ရန်ကုန် ဇန်နဝါရီ ၃
မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးရေး
အတွက် တဖြည်းဖြည်း ဖွင့်လှစ်လုပ်ဆောင် နေမှုမှာ မြန်မာ အစိုးရ အနေဖြင့်
မှန်ကန်ကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဆိုင်ရာ စီးပွားရေး ပညာရှင်
Khwima Nthara က ပြောကြားခဲ့သည်။
အဆိုပါ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးရေး အတွက်
လုပ်ဆောင်ရာတွင် နိုင်ငံခြား ဘဏ်များကို မြန်မာနိုင်ငံ အတွင်း အကန့်အသတ်
ဖြင့်သာ လုပ်ကိုင်ခွင့် ပြုခြင်းသည် အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သော
ငွေကြေးဆိုင်ရာ အခက်အခဲ များကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင်
ပြည်တွင်း ဘဏ်လုပ်ငန်း ကဏ္ဍများ ကိုလည်း ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အရေး
ရစေမည် ဖြစ်ကြောင်း သိရသည်။
''ပြည်ပ လုပ်ငန်းတွေ အနေနဲ့ မြန်မာ
နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမယ် ဆိုရင် ငွေကြေး ပမာဏ အရင်းအနှီး
အများကြီး လိုအပ်ပါတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့
အတွက် အကြံဥာဏ်တွေ ပေးနေပါတယ်။ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေမှာ နိုင်ငံခြား
ဘဏ်တွေရဲ့ အခန်း ကဏ္ဍကို အစိုးရက အသိအမှတ် ပြုမယ်ဆိုတာ ကျွန်တော် သံသယ
မရှိပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံခြား ဘဏ်များ ဝင်ရောက်မှု
အနေဖြင့် အာရှ နိုင်ငံများ အနက် အာဖဂန် နစ္စတန် အပြီး အဆင်းရဲဆုံး
နိုင်ငံဖြစ်သော မြန်မာနိုင်ငံ အတွင်း ခေတ်မီခြင်း မရှိတော့သည့် ဘဏ်လုပ်ငန်း
စနစ်ကို ပြုပြင်ပြောင်းလဲ လာနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြား ဘဏ်များသည်
နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး လိုအပ်သည့် ငွေကြေး ဝန်ဆောင်မှု များကို
ပြုလုပ် ပေးနိုင်မည် ဖြစ်သောကြောင့် မြန်မာ နိုင်ငံ၏ စီးပွားရေး
ဖွံ့ဖြိုးမှု ကိုလည်း များစွာ အရှိန်အဟုန် မြင့်တက် လာနိုင်ကြောင်း
၎င်းကသုံးသပ် ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း
နိုင်ငံတကာမှ ဘဏ်များသည် ကိုယ်စားလှယ် ရုံးခွဲများ ဖွင့်လှစ်ပြီး
ဖြစ်သော်လည်း ငွေကြေးဆိုင်ရာ အကြံပေးခြင်းမှ လွဲ၍ ဘဏ်လုပ်ငန်းများ
လုပ်ကိုင်ခြင်းနှင့် ဘဏ်ခွဲ ဖွင့်လှစ်ခြင်း များကို တားမြစ်ထားကြောင်း၊
ထို့အပြင် နိုင်ငံခြား ဘဏ်များကို နိုင်ငံအတွင်း တဖြည်းဖြည်း
ခွင့်ပြုသွားမည် ဖြစ်ပြီး သီးသန့် ဘဏ်ခွဲများ ဖွင့်လှစ်ခွင့် မရမီ
ပြည်တွင်း ဘဏ်များနှင့် ချိတ်ဆက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဗဟိုဘဏ်မှ စုံစမ်း သိရှိရသည်။
( myawady )


