Sunday, November 26, 2017

"ကာချုပ်အရည်အချင်းမရှိတဲ့ မင်းအောင်လှိုင်"

,
နိုင်ငံတကာရဲ့ professional army စံကို ရှောင်လွဲချင်လို့ standard army ဆိုပြီး ဟိတ်ဟန်ထုတ်ပေမဲ့ ဒီနေ့ခေတ် Standard မဟုတ်တဲ့တပ်မတော်ရဲ့ standard မမှီတဲ့ စစ်ခေါင်းဆောင်ကတော့ ဗိုလ်ချုပ်မှူးကြီး ဆိုသူ မင်းအောင်လှိုင်ဖြစ်ပါတယ်။

သူ့ကိုယ်သူ Standard army ရဲ့ ကာချုပ်လို့ သတ်မှတ်ထားတာ တကယ်ဘဲ ဂုဏ်နဲ့ဒြဗ် ဟပ်မိရဲ့လား။ စစ်မှန်တဲ့ကာချုပ် ဟုတ်ရဲ့လား။ ကာချုပ်တယောက်မှာ ရှိရမယ့် အုပ်ချုပ်ရေးစွမ်းရည်၊ စစ်ရေးစွမ်းရည်တွေ အပြည့်အဝရှိရဲ့လား။ အပတ်စဉ်တူတွေ၊ ခေတ်ပြိုင် contemporary တွေက ကာချုပ်လို့မခေါ်ကြဘဲ ‘ကြောင်ချီး’ လို့ဘဲ ခေါ်နေကြတာ ဘာ့ကြောင့်လဲ။ သူ့သမိုင်းတခုလုံးကြည့်ပြီး ဆန်းစစ်ဖို့လိုပါတယ်။

ကာချုပ်မဖြစ်ခင် ကစထမှူးဘဝနဲ့ ၂၀၀၉ မှာ ကိုးကန့်ကိုတိုက်ခဲ့တာ သူ့အောင်ပွဲလို့ ကြွားနေခဲ့တယ်။ တကယ်တော့ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ်သိန်းထွန်း (တေဇအပတ်စဉ် ၁၀) ရဲ့ အစီအမံနဲ့ ကိုးကန့်တပ် ကို မောင်းထုတ်နိုင်ခဲ့တာဖြစ်တယ်။ အဲ့ဒီတုန်းက ကိုးကန့်ဆီကလက်နက်အများအပြားသိမ်းရခဲ့တယ်။ လက်နက်စက်ရုံတွေပါ သိမ်းရခဲ့တယ်။ အဲ့ဒီတိုက်ပွဲမှာ တရုတ်ရဲ့ပူးပေါင်းပါဝင်မှု အကူအညီကလဲ အင်မတန် အဓိကကျခဲ့တယ်။ ကိုးကန့်စစ်ဦးစီးချုပ် ဖုန်ကျားဖူးကို တရုတ်က ၂ ရက်လောက် ဖမ်းထိန်းထားလို့ သူ့တပ် တွေဆီ ပြန်လာကွပ်ကဲခွင့်မရတာ၊ UWSA ဝ တပ်တွေ မဟာမိတ်ဖုန်ကျားရှင်း ဘက်ကကူဖို့ ဝင်လာတာကို တရုတ်ကအတင်းဖိအားပေးပြီး ပြန်ထွက်ခိုင်းတာ၊ တရုတ်နယ်စပ်ကျော် ပြေးလာတဲ့ ကိုးကန့်တပ်တွေကို တရုတ်က အားလုံးလက်နက်ဖြုတ်သိမ်းတာတွေကြောင့် MNDAA အပေါ် အချိန်တိုအတွင်း အလွယ်နဲ့ အောင်ပွဲရခဲ့တာဖြစ်တယ်။ ဒါပေမဲ့လဲ ကိုးကန့်မှာ အောင်ပွဲရတယ်ဆိုပြီး အဲ့ဒီအချိန်က တပ်ချုပ်ကြီး သန်းရွှေရဲ့ မျက်နှာသာပေးမှု ခံခဲ့ရတယ်။ လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ချီးမြှောက်ခံခဲ့ရတယ်။

