Tuesday, February 4, 2014

သမိုင်းသစ် ရေးမယ့်ပွဲ

,
လူတစ်ယောက်ချင်းမှာ သူဖြတ်သန်းခဲ့တဲ့ ခေတ်ကာလအတွင်း သူပြုမူဆောင်ရွက်ခဲ့တာတွေဟာ သူ့ရဲ့ သမိုင်းအဖြစ်နဲ့ ကျန်ရစ်ခဲ့သ လို နိုင်ငံတစ်ခုချင်းမှာလည်း ခေတ်ကာလအလိုက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ နိုင်ငံသမိုင်းအဖြစ် ကျန်ရစ်ခဲ့ပြီး နောက် မျိုး ဆက်သစ်တွေက ကောင်းသောသင်ခန်းစာအဖြစ်နဲ့သော်လည်းကောင်း၊ ဆိုးသောသင်ခန်းစာအဖြစ်နဲ့သော် လည်းကောင်း လေ့ လာ မှတ်သားကြရပါတယ်။
ပေထက်အက္ခရာ၊ကျောက် ထက်အက္ခရာ မတင်နိုင်သေးတဲ့ ခေတ်ကာလ (သမိုင်းမတင်မီ)က အဖြစ်အပျက်တွေကို ကျွန်တော် တို့ နောင်လာနောက်သားတွေ တိတိကျကျ မသိရှိကြရပေမယ့် သမိုင်းတင်လာနိုင်တဲ့ ခေတ်ကာလက စပြီး နိုင်ငံ့သမိုင်းဆိုတာ မှတ်တမ်း တင်ခဲ့ကြပါတယ်။
ဘယ်နိုင်ငံရဲ့ သမိုင်းကိုပဲ ကြည့်ကြည့် တစ်သမတ်တည်းတစ်ဖြောင့်တည်း ရှိခဲ့ကြတာမဟုတ်ပါဘူး။ မင်းကောင်း မင်းသစ်တွေ ရဲ့ ခေတ်မှာ နိုင်ငံတော်ဟာ စည်းလုံးညီညွတ်ပြီး အင်အား တောင့်တင်းမယ်။ ငြိမ်းချမ်းပျော်ရွှင်ပြီး ဆန်ရေစပါး ပေါများမယ်။ ယဉ်ကျေးမှု အနုပညာလက်ရာ ဖန်တီးမှုတွေ တိုးတက်ဖြစ်ထွန်းမယ်။ အဲဒီလို အချိန်ကာလအတွင်းမှာ စည်းစိမ်ရစ်ပြီး အာဏာ မက်တဲ့ မင်းဆိုး မင်းညစ်တွေ ပေါ် ပေါက်ခဲ့ပြီး အုပ်စုဖွဲ့ အာဏာလု နယ်မြေခွဲခြမ်းလုပ်ကြရင်း နိုင်ငံ တော်ဟာ တည်ငြိမ်မှု ပျက်ပြား၊ စည်းလုံးမှုလျော့ပါး၊ စီးပွားရေးယဉ်ကျေးမှုတွေ ပျက်သုဉ်းပြီး တိုင်းတစ်ပါး ကျူးကျော်တာကိုခံရကာ နိုင်ငံတော် ပျက်သုဉ်းခဲ့ကြရ တယ်။ အဲဒီလိုနဲ့ နိုင်ငံနဲ့ လူမျိုးကို တ ကယ် ချစ်မြတ်နိုးတဲ့ မင်းကောင်း မင်းသစ်ဟာ ပြိုကွဲနေတဲ့ နိုင်ငံ တော်ကို ပြန်လည်စည်းရုံး ထူထောင်ခဲ့ရတာတွေလည်း တွေ့ရပါလိမ့်မယ်။ အတက်အကျ၊ အနိမ့်အမြင့်ဆိုတာ လူတစ်ယောက်ချင်းရဲ့ သမိုင်းမှာရော နိုင်ငံ တစ်ခုရဲ့ သမိုင်းမှာပါ ရှိကြတာ သဘာဝပါ ပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကို ကြည့်မယ်ဆိုရင်လည်း ပထမနိုင်ငံတော်၊ ဒုတိယ၊ တတိယနိုင်ငံတော်ဆိုပြီး ပြိုကွဲ လိုက်၊ ပြန်လည်ထူထောင်လိုက်နဲ့ သမိုင်းရေစီးကြောင်း စီးဆင်းလာခဲ့ရာမှာ အခုလက်ရှိအနေအထားကတော့ ပြိုကွဲနေတဲ့ နိုင် ငံတော်ကို ပြန်လည်တည်ဆောက်ရေး ကာလ လို့ ပြောရမှာပါ။
