Sunday, October 12, 2014

လွဲမှားသောထွက်ပေါက်ရှာဖွေမှုများ မဖြစ်စေလို

,
နိုင်ငံရေးမတည်ငြိမ်လျှင်၊ ပဋိပက္ခများဖြစ်ပွားနေလျှင် နိုင်ငံ့စီးပွားရေးနှင့် အခြေခံလူမှုဘ၀များအပေါ် သက်ရောက်လာမည်။ စီးပွားရေးမပြေလည်မှုနှင့် အထွေထွေသောအကျပ်အတည်းများက ထွက်ပေါက်ရှာသူများအတွက် လမ်းလွဲများသို့ တွန်းပို့ပေးနိုင်သည်။ အကျပ်အတည်းများ၊ ဖိစီးမှုများစသည့် အမျိုးမျိုးသောအဆင်မပြေမှုများက လူတစ်ဦးချင်းစီ၏ စဉ်းစားဆင်ခြင်ဥာဏ်နှင့် ဆင်ခြင်တုံတရားများကို လွှမ်းမိုးသွားနိုင်သည်။ ထိုသို့သောအခြေအနေများက မည်သို့သောကိစ္စရပ်ကိုမဆို သင့်၏ မသင့်၏ ချိန်ဆနိုင်စွမ်းများမရှိတော့ဘဲ မဖြစ်သင့်မဖြစ်ထိုက်သည့်ဖြစ်စဉ်များကို ဖြစ်ပွားစေကြောင်း မှုခင်းဖြစ်စဉ်အချို့က သက်သေပြနေသည်။
အထွေထွေအဆင်မပြေမှုများအတွက် နည်းမျိုးစုံသောထွက်ပေါက်များကို ရွေးချယ်လေ့ရှိကြသည်။ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းများ သို့တည်းမဟုတ် မိမိ၏အဆင်မပြေမှု မကျေနပ်ချက် ဒေါသအငြိုးအတေးအပေါ် အခြားသူအား ပုံချတိုက်ခိုက်ခြင်းများ စသည်တို့ဖြစ်လာသည်။ ဤသည်ကို လူသတ်မှု၊ လုယက်မှုဖြစ်စဉ်အချို့တွင် နမူနာအဖြစ် မြင်တွေ့နိုင်သည်။ "ရန်ကုန်မှာ လူတန်းစားပေါင်းစုံနေထိုင်ကြတယ်။ လူဦးရေကလည်းအရမ်းကိုများတယ်။ ဒါ့အပြင် စားဝတ်နေရေးနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် လူသတ်မှု၊ လုယက်မှုတွေ ပိုပြီးတော့ဖြစ်ပွားလာပါတယ်။ အဲဒီဖြစ်စဉ်တွေက ကျူးလွန်သူတွေကို ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေရှိသလို၊ စုံစမ်းနေတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။ ဥပမာ ပြီးခဲ့တဲ့နှစ်က ဖြစ်စဉ် ၂၈၀ လောက်ဖြစ်ခဲ့တယ်ဆိုရင် အခုနှစ်အတွင်းမှာ ဖြစ်စဉ်အရေအတွက် ၃၄၀ လောက်ဖြစ်လာတာ တွေ့ရပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမြင့်ထွေးက ပြောကြားထားသည်။

မွန်းကျပ်နေသော လူမှုအ၀န်းအ၀ိုင်းအတွင်း လွဲမှားသောထွက်ပေါက်ရှာဖွေမှုများ ပြုလုပ်လာကြသည်။ အချို့သည် မူးယစ်စေသော အရက်သေစာနှင့် မူးယစ်ဆေးဝါးများသုံးစွဲ၍လည်းကောင်း၊ အချို့ကစီးပွားရေးမပြေလည်မှုအပေါ် လွဲမှားသောနည်းလမ်းများဖြင့် လုယက်ခြင်းကဲ့သို့သောကိစ္စများကို ပြုလုပ်ကြသည်။ အဆိုးဆုံးက လူသတ်ပစ္စည်းလုခြင်းဖြစ်သည်။ အချို့က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ကြခြင်းဖြစ်ပြီး အချို့မှာ ရွေးချယ်စရာထွက်ပေါက်နည်းလမ်းအား စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိဘဲ ကြုံသလိုဖြေရှင်းလိုက်ကြခြင်းဖြစ်သည်။

"မှုခင်းဖြစ်စဉ်တွေကိုကြည့်ရင် အရက်သောက်ထားတာ၊ မူးယစ်ဆေးဝါးသုံးထားတာမျိုးတွေ တစ်ခုခုတော့ရှိနေတတ်တယ်။ ဒါမှမဟုတ် သူ့မှာ နဂိုကတည်းက တခြားစိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု ဒါမဟုတ် မကျေနပ်မှုတစ်ခုခုရှိနေတာမျိုးတွေ့ရပါတယ်။ အထူးသဖြင့် ဒီနှစ်ပိုင်းတွေမှာ စိတ်ကြွဆေးတွေ အများကြီးဖမ်းမိတယ်။ မူးယစ်ဆေးကြောင့် လူငယ်တွေဒေါသတွေထွက်ပြီး ချိန်းပြီးရန်ဖြစ်တာမျိုးတွေ လူသတ်တာတွေ ဖြစ်မှာစိုးရပါတယ်။ ကျေအေးလောက်တဲ့အရာတွေကို သည်းမခံနိုင်ဘဲဖြစ်နေကြတာတွေ့ရတဲ့ အခါအထက်ကပြောသလို အကြောင်းရင်းတစ်ခုခုရှိနေပြီဆိုတာ ခန့်မှန်းလို့ရပါတယ်။
မူးယစ်ဆေးဝါးကြောင့်ဖြစ်ရင်တော့ လူငယ်တွေကို ပညာပေးဆွေးနွေးဖို့တော့လိုတယ်" ဟု ဆေးတက္ကသိုလ် (၁) ရန်ကုန်၊  စိတ်ကျန်းမာပညာဌာန (အငြိမ်းစား)  စိတ်ကျန်းမာပညာအထူးကုနှင့် အရက်ဆေးစွဲအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ကြီးကလည်း သုံးသပ်ပြောကြားဖူးသည်။

ယခုအခါတွင် အေအိုင်ဒီအက်စ်၊ မူးယစ်ဆေးစွဲသူများနှင့်ပတ်သက်၍ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းအစီအစဉ်များ ပြုလုပ်လာကြသည်။ ယင်းအပြင် အခြားသောလူမှုနယ်ပယ်ရပ်များတွင်လည်း တိုးချဲ့လုပ်ဆောင်သင့်ပါသည်။ သို့ပါ၍ အဘက်ဘက်ကပြောင်းလဲမှုများဖြင့် ရှေ့သို့သာဦးတည်နေရာတွင် "ပလိုင်းပေါက်နှင့် ဖားကောက်" သကဲ့သို့မဖြစ်စေရန် လွဲမှားသောထွက်ပေါက်ရှာဖွေမှုများအား ဟန့်တားဖြေရှင်းရန် မမေ့သင့်ပါကြောင်း The Daily Eleven သတင်းစာကရေးသားအပ်ပါသည်။


(အောက်တိုဘာလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လွဲမှားသောထွက်ပေါက်ရှာဖွေမှုများ မဖြစ်စေလို ”

Post a Comment

Related Posts Plugin for WordPress, Blogger...