ဒါပေမဲ့ စစ်နိုင်အောင် တကယ်တိုက်ခဲ့တဲ့ ဗိုလ်သိန်းထွန်းက သူ့ကို ရိုကျိုးမှုမရှိဘဲ လွတ်လွတ်လပ်လပ် ရပ်တည်လို့ မင်းအောင်လှိုင်ကမကြိုက်ဘူး။ တကယ်တော့ သိန်းထွန်းဟာ ၂၀၀၉ ကိုးကန့်စစ်ဆင်ရေးမှာ မင်းအောင်လှိုင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်းလုပ်နေရင် နိုင်မှာမဟုတ်လို့ ကိုယ့်ဖာသာထိုးထွင်း လုပ်လို့ အောင်မြင်ခဲ့တာဖြစ်တယ်။ သိန်းထွန်းက အာခံတယ်၊ ကလန်ကဆန်လုပ်တယ်လို့ ငြှိုးထားပြီး တိုင်းမှူးရာထူးတက်မပေးဘဲ ရဲကိုရွှေ့ပစ်လိုက်တယ်။ ဗိုလ်မှူးချုပ်သိန်းထွန်းကလဲ ရဲမှာ ၃-၄ နှစ်ဘဲလုပ်ပြီး ထွက်ပစ်လိုက်တယ်။ မိန်းမက စီးပွားရေးလုပ်တတ်တော့ ကိုယ်ပိုင်ငွေအတော်ရှိတဲ့အတွက် ကိုယ့်ငွေနဲ့ကိုယ် ဥရောပတိုက်တခွင် ပြဲပြဲစင်အောင် အပျော်ခရီးထွက်တာတွေ လုပ်ပြလိုက်တယ်။

မင်းအောင်လှိုင်ကတော့ သိန်းထွန်းနဲ့ပြိုင်ဘက် မြထွန်းဦးကိုဘဲ သန်းရွှေထောက်ခံချက်နဲ့ တပည့်မွေးပြီး နေရာပေး မြှောက်စားခဲ့တယ်။

ဒါပေမဲ့ ကာချုပ်ဖြစ်လာပြီးနောက် မင်းအောင်လှိုင်အရည်အချင်းတွေဟာ KIA နဲ့ တိုက်ပွဲကြီးတွေမှာ ထင်ထင်ရှားရှား စပေါ်လာခဲ့တယ်။ ဗမာတပ်တွေ အလူးအလဲခံရပြီး ဆုံးရှုံးမှုတွေကြီးခဲ့တယ်။ သေကြေဒဏ်ရာ အပြင် စစ်ရှုံးလို့ သို့မဟုတ် စစ်ပြေးလို့ အရာရှိအဆင့်အထိ စစ်ခုံရုံးတင် ထောင်ချခံရတာတွေပါ မနည်းမနောရှိခဲ့တယ်။ KIA အင်အားကတော့ သောင်းဂဏန်းထိ ရောက်သွားတယ်။

၂၀၁၅ မှာ တကျော့ပြန်ကိုးကန့်တိုက်ပွဲတွေပေါ်လာပြီး ၂၀၁၅ ဖေဖော်ဝါရီ-မတ်မှာတခါ၊ ၂၀၁၆ နိုဝင်ဘာ-ဒီဇင်ဘာမှာတခါ၊ ၂၀၁၇ မတ်လမှာတခါ ‘ဗိုလ်ချုပ်မှူးကြီး’မင်းအောင်လှိုင်ရဲ့တပ်တွေ အကြီးအကျယ်ခံရ တယ်။ မင်းအောင်လှိုင်နဲ့မြထွန်းဦးတို့ အသုံးမကျလို့ လုံးဝလက်ဦးမှုမဲ့ခဲ့တယ်။ ဒီလိုနဲ့ ၂၀၀၉ မှာ လုံးဝပြုတ်သွားပြီ စာရင်းပြခံရတဲ့၊ ၂၀၁၅ မှာ အမြှောက်တွေပစ်ပါ အမြှောက်တွေပစ်ပါ ဆိုပြီး အပြင်းထန်ဆုံး ထိုးနှက်တိုက်ခိုက်ခံရတဲ့၊ အင်အား ၁၀၀၀ မပြည့်ခဲ့တဲ့  MNDAA ဟာ ပြိုမသွားဘဲ အခု ၂၀၁၇ နှစ်စမှာ အင်အား ၅၀၀၀ နားကပ်သွားပြီဖြစ်တယ်။

၂၀၀၅ တုန်းက အကြွင်းမဲ့လက်နက်ချလိုက်ရတဲ့ ပလောင်တပ်ဟာလဲ ၂၀၁၂ ခုမှာ လူ ၂၂ ယောက် သေနတ် ၂၂ လက်နဲ့ ပြန်ထူထောင်လိုက်တာ နာမယ်ကြီး တပ်မ ၇၇ တပ်မ ၈၈ တပ်မ ၉၉ တွေ ထိုးစစ် ဆင်နေတဲ့ကြားက အခုဆိုရင် အင်အား ၇၀၀၀ ကျော်သွားပြီ။

