Friday, December 1, 2017

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က စီစဉ်သည့် "အမျိုးသားလုံခြုံရေးနှင့် ပြည်ထောင်စု၏ အနာဂတ်ဆွေးနွေးပွဲ"

,
(Discussion on National Security and the future of The Union)

အပိုင်း (၁) အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး၏ နှုတ်ခွန်းဆက်စကား

အားလုံး မင်္ဂလာပါခင်ဗျာ …
ဒီကနေ့ကျင်းပတဲ့ “အမျိုးသားလုံခြုံရေးနှင့် ပြည်ထောင်စု၏အနာဂတ် ဆွေးနွေးပွဲ” ကို တက်ရောက်လာကြတဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သဂါရ၀ပြုအပ်ပါတယ်။

 ကျွန်တော်ကတော့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှာ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။

 ကျွန်တော့်အနေနဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ စတင်ပေါ်ပေါက်လာပုံ ကို အကျဉ်းချုပ်အားဖြင့် တင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းအစမှာ စစ်လက်နက်နည်းပညာနဲ့ နိုင်ငံတကာ စစ်ရေးဆိုင်ရာဗျူဟာတွေကို တက်တက်ကြွကြွ လေ့လာဆွေးနွေးရင်း ပေါင်းစည်းမိကြတဲ့ လူငယ်တစ်စုဟာ အင်တာနက်ကွန်ယက်ပေါ် ကနေ အစုအဖွဲ့လေးတစ်ခု စတင်တည်ထောင် ဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့လေးမှာပါဝင်တဲ့ လူငယ်အားလုံးရဲ့ တူညီသော အတွေးတစ်ခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကာကွယ်ရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာနဲ့ စစ်ဘက်နည်းပညာ၊ စစ်ဘက်စာပေတွေ တိုးတက်ထွန်းကားလာဖို့ လိုအပ်နေတယ်ဆိုတာပါပဲ။ အဲဒီအတွေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်တဲ့အနေနဲ့ ပထမဦးဆုံးခြေလှမ်းအဖြစ် ကမ္ဘာ့နိုင်ငံများရဲ့ စစ်လက်နက်နဲ့ စစ်မဟာဗျူဟာဆိုင်ရာ ဆောင်းပါးတွေကို စုစည်းပြီး သေနင်္ဂ လက်နက်နှင့် နိုင်ငံတကာစစ်မှုရေးရာ မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့ပါတယ်။ ဒီကနေ့မှာ သေနင်္ဂမဂ္ဂဇင်းကို အတွဲ ၆ အထိ အောင်မြင်စွာ ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒုတိယခြေလှမ်းအနေနဲ့ တစ်ချိန်ချိန်မှာ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကို လေ့လာသုတေသနပြုနိုင်မယ့် Institution တစ်ခု တည်ထောင်နိုင်ဖို့ ကိုလည်း ကြိုတင်စိတ်ကူးခဲ့ကြပါတယ်။ ဒီလို Institution တစ်ခု တည်ထောင်ပြီးချိန် မှာလည်း ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍဆိုင်ရာ ဖိုရမ်တွေ၊ စကားဝိုင်း ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားကြဖို့ ကြံရွယ်ခဲ့ပါတယ်။ အဲဒီ ကြံရွယ်ချက် စိတ်ကူးတွေအတိုင်း ၂၀၁၇ ဇန်န၀ါရီ ၁ ရက်နေ့က စတင်ပြီး သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ (ThayNinGa Institute for Strategic Studies – TISS) ကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဧည့်သည်တော်ကြီးများ ခင်ဗျာ …
ယနေ့ မျက်မှောက်ခေတ် ကမ္ဘာကြီးရဲ့ အနေအထားအရ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ မဟာဗျူဟာဆိုင်ရာ သုံးသပ်လေ့လာရေးကဏ္ဍဟာ အထူး အရေးကြီးနေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာလည်း အရပ်ဘက်-စစ်ဘက်ရေးရာ ကဏ္ဍတွေမှာ နားလည်၊ ကျွမ်းကျင်၊ မျှတတဲ့ မဟာဗျူဟာလေ့လာရေးအဖွဲ့တွေ ပိုမိုပေါ်ထွန်းလာဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျပြီး အရေးပါတဲ့ နေရာမှာ တည်ရှိနေတဲ့အတွက် မိမိတို့နိုင်ငံရဲ့ အနာဂတ်အရေးအတွက် အမြင် ကျယ်ကျယ်နဲ့ လေ့လာသုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ အမြဲတစေ လိုအပ်နေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံမှာ RAND Corporation ဆိုပြီး အစိုးရကို မူဝါဒနဲ့ မဟာဗျူဟာ ချမှတ်မှုဆိုင်ရာ အကြံဉာဏ်ပေးနေတဲ့ Think Tank အဖွဲ့မျိုးရှိသလို ကျွန်တော်တို့ သေနင်္ဂ Institute အနေနဲ့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ Think Tank အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ချက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သေနင်္ဂ Institute စတင်ဖွဲ့စည်းချိန်မှာ အရပ်သား လူငယ်ပညာရှင်တွေ၊ တပ်မတော်သား(အငြိမ်းစား) လူငယ်တွေကို အခြေခံပြီး အရပ်ဘက်အဖွဲ့အစည်း တစ်ခုအဖြစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Institute ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတော်အစိုးရနဲ့ တပ်မတော်အတွက် အထောက်အကူဖြစ်စေမယ့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အရပ်ဘက် သုတေသန အဖွဲ့အစည်းအဖြစ် ထူထောင်ရပ်တည်သွားနိုင်ရန် ဖြစ်ပါတယ်။