အလောင်းမင်းတရားက တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်း သီပေါဘုရင် လက်ထက်မှာ တတိယမြန်မာနိုင်ငံတော်ဟာ အင်္ဂလိပ်ကျွန်ဘဝနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အာဇာနည်များနဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များက အင်္ဂလိပ်ကျွန်ဘဝကနေ နိုင်ငံတော်ကိုကယ်တင်ပြီး စတုတ္ထနိုင်ငံတော်ကို တည်ထောင်ခဲ့တယ်လို့ ပြောရမှာပါ။ စတုတ္ထမြန်မာနိုင်ငံတော်ဟာ ထူးခြားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမရှိခဲ့ဘဲ စစ်အာဏာရှင် လက်အောက်မှာ ကမောက်ကမ ချောက်ချောက်ချားချားနဲ့ ဆုတ်ယုတ်လာခဲ့ရာက ဆိုးရွားလွန်းမက ဆိုးရွား လာတဲ့အခါ တာဝန်သိ၊ တိုင်းချစ်ပြည်ချစ် ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး စတုတ္ထနိုင်ငံတော် (အာဏာရှင် နိုင်ငံတော်)ကို ၈၈ လူထုအုံကြွ မှု တော်လှန်ရေးဆင်နွှဲပြီး အဆုံးသတ်ခဲ့ရပါတယ်။ ဒီလိုဆိုတော့ ကျွန်တော်တို့ဒီကနေ့တည်ဆောက်နေတာက (တည် ဆောက်ဖို့ ကြိုးစားနေတာက) တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က အာဏာကိုင်စွဲပြီး အုပ်ချုပ်တဲ့ စနစ်ကနေ ပြည်သူလူထုက အာဏာကို ကိုင်စွဲပြီး ပဉ္စမနိုင်ငံတော်သစ် (ဒီမိုကရေစီနိုင်ငံသစ်) ကို တည်ထောင်ဖို့ ကြိုးစားနေတာလို့ ပြောရမှာပါ။
အဆိုးရွားဆုံးဖြစ်တဲ့ တိုင်းတစ်ပါး ကျွန်ဘဝကနေ လွတ်မြောက်ခဲ့ပြီးတဲ့နောက် ကိုယ့်မင်းကိုယ့်ချင်းနဲ့ နိုင်ငံတော် တည်ဆောက် ခဲ့ကြရာမှာ အမြင်ကျဉ်း မြောင်းမှု၊ အတ္တအကျိုး ရှေ့တန်း တင်လွန်းမှုတွေကြောင့် နိုင်ငံတော် ဟာ အခေါင်းသာ ပြောင်းတယ် အလောင်းဘဝက အလောင်းအ တိုင်းသာ နှစ်ပေါင်း ၆ဝ ကျော် ထပ်မံသေဆုံးခဲ့ရပါတယ်။ နှစ် ပေါင်း ၆ဝ သမိုင်းမှာ ပါဝင်ကပြခဲ့တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလည်း မရဏစခန်း