AA အဖွဲ့ဟာလဲ မင်းအောင်လှိုင် ကာချုပ်ဖြစ်နေတဲ့ကာလမှာဘဲ အင်အား သုညကစခဲ့တာ အခု ၃၀၀၀ ကျော်သွားပြီး ဗမာပြည်မြောက်ပိုင်းကနေ အဖ ရခိုင်ပြည်မှာ ပြန်ခြေချနိုင်ခဲ့တယ်။

ဗမာပြည်တောင်ပိုင်းမှာလဲ DKBA အင်အား ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းငယ်လောက်ကို ဘာမှ လုပ်မရခဲ့ဘဲ အရှက်ကွဲခဲ့တယ်။

ဗမာ့တပ်မတော်က ဒါလောက် တပ်မတွေ လက်နက်ကြီးတွေ အမြောက်တွေ လေယာဉ် ရဟတ်ယာဉ်တွေ အကြီးအကျယ်သုံးနေတဲ့ကြားက တဖက်ရန်သူ တိုင်းရင်းသားတပ်တွေ ဘာလို့ ကြီးထွားလာတာလဲ။
ဗမာစစ်တပ်က ရန်သူ့စခန်း ပွိုင့်တကုန်း နှစ်ကုန်းသိမ်းရလို့ နိုင်တယ်ပြောပေမဲ့ သုံးစွဲတဲ့ပစ်အား၊ ကုန်ကျစားရိတ်၊ နှစ်ဖက်ဆုံးရှုံးမှုနှိုင်းယှဉ်ချက်၊ နိုင်ငံရေးရလဒ်တွေအရကြည့်ရင် ၂၀၁၀ နောက်ပိုင်းတိုက်ပွဲအားလုံးမှာ မင်းအောင်လှိုင်တပ် အရှုံးပြတာချည်းဖြစ်တယ်။

ဥပမာတခုပြရရင် ၂၀၁၆ ဧပြီလကနေ ၂၀၁၇ မတ်လအထိ တနှစ်နီးပါးနားခဲ့ပြီး ၃ လကြာလေ့ကျင့်ခဲ့တဲ့ တပ်မ ၆၆ ဟာ ကိုးကန့်ကို ရောက်တော့ ၇ ရက်အတွင်း ၉၀ ကျော်သေ၊ ၃၀၀ ကျော်ပြုန်းတီး၊ ၁၅ ရက်အတွင်း တပ်ရင်း ၂ ရင်း လုံးဝပြုတ်သွားလို့ ပြုတ်သွားတဲ့တပ်ရင်းတွေ နောက်တန်းပြန်ပို့ အင်အားပြန်စုဖွဲ့ ခိုင်းလိုက်ရတယ်။ အောက်ခြေစစ်သည်တွေရဲ့ နေရေးထိုင်ရေးလိုအပ်ချက်တွေကို ဘာမှဖြေရှင်းမှုမလုပ်ဘဲ ပြည်သူ့ဘဏ္ဍာငွေဖြုန်းပြီး စစ်တိုက်ခိုင်းဖို့ဘဲသိတာ ကာချုပ်တယောက်မှာ ရှိရမယ့်အရည်အချင်းမရှိတာကို ပြနေတယ်။

မင်းအောင်လှိုင်ဟာ တြိဂံတိုင်းမှူးဘဝမှာလဲ လောက်လောက်လားလား အစွမ်းမပြနိုင်ခဲ့ဘဲ ဝ တပ်မှူး တယောက်ဆီက မူးယစ်ဆေးဖမ်းနိုင်ခဲ့တာကိုဘဲ အမှတ်ယူနေတယ်။ တပ်ခွဲမှူး တပ်ရင်းမှူး တပ်မမှူးဘဝ တလျှောက်လုံးမှာ တကယ်တမ်းတိုက်ပွဲသမိုင်းကြောင်း မှတ်လောက်သားလောက် ဘာမှမရှိဘဲ တပ်ရဲ့ အမြင့်ဆုံးနေရာ ဘယ်လိုရလာသလဲ စဉ်းစားစရာပါ။

