်းပြီးတင်ထားတဲ့အလံကို ဆုတောင်း ပြီးပြန်ဖြုတ် မယ်လုပ်တော့ မဖြုတ်သေးဘူး အဲ့ချိန်မှာ ဖုန်း ၃ ခါဆက်တယ် ကဂျာအီး ကချာအီး အကြာကြီး တော့မလုပ်နဲ့ အကြာကြီးစံသွားရမယ် ဆရာကြီးစံသွားရမယ်ဆိုပြီး သွယ်ဝိုက်ပြောပြီး ချိန်းခြောက်ခဲ့တယ်” ဟုဆက်ပြောသည်။

မြန်မာအစိုးရသည် အနီရောင်နှင့် အစိမ်းရောင် ဓါးကြက်ခြေခတ် တပ်ထားသည့် ကချင်အမျိုးသားအလံကို အစိုးရ အဏာပိုင်များက KIO/ KIA အလံဟုသာသတ်မှတ်ထားသည်။

ပွဲကျင်းပရေး ကော်မတီက ကချင်အမျိုးသား အလံကို အခန်းအနား အစီအစဉ်အပြီးတွင် ပြန်လည် ဖြုတ်ပေးခဲ့သည်ဟု ပရိသတ်များက ပြောသည်။

စုပေါင်း ခရစ္စမတ်ပွဲသို့ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်း ၂၀ ကျော်မှ စစ်ပြေးဒုက္ခသည်ကလေးငယ် စုစုပေါင်း ၂၀၀၀ ကျော်သည်ပါဝင်ဆင်နွဲခဲ့သည်။
kachinnews

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခရစ္စမတ်ပွဲက ကချင်အလံကို အာဏာပိုင်များ ဖြုတ်ခိုင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...