မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်
ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်မည့်
နိုင်ငံတကာအဆင့်မီကုမ္ပဏီအား ယခုဘဏ္ဍာနှစ်အတွင်း
အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“နောက်ဆုံးအဆင့်လုပ်နေပါပြီ။ ဘယ်သူနဲ့ပေါင်းမလဲဆိုတာကတော့ နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှု လုပ်နေပြီးတော့ ဒါပြီးမှပဲ အဖြေပေးနိုင်မယ်ထင်ပါတယ်။ နောက်ဆုံးအဆင့်ကို အချိန်သိပ်မပေးနိုင်ဘူး။ သုံးလပဲပေးတဲ့အတွက်ကြောင့် မတ်လလောက်ဆို အဖြေထွက်မှာပေါ့”ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းထွန်းအောင်ကပြောသည်။
လက်ရှိတွင် နောက်ဆုံးအဆင့် အသေးစိတ်ဆွေးနွေးနေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း အပြီးရွေးချယ်မည်ဖြစ်ကာ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအရာရှိတစ်ဦးကပြောသည်။
နောက်ဆုံးအဆင့်ညှိနှိုင်းရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာပူးပေါင်းမည့်ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းနေခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းရပ်များနှင့် အနီးစပ်ဆုံးလုပ်ဆောင်နိုင်မည့်ကုမ္ပဏီကို ရွေးချယ်သွားမည်ဖြစ်သည်။ ညှိနှိုင်းသည့်ကုမ္ပဏီများတွင် ယခင်အော်ပရေတာနောက်ဆုံးအဆင့် ဆန်ခါတင်ရွေးချယ်ခံရသည့် KDDI ၊ Orange နှင့် Sintle တို့ပါဝင်ကြောင်း သတင်းရရှိသည်။
“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း သူတို့သွားဖို့သင့်လျော်တဲ့ Consutant တွေ ကျန်တဲ့ပုံစံပေါ့။ အဲဒီပုံစံနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Proposal ပြန်တင်ပေးနိုင်တဲ့ အဲဒါနဲ့နီးစပ်မှုရှိတဲ့ ဂျပန် KDDI Sumitomo ကို နောက်ဆုံးအဆင့်ညှိနှိုင်းတဲ့ပုံစံပေါ့။ မကြာခင်မှာပဲ ဒါကအဖြေထွက်မှာပါ”ဟု ဦးသန်းထွန်းအောင်ကပြောသည်။
မြန်မာ့ဆက်သွယ်ရေးကို အော်ပရေတာတစ်ခုအဖြစ် ပြောင်းလဲလုပ်ကိုင်ရာတွင် ဂျပန်နိုင်ငံအခြေစိုက် KDDI ဆူမီတိုမိုကော်ပိုရေးရှင်းနှင့် ပူးပေါင်းလုပ်ကိုင်သွားဖွယ်ရှိကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခုက ဇန်န၀ါရီလတွင် ဖော်ပြခဲ့သည်။
ဆွေမွန်(7.days News)