ကိုးကန့်မှာရှုံးတော့ ကစထ-၂ မှူး ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နဲ့ ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်စိုးအပေါ် အပြစ်ပုံချပြီး ဖြုတ်ပစ်လိုက်တယ်။ ၂၀၁၅ ကိုးကန့်တိုက်ပွဲမှာ တပ်မ ၃၃ က တပ်ရင်း ၂ ရင်း (၁၁၉ နဲ့ ၁၂၀) လုံးဝ တပ်လုံးပြုတ်သွားလို့ ၃၃ တပ်မမှူး ထွန်းထွန်းညီကိုလဲ ဖြုတ်ပစ်ခဲ့တယ်။ အဲ့ဒီတပ်မကိုလဲ အခု ၂ နှစ် ကြာတဲ့ထိ နောက်တန်းပြန်နားခွင့်မပေးဘဲ ဒဏ်ခတ်ထားတယ်။ ၉၉ တပ်မမှူးကိုလဲ အရေးယူခဲ့ပြီး တပ်မတခုလုံးကို ၂ နှစ်ကြာ နောက်တန်းပြန်ခွင့်မပေးဘဲ ထားခဲ့တာ ၂၀၁၇ ဧပြီလကုန်ပိုင်းမှ ပြန်ခွင့်ရခဲ့တယ်။

အဲ့ဒီ ၂၀၁၅ ကိုးကန့်တိုက်ပွဲစဉ်မှာ မင်းအောင်လှိုင်ဟာ တပ်ရင်းအဆင့်ထိ စွက်ဖက်ညွှန်ကြားခဲ့တယ်။ ဘယ်တပ်ရင်းက ဘယ်မှာနေ၊ ဘယ်တပ်ရင်းက ဘယ်ကိုသွားစသဖြင့် ဗျူဟာမှူး တပ်မမှူး တိုင်းမှူး ကစထမှူး တွေကို ဘေးဖယ်ပြီး ဆရာကြီးဝင်လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အသုံးကမကျတော့ မကြုံစဖူး အချိန်တိုအတွင်း အကြီးအကျယ်ပြုတ်ကုန်တာ၊ သေကုန်တာတွေဖြစ်ခဲ့တာ အားလုံးအသိဖြစ်တယ်။ အောင်သန်းထွဋ်  အောင်စိုးတို့ဟာ ဘာမှလုပ်ပိုင်ခွင့်မရှိခဲ့ဘဲနဲ့ အသားလွတ်နာမယ်ဖျက်ခံရတာကို အခုထိနာကျည်းနေကြပြီး ‘ကြောင်ချီး ဘာဖြစ်တယ် ညာဖြစ်တယ်’ လို့ နှိမ်ခေါ်နေ ဆဲနေကြတယ်။

၂၀၀၉ တုန်းက ကိုးကန့်ကိုအနိုင်တိုက်နိုင်လို့ ရာထူးတက်ခဲ့ပေမဲ့ အခုတော့ ခံနေရတာ ၃ ပွဲမကရှိနေပြီ။ ဒါကြောင့် မင်းအောင်လှိုင်-မြထွန်းဦးတို့ဟာ ကိုယ်အသုံးမကျတာကို ဖုံးကွယ်ချင်တော့ မဆီမဆိုင် အချုပ် အခြာအာဏာထည့်ပြောပြီး ကိုးကန့်တပ်တွေ တရုတ်ပြည်ကဝင်လာတာအဖြစ် လက်ညှိုးထိုးပြနေတယ်။ တကယ်တော့ ကိုးကန့်တပ်တွေဟာ ၂၀၁၃-၂၀၁၄ ကတည်းက သံလွင်အနောက်ခြမ်း ကွတ်ခိုင်-မုန်ဂူ-ဖောင်းဆိုင်နယ်တွေမှာ KIA TNLA နဲ့ တွဲတိုက်ရင်း စစ်ရေးအရ လေ့ကျင့်တည်ဆောက်နေခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သံလွင်အရှေ့ခြမ်း ကိုးကန့်နယ်ထဲမှာတော့ ၂၀၁၅ ဖေဖော်ဝါရီလအထိ သေနတ်သံမထွက်စေဘဲ လျှို့ဝှက်ပြီး နယ်မြေစည်းရုံးရေး နယ်မြေတည်ဆောက်ရေးတွေ လုပ်နေတာကို မြထွန်းဦးတို့ စရဖ ထောက်လှမ်းရေးတွေ ဘာမှမသိခဲ့ရှာဘူး။ အခုလဲ တရုတ်အစိုးရက နယ်စပ်မှာ အနည်းဆုံး တပ်မ ၃ ခုနဲ့ ပိတ်ဆို့ ထားပြီး ကိုးကန့်ဖြစ်စေ ဗမာတပ်ဖြစ်စေ လက်နက်နဲ့ဝင်လာရင် လက်နက်သိမ်းပြီး လူဘဲပြန်လွှတ်ပေးနေတယ်၊ လက်နက်တော့ပြန်မပေးဘူး။ သူ့နယ်ထဲ ပြင်ပလက်နက်ကိုင်တွေ အဝင်မခံဘူး။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ အောက်ခြေတပ်တွေက ကိုးကန့်တပ်တွေဟာ တရုတ်နယ်မြေဘက်ကဝင်လာတယ်လို့ဘဲ သတင်းတင်ပေးနေရတယ်။

