၂၀၁၃ ခုနှစ်ဟာ မြန်မာစာနယ်ဇင်းလောက အတွက် အတော့်ကို ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ဆိုရပါ
မယ်။ တစ်နှစ်ပတ်လုံး ဆင်ဆာစနစ် မရှိဘဲ လွတ်လွတ်လပ်လပ် ရေးသား၊ ပုံနှိပ်၊ ထုတ်ဝေခွင့်ရတာ၊
နှစ်ပေါင်းများစွာအတွင်း နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ရပြီး အပြိုင်အဆိုင်
ထုတ်ဝေလာကြတာတွေဟာ အတော်ထူးခြားပါတယ်။
ဒီ အခြေအနေတွေအောက်မှာ ၀ါရင့် စာနယ်ဇင်းသမားတွေနဲ့ စာနယ်ဇင်းလောကကို စောင့်ကြည့်
အကဲခတ်နေကြသူတွေ ထင်သလို ဖြစ်ပေါ်ပြောင်းလဲ တိုးတက်လာပါရဲ့လား၊ ဘာတွေများ၏
ထူးခြားမှုတွေ ရှိနေသလဲဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ဆင်ဆာစနစ်မရှိဘဲ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် ရလာတာကတော့ အလွန့်အလွန် ထူးခြားချက်
ဖြစ်ပါတယ်။
ဒီအချက်ဟာ သတင်းရေးသားဖော်ပြရာမှာရော၊ စာအုပ် စာတမ်းပုံနှိပ် ထုတ်ဝေမှုမှာပါ အကျိုး
ကျေးဇူး အလွန်များခဲ့ပါတယ်။
အထူးသဖြင့် အနှစ်နှစ်အလလက ပိတ်ပင်ထားခဲ့တဲ့ စာအုပ်စာတမ်းတွေ ပြန်ထုတ်လာနိုင်သလို၊
အရင်က ပြည်ပမှာပဲ ပုံနှိပ်ထုတ်ဝေနိုင်တဲ့ စာအုပ်တွေလည်း ပြည်တွင်းမှာ ပြန်ထုတ်ဝေလာနိုင်ပါ
တယ်။
နိုင်ငံရေးဆိုင်ရာ စာအုပ်စာတမ်းတွေ၊ အရင် စစ်အစိုးရ တွေလက်ထက်က ဆိုးရွားရက်စက်လှတဲ့
အကျဉ်းထောင် မှတ်တမ်းတွေအထိ ထုတ်ဝေလာနိုင်တာ တွေ့ရပါတယ်။
ရာစုနှစ် တစ်ဝက်လောက် သမိုင်းကို အမှောင်ဖုံးအောင် တစ်ဖက်သတ် ၀ါဒဖြန့် စာအုပ်တွေပဲ
ထုတ်ဝေခဲ့ရာကနေ သမိုင်းမှန် အချက်အလက်မှန် စာအုပ်စာတမ်းတွေကို ထုတ်ဝေလာနိုင်တဲ့
အတွက် လုံးချင်းထုတ်ဝေရေး လောကကတော့ တိုးတက်မှု အရှိဆုံးလို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ ဧပြီ သတင်းစာတွေ ထုတ်ဝေခွင့်ပေးတော့လည်း ထုတ်ဝေခွင့်ပြုတဲ့ ပုံစံကိုရော၊ ဆင်ဆာ
မရှိဘဲ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်ကိုပါ အားလုံးက ကြိုဆို အကောင်းမြင်ခဲ့ကြပါတယ်။
ထုတ်ဝေခွင့်ပြုတဲ့ ပုံစံဆိုတာက တင်ပြသမျှ အားလုံးလိုလိုလောက်ကို ထုတ်ဝေခွင့်ပြုခဲ့လို့ပါ။
နောက် လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ် သတင်းစာဆိုတာ အခြားသော တစ်ပတ် တစ်ကြိမ်ထုတ်
ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ နှိုင်းယှဉ်ရင် အားသာချက် အများကြီးရှိတဲ့ အမျိုးအစားပါ။
သတင်းစာတွေ လွတ်လွတ်လပ်လပ် ထုတ်ဝေလာတဲ့အချိန် စာနယ်ဇင်းသမားတွေနဲ့ အကဲခတ်တွေ
ခန့်မှန်းခဲ့ကြတာကတော့ သတင်းစာနယ်ဇင်းလောကကြီး ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်၊ နေ့စဉ်
သတင်းစာတွေ ထုတ်ဝေနိုင်ပြီဖြစ်လို့ တစ်ပတ်မှ တစ်ကြိမ် ထုတ်ခွင့်ရတဲ့ သတင်းဂျာနယ်တွေ
တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားမယ်ဆိုတဲ့ မှန်းဆချက်ပါ။
အခုနှစ်ကုန်တဲ့အခါ အဲဒီ မှန်းဆချက် မမှန်ကြောင်း အချက်အလက်တွေ တွေ့မြင်လာကြရပြီဖြစ်ပါ
တယ်။
ပထမဦးဆုံးကတော့ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေရဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှုပါ။
နဂိုက ဂျာနယ်ထုတ်ရာမှာ အောင်မြင်ပြီး သတင်းစာထုတ်တဲ့ ထုတ်ဝေသူတွေရော၊ သတင်းစာကို
တိုက်ရိုက်ထုတ်တဲ့ ထုတ်ဝေသူတွေပါ နိုင်ငံတကာမှာ သတင်းစာ ထုတ်သလို ရေးသားဖော်ပြမှု
အပိုင်းမှာရော၊ စနစ်ကျတဲ့ စီးပွားရေး အဆောက်အအုံ တည်ဆောက်တဲ့ အပိုင်းမှာပါ အသေအချာ
ပြင်ဆင်မှု မရှိခဲ့ကြပါဘူး။
ထုတ်လုပ်မှု ကုန်ကျစားရိတ်နဲ့ ရောင်းဈေး ကွာဟမှု အကြားမှာ နေ့စဉ် အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်
လို့ ညည်းညူကြပါတယ်။
Business plan မရှိဘဲ ထုတ်ဝေခဲ့ကြလို့ ဖြစ်ရတဲ့ ပြဿနာပါ။
လွယ်လွယ်ပြောနေ ကြတာက ကြော်ငြာမရကြလို့ပါ။
အရင် ဂျာနယ်တွေ စပြီးထုတ်ဝေခဲ့စဉ်တုန်းကလို သတင်းစာကို ကောင်းအောင် ထုတ်မယ်၊
သတင်းစာ ကောင်းလာရင် စာဖတ်သူတွေ ကြိုက်လာရင် ကြော်ငြာက သူ့အလိုလို ရောက်လာ
မယ်ဆိုတဲ့ ရှေးရိုးလမ်းဟောင်း စိတ်ကူးကြောင့် ခုလို ပြဿနာကြုံကြရတာပါ။
တချို့ကတော့ ကြော်ငြာတွေ အများအပြားရနေတဲ့ အစိုးရသတင်းစာတွေကို အပြစ်မြင်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထုတ်ဝေနေတဲ့ သတင်းစာ ၁၅ စောင်ထဲမှာ အများစုဟာ ရှုံးတယ်လို့ ပြောဆိုကြ
ပါတယ်။
ဒါပေမဲ့ အခု နောက်ပိုင်း သတင်းစာတချို့ ကြော်ငြာတွေ ရလာပြီး အမြတ်အစွန်းလည်း ရှိလာနေ
ပါပြီ။
ဒါက သတင်းစာတွေရဲ့ အခြေအနေပါ။
နောက်ပြဿနာ တစ်ခုကတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
ဆင်ဆာအဖွဲ့မရှိတော့တဲ့အခါ ဘယ်သူမဆို ရေးချင်ရာရေးလို့ ရလာပါတယ်။
အထူးသဖြင့် အစိုးရနဲ့ အာဏာပိုင်အဖွဲ့တွေအကြောင်း ဘာရေးရေး တရားစွဲတာမျိုး တုံ့ပြန်မှု
မရှိတော့တဲ့အခါ ရေးသူတွေဘက်က အများကြိုက် သည်းခြေကြိုက် အ၀ါရောင် အရေးအသား
တွေနဲ့ ရေးသား ထုတ်ဝေလာကြပါတယ်။
သတင်း၊ သတင်းဆောင်းပါးတွေနဲ့ ပတ်သက်ရင် စနစ်တကျ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ရေးသား
ဖို့ မလိုလို့ ထင်မြင်သူတွေများလာပြီး လူတွေ စိတ်ဝင်စားအောင်ပဲ ပြူးပြူးပြဲပြဲရေးသူတွေများလာ
တာ တွေ့လာ ရပါတယ်။
အထူးသဖြင့် တစ်ပတ် တစ်ကြိမ်ထုတ် သတင်းဂျာနယ်တွေဘက်မှာ ဒီလို ပြဿနာ ပိုဖြစ်လာတာ
ပါ။
ခေါင်းစဉ်တွေကို ကြည့်လိုက်ရင် ခရိုနီတွေကို ဘင်္ဂလားပင်လယ်အော်ထဲ မျှောလိုက်မယ်၊ သမ္မတ