သေနင်္ဂ Institute ရဲ့ ရည်မှန်းချက်တွေ အနေနဲ့ကတော့

(က) အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အင်အားစုတစ်ရပ်အနေနဲ့ ပါဝင်ကူညီနိုင်ရန်။
(ခ) နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော စစ်မဟာဗျူဟာဆိုင်ရာ အသိပညာများနဲ့ ပြောင်းလဲ တိုးတက် လာသော စစ်ဖက်နည်းပညာ၊ ဗဟုသုတများအား ဖြန့်ဝေပေးသွားရန်။
(ဂ) မျိုးဆက်သစ် လူငယ်များအကြား စစ်ပညာစာပေ လေ့လာမှု ပိုမို ထွန်းကားလာစေရန်။
(ဃ) ဒေသတွင်းနှင့် နိုင်ငံတကာ တပ်မတော်များ၏ ပြုပြင်ပြောင်းလဲမှုများအား သုတေသနပြု လေ့လာရန်။
(င) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ရည်ညွှန်းစာကြည့်တိုက်တစ်ခုနှင့် သတင်းအချက်အလက် စင်တာတစ်ခု တည်ထောင်သွားရန်။
(စ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်များ မွေးထုတ်ရန်။ စသည်တို့ပဲ ဖြစ်ပါတယ် …

အဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ Knowledge, Strategy & Union (ဗဟုသုတ၊ မဟာဗျူဟာ နှင့် ပြည်ထောင်စု) ဖြစ်ပြီး ဗဟုသုတရှာမှီးခြင်းမှသည် မဟာဗျူဟာမြောက် ဝေဖန်ဆန်းစစ်ခြင်းသို့ တက်လှမ်းနိုင်ကြပြီး ပြည်ထောင်စုကြီး တည်မြဲခိုင်မာ အင်အား တောင့်တင်းနေစေရန် ရည်သန်အားထုတ်မည်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင် ထားပါတယ်။

https://m.facebook.com/story.php?story_fbid=877988992370342&id=410692065766706

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က စီစဉ်သည့် "အမျိုးသားလုံခြုံရေးနှင့် ပြည်ထောင်စု၏ အနာဂတ်ဆွေးနွေးပွဲ" ”

Post a Comment

Related Posts Plugin for WordPress, Blogger...