၂၀၁၃ ၂၀၁၄ တုန်းက ရလခ နယ်မြေမှာလဲ SSPP ရဲ့ တာဖာဆောင်းကိုသွားတိုက်ခိုင်းပြီး SSPP က အရင်လာတိုက်လို့ ပြန်တိုက်ရတယ်လို့ သတင်းတင်ဖို့ သူကိုယ်တိုင် ဖုန်းဆက်ညွှန်ကြားခဲ့တယ်။ အဲသလိုဘဲ KIA MNDAA SSPP တို့နဲ့ တိုက်ပွဲတွေဟာ သူပုန်ဘက်က စ,နှောင့်ယှက်လို့ ပြန်တိုက်ရတာပါဆိုပြီး ကာလုံမှာ လိမ်ညာအမှတ်ယူခဲ့တယ်။

ဗမာစစ်တပ်ဟာ ၂၀၁၅ ခု ကိုးကန့်မှာ အလူးအလဲတိုက်ခဲ့ရပြီးနောက် ၂၀၁၆ မှာ တပ်မ ၅ ခုကို အနားပေးခဲ့ တယ်။ ၃၃ နဲ့ ၉၉ ကတော့ သူ့ကို သိက္ခာကျအောင်လုပ်လို့ နောက်တန်းပြန်ခွင့်မပေးဘဲ ရှေ့တန်းမှာ ၂ နှစ် လောက်ထားပြီး ဒဏ်ပေးခဲ့တယ်။ တပ်မ ၅ မကို အနားပေးတာတွေ၊ လေ့ကျင့်ခန်းလုပ်ပေးတာတွေနဲ့ ပြင်ဆင်ခဲ့ပေမဲ့ သတင်းလက်ဦးမှုမဲ့လို့ မူလတိုက်ပွဲစီမံကိန်းမအောင်မြင်ခဲ့ဘူး။ နိုင်ငံတကာကိုတော့ ဂိဒွန် စစ်ဆင်ရေးမှာ အဓိကတပ်မတပ်တွေ မသုံးဘူး၊ တိုင်းတပ်တွေဘဲ သုံးတယ်လို့ လှည့်စားခဲ့တယ်။ ဒါပေမဲ့ အမြောက်တပ် လေတပ်တွေ ဖောချင်းသောချင်းသုံးတာကိုတော့ သျှိုထားခဲ့တယ်။ ဒါ့အပြင် ပလောင်ဒေသ ကိုးကန့်ဒေသ မုန်ဂူ-ဖောင်းဆိုင်ဒေသမှာလဲ မင်းအောင်လှိုင် ညွှန်ကြားချက်အရ စွန့်လွှတ်မိုင်းတွေ အများကြီးထောင်ခဲ့တယ်။ စခန်းနေရာ တိုက်ပွဲနေရာတွေ ရှင်းပြီးရင် မိုင်း ရာနဲ့ချီထောင်ခိုင်းတယ်။

၂၀၁၆ ထဲမှာ တပ်မ ၁၁ ကို နေပြည်တော်က တရုတ်သင်တန်းကျောင်းမှာ ၃ လသင်တန်းတက်ခိုင်းခဲ့တယ်။ တပ်မ ၈၈ ၇၇ ၁၀၁ တို့လဲ မိတ္ထီလာ-မုန်တိုင်မှာ ကြည်း-လေ-အမြောက်-တင့်ကား ပူးပေါင်းလေ့ကျင့်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်။ တပ်မ ၆၆ ကိုလဲ မြန်အောင်-ကွင်းကောက်ဘက်မှာ ၃ လကြာ လေ့ကျင့်ခန်း လုပ်ခိုင်းခဲ့တယ်။ ဒီလိုလေ့ကျင့်ထားတဲ့ တပ်မ ၅ မနဲ့ စစ်ဆင်ရေးကြီး လုပ်ပြဖို့ရည်ရွယ်ခဲ့ပေမဲ့ မြောက်ပိုင်း မဟာမိတ်တွေရဲ့ မုန်ဂူစစ်ဆင်ရေးကြောင့် အစီအစဉ်ပျက်ခဲ့ရတယ်။ မုန်ဂူ နဲ့ လောက်ကိုင်မှာ ပိုနေမြဲ ကျားနေမြဲ အနေအထား status quo ပြန်ရဖို့ အသဲအသန်ပြန်လုပ်ခဲ့ရတယ်။