ကို တရားစွဲလိုက်မယ်၊ အရင် စစ်အာဏာရှင်တွေကို ခုံရုံးတင်ပစ်မယ်၊ မျိုးစောင့်ဥပဒေ မထောက်ခံ
သူတွေကို မဲမပေးဘူး စသဖြင့် လူပြိန်းကြိုက်မျက်နှာဖုံးတွေ ဖြစ်လာတာ တွေ့ကြရပါတယ်။
တကယ်လည်း ၀ယ်ဖတ်သူများတာ တွေ့ကြရပါတယ်။
ဒါကြောင့်လည်း သတင်းစာတွေ ထုတ်ဝေလာနိုင်ရင် အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ
တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ မှန်းဆချက်ကလည်း တဖြည်းဖြည်း
မှားတယ်ဆိုတာ တွေ့လာရပါတယ်။
နဂို အောင်မြင်နေတဲ့ ဂျာနယ်တွေ ဆက်ပြီး အောင်မြင်မှု ရနေရုံမက နောက်ထပ် ထုတ်ဝေတဲ့
ဂျာနယ်တချို့လည်း ဟုန်းခနဲ လူကြိုက်များ အောင်မြင်တာတွေတောင် ရှိခဲ့ပါတယ်။
ဒီအထဲမှာ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှု များတယ်လို့ ဝေဖန်ခံရတဲ့ 'သူရိယအလင်း' ဂျာနယ်
ဟာ ထင်ရှားပါတယ်။
စာနယ်ဇင်းလောကဈေးကွက် ခုလိုဖြစ် သွားရတဲ့ အခြေအနေဟာ လွတ်လပ်ခွင့်ရ လာတာ၊
တစ်ဆက်တည်း စာနယ်ဇင်းကျင့်ဝတ် ချောင်ထိုးခံရတာတွေနဲ့ ဆက်စပ်နေပါတယ်။
လက်ရှိ စာနယ်ဇင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းအသင်း MJA၊ စာနယ်ဇင်း ကွန်ရက်
MJN၊ စာနယ်ဇင်းသမဂ္ဂ MJU နဲ့ ယာယီ စာနယ်ဇင်းကောင်စီ အဖွဲ့အစည်း အားလုံးက စာနယ်ဇင်း
ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြတာ၊ စာနယ်ဇင်းလုပ်ငန်း လုပ်သူတွေ ကျင့်ဝတ်လိုက်နာ
လာအောင် စည်းရုံးဆောင်ရွက်တာမျိုးလုပ်တာ မတွေ့ရသလောက် နည်းပါတယ်။ (သိပ်မကြာ
သေးခင်တုန်းကတော့ စာနယ်ဇင်းကောင်စီဟာ အစည်းအဝေး တစ်ခု လုပ်ခဲ့တာတော့ ရှိပါတယ်။)
ဒီလို စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်တဲ့ လုပ်ရပ်မျိုး နေ့စဉ်ထုတ် သတင်းစာကြီးတချို့ကိုပါ
ကူးစက်ပြီး ကျင့်ဝတ်နဲ့မညီတဲ့ ရေးသားမှု လုပ်လာတာ၊ မခိုင်မာတဲ့ အချက်အလက်တွေနဲ့ စွပ်စွဲတာ၊
ကိုယ့်ဘာသာကိုယ် ဖန်တီးထားတဲ့ ကိန်းဂဏန်းတွေနဲ့ တစ်ဖက်သားကို ထိုးနှက်တာမျိုးအထိ
လုပ်လာတာတွေကိုလည်း တွေ့ကြရပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် လွတ်လပ်စွာ ရေးသားပုံနှိပ် ထုတ်ဝေနိုင်မှုဟာ ကောင်းကျိုးတွေ
အများကြီး ဆောင်ကြဉ်းလာသလို စာနယ်ဇင်းကျင့်ဝတ် ချောင်ထိုးခံထားရတဲ့ အနေအထား
အောက်မှာ အ၀ါရောင် ဖုံးလွှမ်းပြီး ပြည်သူ့မျက်စိ သဲနဲ့ပက်သလို ဖြစ်တာတွေ၊ အဆိပ်အတောက်
ဖြစ်စေတာတွေကလည်း တစ်နေ့တခြား များများလာတာကိုလည်း တွေ့ကြရပါတယ်။
စာနယ်ဇင်းသမားတွေကိုယ်တိုင် ဒါတွေကို ထိန်းသိမ်းတည့်မတ်နိုင်မယ့် နည်းလမ်း ရှာမတွေ့ဘူး
ဆိုရင်ဖြင့် ၂၀၁၄ ထဲမှာ စာနယ်ဇင်း အဆင့်အတန်း နိမ့်ကျကောင်း နိမ့်ကျလာနိုင်ပါကြောင်း
သုံးသပ် တင်ပြလိုက်ရပါတယ်။
(စည်သူအောင်မြင့်)myanmar.mmtimes