မြန်းကြသူမြန်း၊ အိုမင်းတွင်းဆုံးဘဝ ရောက်နေကြသူတွေ ရောက်နေကြပါပြီ။ သေဆုံး သွားသူတွေလည်း မသေဆုံးခင်မှာ ကိုယ့်ရဲ့ အတ္တလွန်ကဲမှုကြောင့် နိုင်ငံသမိုင်းမလှ၊ တိုင်းသူပြည်သားတွေ ဖွတ်မွဲပြာကျ ဖြစ် ရတာကို မြင်တွေ့သွားခဲ့ရပြီး နောင်တပူပန်မှုတွေနဲ့ သေဆုံးခဲ့ကြရတာကို လေ့လာကြည့်ရင် သိပါလိမ့်မယ်။ သက်ရှိ ထင်ရှား ပုဂ္ဂိုလ်များလည်း ကိုယ့်ရဲ့အတ္တအကျိုး ကြည့်လွန်းမှု၊ လောဘဂတိ၊ ဘယာဂတိ၊ ဆန္ဒာဂတိ ဆိုတဲ့ အဂတိလိုက်စားမှုကြောင့် နိုင်ငံရဲ့ သမိုင်း မလှမပ ဖြစ်နေရ တာကို ကြည့်ပြီး နောင်တတွေ ရ နေကြမှာပါ။
ကျွန်တော်တို့ သမိုင်းကို သင်ယူကြတယ်ဆိုတာ တက္ကသိုလ် စာမေးပွဲတွေ အောင်မြင်ဖို့၊ နိုင်ငံရေး စင်မြင့်မှာ လေလုံးထွားဖို့ မဟုတ်ပါဘူး။ အတိတ်သမိုင်းထဲက အမှားအယွင်းတွေကို သင်ခန်းစာယူပြီး (နှလုံးသားနဲ့ ခံစားသိမ်းပိုက်ပြီး) မှန်ကန်တဲ့ နည်း လမ်းတွေနဲ့ နိုင်ငံရဲ့ သမိုင်းသစ်ကို ရေးကြဖို့ပါ။ အတိတ်သမိုင်းမှာရှိခဲ့တဲ့ မင်းကောင်းမင်းသစ်တွေရဲ့ နှလုံးသားကြီးမြတ်မှု၊ အတွေး အမြင် ကျယ်ပြန့်နက်ရှိုင်းမှုတွေကို နမူနာ ထားပြီး ကိုယ်ဖြတ်သန်းနေတဲ့ သ မိုင်းခေတ်ကို ပိုပြီးလှပအောင် ထု ဆစ်ကြဖို့ပါ။
သမိုင်း သင်ယူကြရတဲ့ အခါ မြန်မာ့သမိုင်းကို သင်ကြား လေ့လာကြရသလို ကမ္ဘာ့သမိုင်းကို လည်း သင်ယူကြရပါတယ်။ ကမ္ဘာ့ သမိုင်းကို သင်ယူရတာက ကိုယ့် နိုင်ငံရဲ့ သမိုင်းကို နိုင်ငံတကာရဲ့ သမိုင်း (ကမ္ဘာ့သမိုင်း) နဲ့ နှိုင်းယှဉ် ချိန်ထိုးကြည့်ပြီး ကိုယ့်နိုင်ငံ သမိုင်း ရဲ့ ပကတိအဖြစ်မှန်ကို သိနိုင်ဖို့ ပါ။ အာရှသမိုင်းကို သိခြင်းအား ဖြင့် ကျွန်တော်တို့ဟာ အာရှနိုင်ငံ အချင်းချင်းအကြားမှာ ဘယ်နေရာ ဘယ်အဆင့်အတန်းမှာ ရှိသလဲဆို တာ မှန်မှန်ကန်ကန်သိပြီး ကြိုးစား အားထုတ်ဖို့၊ အားမာန်တွေ ယူဖို့၊ မိမိရဲ့ ချို့ယွင်းချက်တွေကို ပြင်နိုင်ဖို့ပါ။ ကျွန်တော်တို့လို သူတစ်ပါးကျွန်ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေ၊ ကျွန်တော်တို့လို ကျွန်ဘဝက လွတ် မြောက် ပြီးနောက် ဘယ်လို ဖွံ့ဖြိုး တိုးတက်နေသလဲ၊ ဘာကြောင့် ဖွံ့ ဖြိုးတိုးတက်သလဲဆိုတာ သိဖို့ပါ။
