Monday, January 6, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

,
နေပြည်တော် ဇန်နဝါရီ ၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးချုပ် ပဒို စောကွယ် ထူးဝင်း၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် ပဒိုစောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောတာဒိုမူး၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟို ကော်မတီဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကိစ္စရပ်များနှင့် ဒီမိုကရေစီ လမ်းစဉ်နှင့်အညီ လျှောက်လှမ်း နေမှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်ဦးနှစ်ဖက် မကြာခဏ ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်ရေးတို့အား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
( thithtoolwin )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ”

Post a Comment

Related Posts Plugin for WordPress, Blogger...