အဲသလို အနားပေးရာကနေ စစ်ဆင်ရေးပြန်ဝင်တဲ့ တပ်မတွေဟာ ၂၀၁၆ နှစ်ကုန်နဲ့ ၂၀၁၇ နှစ်ဆန်းတွေမှာ လောက်လောက်လားလား အောင်မြင်မှုမရဘဲ ပွဲတိုင်းမှာ လက်ဦးမှုမဲ့ပြီး ဗမာပြည်စစ်သမိုင်းမှာ အမြောက် လက်နက်ကြီးကျည် အဖြုန်းဆုံးစစ်ပွဲတွေဘဲ ဖြစ်သွားခဲ့တယ်။ အနားပေးလေ့ကျင့်ပေးပေမဲ့ တပ်တွေက ထူးမလာဘဲ အဓိကဖြစ်တဲ့စိတ်ဓာတ်က တအားကျဆင်းနေတော့ လက်နက်အင်အား အများဆုံးသုံးတိုက်ပေမဲ့ သုံးသလောက် အကျိုးမရှိဘဲ အဖြုန်းသက်သက်ဘဲဖြစ်နေတယ်။

၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံရေးအာဏာ၊ စစ်ရေးအာဏာ၊ ဘဏ္ဍာရေးအာဏာတွေကို ထင်သလိုချယ်လှယ်နိုင်တဲ့အောက်မှာ တပ်မတော်သမိုင်းမှာမရှိဖူးတဲ့ လက်နက်အသစ်အဆန်း အကြီးအငယ်မျိုးစုံ စိတ်ကြိုက်ဝယ်ပြ စိတ်ကြိုက်သုံးပြပေမဲ့ ဆန့်ကျင်ဖက်တိုင်းရင်းသားလက်နက်ကိုင်တွေက အင်အားတိုးသထက်တိုးလာတယ်၊ လက်ဦးမှုရှိရှိနဲ့ တိုက်ကွက်တွေ ပိုဖော်လာနိုင်တယ်။ ဗမာစစ်တပ်ဖက်ကတော့ လူအင်အားအရရော ဘဏ္ဍာငွေအရရော မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးမှုတွေကြီးခဲ့တယ်။

တပ်တွေရဲ့အရည်အချင်းညံ့ဖျင်းမှု နဲ့ သူ့ရဲ့ ညွှန်ကြားစီမံပုံညံ့ဖျင်းမှုကို ဖုံးကွယ်ချင်တော့ တပ်မှူးတွေ ဖြုတ် တာလဲတာ အသစ်တင်တာတွေ ခဏခဏလုပ်ခဲ့တယ်။ တပ်မမှူးအဟောင်း-အသစ်တွေ ဗျူဟာမှူး အဟောင်း-အသစ်တွေ တပ်ရင်းမှူးအဟောင်း-အသစ်တွေခေါင်းပေါ် ပြဿနာအားလုံးပုံချနေတယ်။ သူမွေးတဲ့အသစ်တွေကလဲ စာတွေ့တော့ ထူးချွန်ရင်ထူးချွန်မယ်၊ DSA မှာ Best cadet ဆုရတာတွေ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမဲ့ လက်တွေ့တိုက်ပွဲ အတွေ့အကြုံ မရှိကြဘူး၊ တိုက်ပွဲမှာ ဘာမှသုံးမရဘူး။

ပဒိုမန်းရှာကို လက်ရဲဇက်ရဲ သတ်ခဲ့လို့ စရဖ G-1 အဆင့်ကနေ ဒီနေ့ ကြည်း-ရေ-လေ ညှိကွပ်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးလို စစ်ဗိုလ်တွေ၊ ကိုပါကြီးကို ရက်ရက်စက်စက်သတ်မိန့်ပေးခဲ့လို့ တပ်မ ၂၂ တပ်မမှူး အဆင့်ကနေ ရန်ကုန်တိုင်း တိုင်းမှူးဖြစ်သွားတဲ့ ဗိုလ်ချုပ်သက်ပုံလို စစ်ဗိုလ်တွေကို မွေးမြူ အားကိုးနေတယ်။ သူနဲ့မပြေလည်တဲ့ တန်းတူအဆင့် သို့မဟုတ် တန်းတူနီးပါးအဆင့် ဗိုလ်ချုပ်ကြီးလှဌေးဝင်း ရေတပ်ဗိုလ်ချုပ်ကြီးသူရသက်ဆွေ ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးတို့ကို ဉာဏ်နီဉာဏ်နက်နဲ့ ပ,ထုတ်ခဲ့တယ်။ အခုနောက်ဆုံး ရာထူးတင်ပေးလိုက်တဲ့ထဲက ဗိုလ်ချုပ်မင်းနိုင်ဆိုရင် မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ကုမ္ပဏီမှာ အကြံပေးအရာရှိချုပ်ဖြစ်နေလို့ တိုင်းမှူးမလုပ်ဖူးဘဲနဲ့ တပ်မတော်ရဲ့ထိပ်တန်းရာထူးတခုဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးရာထူး၊ ရေလျှံတဲ့ တစစချုပ် (တပ်မတော်စစ်ဆေးရေး အရာရှိချုပ်) နေရာ တင်ပေးခဲ့တယ်။