ဒီကနေ့ နိုင်ငံတော်ရဲ့သမိုင်းသစ်ကို ရေးကြရာမှာ အရင်ခေတ်များနဲ့မတူတဲ့ စိန်ခေါ်မှုအသစ်တွေ အများကြီး ရှိနေပါတယ်။ နိုင်ငံတကာအလယ်မှာ မြန်မာ ရယ်လို့ တင့်တောင့်တင့်တယ် ရပ် တည်ချင်တယ်ဆိုရင် အတိတ်သ မိုင်းမှာ မှားခဲ့တဲ့ အတ္တအကျိုး ရှေ့ တန်းတင်လွန်းမှု၊ အမြင်ကျဉ်း မြောင်းမှုတွေကို စွန့်ပယ်ဝံ့ရပါလိမ့်မယ်။ အရာရာတိုင်းကို ကမ္ဘာနဲ့ ချီ ပြီး ရှုမြင်နိုင်ရပါလိမ့်မယ်။ ကမ္ဘာနဲ့ ချီပြီး ပြောင်းလဲသွားတဲ့ အုပ်ချုပ် ရေးပုံသဏ္ဌာန်၊စီးပွားရေးပုံသဏ္ဌာန်၊ ကုန်သွယ်မှုပုံသဏ္ဌာန် (စနစ်)၊ ပညာရေးစနစ် ဆိုတာတွေကို သိ နားလည်ပြီး ခေတ်ကာလနဲ့ လိုက် လျောညီထွေဖြစ်တဲ့ စနစ်ကို ကျင့် သုံးပြီး သမိုင်းသစ် ရေးကြရမှာပါ။
၂၁ ရာစုခေတ်ကို ကမ္ဘာ နဲ့ချီပြီး သုံးသပ်ပြောဆိုကြတာကတော့ ပညာခေတ်လို့ ဆိုကြပါ တယ်။ ပညာခေတ်ထဲမှာ ကျွန် တော် တို့ဟာ ပညာပြည့်ဝတဲ့သူ တွေကို နိုင်ငံရဲ့ တာဝန်အသီးသီးကို ထမ်းရွက်ခွင့် ပေးကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ သယံဇာတအ ရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတာကအစ ပညာမျက်စိနဲ့ ရှုမြင် ထုတ်ယူသုံးစွဲမှ အမှန်တကယ် ဖွံ့ ဖြိုးတိုးတက်မှု (ရေတို၊ ရေရှည် အ ကျိုးအမြတ်နဲ့ နိုင်ငံသားအားလုံး အကျိုးခံစားခွင့် ရှိမှု၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု) ရရှိနိုင်မှာ ဖြစ်ပါ တယ်။
အဲဒီလို စိန်ခေါ်မှုအပြည့် နဲ့ ရင်ဆိုင်နေရတဲ့ ခေတ်ကာလမှာ အမှန်တကယ်လိုအပ်တဲ့  အသိပညာ၊ အတတ်ပညာ မပြည့်ဝဘဲ ကိုယ်ကျိုး ရှေ့တန်းတင်သူတွေက နိုင်ငံရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး တာဝန်တွေကို ယူထားဦးမယ်ဆိုရင် မြန်မာ့သမိုင်းဟာ ကမ္ဘာ့သမိုင်း နဲ့ ဆန့်ကျင်ဘက်ကို သွားနေမှာ ဖြစ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆို တာ လုံးဝ(လုံးဝ) မဖြစ်နိုင်သလို ပိုပြီးနိမ့်ကျတဲ့ လူနေမှုဘဝ၊ ပညာ ရေးစနစ်၊ ယဉ်ကျေးမှုစနစ်တွေဆီ ရောက်သွားမှာပါ။
