Sunday, September 3, 2017

မောင်နီကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များသည် အကြမ်းဖက်မှုကို လိုလားခြင်းမရှိ

,

"ကျွန်တော်တို့က အကြမ်းဖက်မှုကိုလည်း မလိုလားပါဘူး၊ အကြမ်းဖက်သမားတွေကို
ဖမ်းပေးဖို့ ကျွန်တော်တို့ရွာမှာ အဖွဲ့တွေ ဖွဲ့ထားပါတယ်" (ဦးအဒူရော်မံ)

မောင်တောမြို့ ကညင်တန်းမြို့မအုပ်စုရှိ အစ္စလာမ်ဘာသာဝင်မိသားစု ၇ဝဝဝ ခန့် နေထိုင်လျှက်ရှိသည့် မောင်နီကျေးရွာတွင် သြဂုတ် ၂၉ ရက် နံနက် ၁ နာရီခန့်က ကျေးရွာအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများသုံးစွဲ၍ အကြမ်းဖက်မှုများပြုလုပ်ရန် ဓားများကိုင်၍ ဝင်ရောက်လာသည့် လူငယ်နှစ်ဦးကို ကျေးရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံခဲ့သည်။

မောင်နီကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များသည် အကြမ်းဖက်မှုကို လိုလားခြင်းမရှိဘဲ အေးချမ်းစွာ နေထိုင်လိုကြပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကာကွယ်ရန်အတွက် ကျေးရွာအတွင်း အဖွဲ့အစည်းများဖွဲ့၍ နေ့ညမပြတ် စောင့်ကြည့်ဆောင်ရွက်လျှက်ရှိရာ ၄င်းရွာသို့ သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့များ သွားရောက်၍ ကျေးရွာမှ တာဝန်ရှိသူတစ်ဦးနှင့် မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

#ဦးအဒူရော်မံ
ကညင်တန်းမြို့မအုပ်စု
မောင်တောမြို့

မေး။ ။ မောင်တောမြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့   ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လက်ရှိ ဘယ်လိုနေထိုင်နေရတယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။  ဒီရွာမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေပဲ နေကြပါတယ်။ ကျွန်တော်တို့ရွာက မောင်တောမြို့နဲ့ မိုင်ဝက်လောက်ပဲ ဝေးပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရွာက ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့က အကြမ်းဖက်မှုကိုလည်း မလိုလားပါဘူး။ အကြမ်းဖက်သမားတွေကိုဖမ်းပေးဖို့ ကျွန်တော်တို့ ရွာမှာအဖွဲ့တွေ ဖွဲ့ထားပါတယ်။ နေ့ည ဆောင်ရွက်နေပါတယ်။

မေး။ ။  လက်ရှိ ရွာရဲ့အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။  ရွာရဲ့အနေအထားက အေးအေးဆေးဆေးရှိပါတယ်။ ‘ဒါပေမယ့် ဈေးတွေ ဘာတွေ မသွားတာတစ်ခုတော့ရှိပါတယ်။ မြို့ပေါ်ကိုမသွားပေမယ့် ကျွန်တော်တို့ ရွာထဲမှာတော့ ဈေးဆိုင်တွေ ဖွင့်ထားပါတယ်။ ကျွန်တော်တို့ရွာမှာက အကြမ်းဖက်မှုကို အားလုံးက မလိုလားပါဘူး။ ရွာသားတွေအားလုံးက အကြမ်းဖက်မှုကို မလိုလားပါဘူးလို့ ကျွန်တော့်ကို လာပြောတဲ့အတွက် အဲဒီအကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဆင့်ကဲဆင့်ကဲ တင်ပြထားပါတယ်။ ရွာမှာ လူဦးရေ ၇ဝဝဝ နီးပါးရှိပါတယ်။ အိမ်ထောင်စုက ၇ဝဝ ကျော် ရှိပါတယ်။ အားလုံးအကြမ်းဖက်မှုကို မလိုလားတာပါ။

မေး။ ။  ရွာမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေးအခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။  တပ်ရော၊ ရဲရော၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရော အားလုံးက လုံခြုံရေးအတွက် တာဝန်ယူ အကူအညီပေးနေပါတယ်။ ရွာက ပုံမှန်အတိုင်း ရှိနေပါတယ်။ လူတွေအားလုံး ရှိပါတယ်။ ကျွန်တော်တို့ရွာက ရပ်မိရပ်ဖနဲ့ပူးပေါင်းပြီး အကြမ်းဖက်နှစ်ယောက်ကို ကျွန်တော်တို့ ဖမ်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ရွာမှာ “ဓားတွေနဲ့ လွန်ခဲ့တဲ့သုံးရက်လောက်က သောင်းကျန်းနေလို့ပါ။ ဒေသခံတွေက ကျွန်တော်တို့ကို ခြိမ်းခြောက်တာ၊ ရန်ပြုတာ  လုံးဝမရှိပါဘူး။ ကျွန်တော်တို့ အန္တရာယ်မရှိပါဘူး။

မေး။ ။  မတူညီတဲ့သူတွေ အတူတကွ နေထိုင်နိုင်ဖို့အတွက် ဘယ်လိုမျိုး  ပြင်ဆင်ထားပါသလဲ။
ဖြေ။ ကျွန်တော်တို့က ရခိုင်တိုင်းရင်းသားတွေနဲ့လည်း ညီအစ်ကိုလို၊ မိသားစုလို နေထိုင်ကြပါတယ်။ အခုလည်း ကျွန်တော်တို့ကို ဖုန်းတွေဘာတွေ ဆက်ပါတယ်။

ယမန်နေ့က ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿွဟာ (ကုရ်ဘာနီ အီးဒ်) နေ့တွင် မောင်နီရွာရှိ အလယ်ဗလီနှင့် ကာဆိမ်းဗလီတို့တွင် ဗလီတက် ဝတ်ပြု ဆုတောင်းခြင်းနှင့် တရားဟောပြောခြင်းတို့ကို
လွတ်လပ်အေးချမ်းစွာ ပြုလုပ်နိုင်ခဲ့ကြောင်း
သိရသည်။

Ly Mo News

မြန်မာ့အလင်း သတင်းအဖွဲ့

https://m.facebook.com/story.php?story_fbid=525307944488774&id=100010287191790

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မောင်နီကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များသည် အကြမ်းဖက်မှုကို လိုလားခြင်းမရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...