လက်ရှိ ရာထူးအပြောင်းအလဲတွေဟာ အရင်က နေဝင်း သန်းရွှေတို့လို သူ့ရဲ့ ပုဂ္ဂိုလ်ရေးအာဏာနီ တည်ဆောက်နေတာဘဲ ဖြစ်တယ်။ ကိုယ်နဲ့ တပတ်စဉ်ထဲ သို့မဟုတ် အပတ်စဉ်မတိမ်းမယိမ်းတွေကို ပထုတ်၊ အပတ်စဉ်အများကြီးနိမ့်တဲ့ လက်အောက်အရာရှိတွေကို ဆွဲတင်လူမွေး၊ မြထွန်းဦးလိုလူမျိုးကို လူမိုက်မွေး၊ ဒါပေမဲ့ မြထွန်းဦးအသုံးမကျတာတွေကလဲ တခုပြီးတခုပေါ်လာတော့ တန်ပြန်အထိန်းအချုပ်အဖြစ် မိုးမြင့်ထွန်းကို ထပ်မွေးပြီး မြထွန်းဦးကို ပြန်‘ချက်’၊ တခါ မိုးမြင့်ထွန်းကိုလဲ မျိုးဇော်သိန်းနဲ့ ထပ်‘ချက်’နဲ့ နေဝင်း သန်းရွှေတို့ရဲ့ ဂန္ဓဝင်နည်းဟောင်းတွေ သုံးနေတယ်။ မြထွန်းဦး၊ မိုးမြင့်ထွန်း၊ မျိုးဇော်သိန်းတို့လဲ လက်တွေ့စစ်ရေးစွမ်းရည်မရှိသူတွေသာဖြစ်တယ်။ စာမေးပွဲမှာ အမှတ်ကောင်းတာဘဲရှိတယ်။ အပတ်စဉ်တူတွေဆို သူတို့အကြောင်း ကောင်းကောင်းသိကြတယ်။

ဗမာစစ်တပ်သမိုင်းမှာ ကာချုပ် ဒုကာချုပ်မဖြစ်သင့်ဘဲ ဖြစ်ခဲ့တာ၊ အရည်အချင်းမရှိဘဲဖြစ်ခဲ့တာ ဗိုလ်နေဝင်း၊ ဗိုလ်စန်းယု၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အေးကို၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး တို့ဖြစ်ပြီး ဖြစ်သင့်ရက်နဲ့မဖြစ်ခဲ့တာ ရှေ့ပိုင်းခေတ်မှာ ဗိုလ်လက်ျာ၊ ဗိုလ်စမစ်ဒွန်း (ကာချုပ်ဖြစ်ပြီးမှ ညစ်ပတ်ခံရပြီးပြုတ်)၊ ဗိုလ်ကျော်ဇော၊ နောက်ပိုင်းခေတ်မှာ ဗိုလ်ထွန်းရီ၊ ဗိုလ်ချစ်ဆွေ၊ ဗိုလ်တင့်ဆွေ၊ ဗိုလ်လှဦး၊ ဗိုလ်မောင်လှတို့ ရှိခဲ့တယ်။ တကယ်တော့ မင်းအောင်လှိုင်ဟာ ဗိုလ်စောမောင် ခြေဖျားတောင် မမှီပါဘူး။ သန်းရွှေလိုကာချုပ်အောက်မှာမို့ မင်းအောင်လှိုင်လို စစ်ရေးစွမ်းရည်လုံးဝမရှိ အုပ်ချုပ်ရေးစွမ်းရည် အင်မတန်ညံ့ဖျင်းတဲ့ ကလိမ်ကကျစ် ‘ကြောင်ချီး’ က ကာချုပ်ဖြစ်လာတာဖြစ်တယ်။ သူတို့ ၂ ယောက်ဟာ တပ်မှူးအရည်အချင်းမရှိဘဲ အောင်ကြီးတို့လို ကလိမ်ကကျစ်ဆိုရှယ်လစ် နိုင်ငံရေးသမားလူညစ်ပတ်အရည် အချင်းဘဲရှိကြတယ်။