၂ဝ၁၅ ခုနှစ်မှာ ကျွန် တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းစာ မျက်နှာသစ် (နိုင်ငံတော်သစ်)ကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ အုပ် ချုပ်ရေးစနစ်ဟောင်း(အာဏာရှင်စနစ်) အဆိပ်သီးရဲ့ အရသာကို တမ်းတမ်းမက်မက် ဖြစ်နေသူတ ချို့က သမိုင်းစာမျက်နှာသစ်ကို မဖွင့်လှစ်ချင်ဘဲ သမိုင်းစာအုပ်အဟောင်းကြီး(ပုပ်အဲ့နံစော်နေသော သမိုင်းစာအုပ်ကြီး)ကို ဆက်လက် ရေးသားဖို့ ကြိုးစားနေကြ တာကို ကြားနေရပါတယ်။ အဲဒီလိုလူတွေကို ပြောချင်တာက ၂ဝ၁၅ ဟာ သမိုင်းရေးမယ့်ပွဲပါ။ မြန်မာပြည်သူလူထု တစ်ရပ်လုံး သာမက ကမ္ဘာ့ နိုင်ငံများမှာရှိတဲ့ မီဒီယာသမားများနဲ့ ပြည်သူတွေဟာ မျက်လုံးဒေါက်ထောက် ကြည့်နေကြပါတယ်။ ကျဉ်းမြောင်းတဲ့ အတွေးအမြင်နဲ့ အတ္တအကျိုးရှေ့တန်းတင်ပြီး ပြည် သူလူထုရဲ့ လိုအင်ဆန္ဒနဲ့ သမိုင်း ခေတ်ရဲ့ တောင်းဆိုမှုကို မျက်ကွယ် ပြုကာ ပုပ်အဲ့နံစော်နေတဲ့ သမိုင်း ဟောင်းကြီးကို ဆက်ရေးဖို့ ကြိုး စားဦးမယ်ဆိုရင် သမိုင်းတရားခံ အဖြစ် မှတ်တမ်းတင်ခံရပါလိမ့် မယ်။ မလျော်ကန်တဲ့နည်းလမ်းနဲ့ အာဏာရခဲ့ရင်လည်း မှားယွင်းနေ တဲ့ စနစ်ကြီးထဲမှာ ကိုယ်ရထားတဲ့ အာဏာဆိုတာ ရေပွက်ပမာထက် ပိုပြီး အနိစ္စသဘော ဆောင်တယ်ဆိုတာ သဘောပေါက်ဖို့ပါ။ တစ်ချက်လောက် ငဲ့ကြည့်ရင် သိပါလိမ့်မယ်။ အာဏာ လက်လွတ် ဖြစ်ပြီးမှ အိုမင်းတွင်းဆုံးရောက်မှ ကိုယ် ပြုခဲ့သမျှ သမိုင်းကြွေးတွေက ကိုယ့်ကိုလာပြီး ခြောက်လှန့်နေခဲ့ရမယ့် ဘဝမျိုး ကိုလည်း သတိသမ္ပ ဇဉ်နဲ့ တွေးမြင်ကြည့်ပါ။
၂ဝ၁၅ သမိုင်းစာအုပ်သစ်ရဲ့ ပထမဆုံး စာမျက်နှာမှာ အတ္တလို့ ရေးမှာလား ပရလို့ ရေး မှာလား။ နိုင်ငံ့တာဝန်ကို ပခုံးပေါ် တင်ထားသူများ ကိုယ့်ရဲ့ ပကတိ အခြေအနေကို 'ငါဘာလဲလို့' အ မှန်အတိုင်း မြင်ပြီး ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ မေးကြဖို့ပါ။
(ဘကံ)
http://www.zaygwet.com

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သမိုင်းသစ် ရေးမယ့်ပွဲ ”

Post a Comment

Related Posts Plugin for WordPress, Blogger...