သူ့အရှက်ကိုခွဲတဲ့ မြောက်ပိုင်း ၄ ဖွဲ့ကိုနာကျည်းလွန်းလို့ ငြိမ်းချမ်းရေးမဆွေးနွေးနိုင်ဘူး၊ လက်နက်ချရမယ်၊ လက်နက်စွန့်မယ်လို့ ကြေညာရမယ် ပြောနေပေမဲ့ နောက်ဆုံးမှာ တရုတ်ဖိအားကြောင့် ၂၁ ပင်လုံ ဒုတိယ အစည်းအဝေး တက်ခွင့်ပေးလိုက်ရတော့ တပ်ထဲမှာ သိက္ခာကျသွားတယ်။ ကာချုပ်အသစ်စက်စက်ကြီး သိက္ခာကျစေတဲ့ ၃ ဖွဲ့၊ အထူးသဖြင့် MNDAA ကို ပုဂ္ဂိုလ်ရေးအရစိတ်နာနေလို့ ဘာနိုင်ငံရေး ဘာတိုင်းပြည် အရေးမှမကြည့်တော့ဘဲ ငြိမ်းချမ်းရေးမပျက်ပျက်အောင် အကြောင်းအမျိုးမျိုးပြ ကပျက်ကယက်လုပ်နေတဲ့အတွက် မင်းအောင်လှိုင် ကာချုပ်ဖြစ်နေသရွေ့ ဒေါ်စု မကလို့ သိကြားမင်းဆင်းညှိလဲ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။

မင်းအောင်လှိုင်မှာ Standard army ဦးဆောင်နိုင်တဲ့ ကာချုပ်အရည်အချင်း မရှိတာ ထင်ရှားနေတယ်။ ပုဂ္ဂလိကနိုင်ငံရေးအကျိုးစီးပွားအတွက်၊ ပုဂ္ဂလိကအာဏာနီတည်ဆောက်ရေးအတွက် ရဲဘော်တွေရဲ့ဘဝ တွေ အသက်တွေကို စတေးဖို့၊ နိုင်ငံ့ဘဏ္ဍာတွေ ရင်းမြစ်တွေကို နင်းတက်ဖို့ဘဲ သိတဲ့သူတွေ ဗမာပြည်မှာ ကာချုပ်ဖြစ်တာ နေဝင်းကစခဲ့ပြီးနောက် သန်းရွှေနဲ့ မင်းအောင်လှိုင်တို့က ဖဝါးခြေရာ ထပ်ချပ်မကွာ လိုက်လျှောက်လာခဲ့တယ်။

ခေတ်မှီစံချိန်ပြည့်တပ်မတော်ဖြစ်ချင်ရင်၊ Standard army ဖြစ်ချင်ရင်၊ တိုင်းပြည်ကိုတကယ်ချစ်ရင် နိုင်ငံ ရေးပိုင်း အခြေခံဥပဒေပိုင်းပြောင်းလဲမှုတွေ အထူးလုပ်ဖို့လိုသလို မင်းအောင်လှိုင်လိုကာချုပ်မျိုးနဲ့လဲ ဘယ် လိုမှတည်ဆောက်လို့မရနိုင်ပါဘူး။ Professional army ဖြစ်ဖို့ဆို ပိုဝေးပါသေးတယ်။ နှစ်ဖက်ရဲဘော်တွေနဲ့ ပြည်သူတွေ မြေဇာပင်ဖြစ်ပြီး တိုင်းပြည်အတွက်မဟုတ်ဘဲ မင်းအောင်လှိုင်အတွက် အသက်သွေးချွေးတွေ ပေးဆပ်နေရတာ၊ စစ်ဘတ်ဂျက် အခွန်အတုတ်ဝန်ထုပ်ဝန်ပိုးထမ်းနေရတာ မဖြစ်သင့်တော့ ပါ။

အောင်သဇင်
သိန်း ဝင်း သူ


https://m.facebook.com/story.php?story_fbid=361195507659290&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "ကာချုပ်အရည်အချင်းမရှိတဲ့ မင်းအောင်လှိုင်"”

Post a Comment

Related Posts Plugin for WordPress, Blogger...