Sunday, February 18, 2018

အခြေခံဥပဒေကိုဖျက်သိမ်းခြင်းသည် အစိုးရအဖွဲ့ကိုဖျက်သိမ်းခြင်းဖြစ်သည်

,
အခြေခံဥပဒေကိုဖျက်သိမ်းခြင်းသည် အစိုးရအဖွဲ့ကို ဖျက်သိမ်းခြင်း ဖြစ်သည်....

(Bullet Journal ပါဆောင်းပါးတစ်ပုဒ်)

၂၀၀၈အခြေခံဥပဒေကို ဖျက်သိမ်းမယ်ဆိုတာ ၂၀၀၈ခြေဥအရ တက်လာတဲ့ အစိုးရကို ဖျက်သိမ်းမယ် လို့ ပြောတာနဲ့ အတူတူပါပဲ........

တကယ်တော့ ၂၀၀၈အခြေခံဥပဒေကို ဖျက်သိမ်းမယ် ပြောတာဟာ အလွန်တရာကြီးမားတဲ့ပြစ်မှုကြီးကိုကျူးလွန် တာပါ။၂၀၀၈ခြေဥကိုဖျက် နိုင်တာကစစ်အုပ်ချုပ်ရေးနဲ့အာဏာ သိမ်းတဲ့နည်း လမ်းတစ်ခုပဲရှိတယ်။စစ်တပ်ကိုနိုင်ငံတော်အာဏာသိမ်းပါ တော့ လို့ ပြောတာနဲ့အတူတူပဲ။
၂၀၀၈ခြေဥပျက်ရင် ခြေဥအသက်မရှိတော့တဲ့အတွက် ခြေဥအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေ အစိုးရတွေ လည်း အကုန် အသက်မရှိတော့ဘဲ ရပ်နားသွားရတော့မှာ ဖြစ်ပါတယ်။အဲဒါကို ခြေဥဖျက်သိမ်းပြီး အသစ်ပြန်ဆွဲရမယ် ပြောတဲ့သူကို ချီးမွှမ်းခန်း ဖွင့်နေတဲ့ ဒီမိုကရေစီ ဆိုသူတွေ နားမလည်တာလား၊နားလည်ရက်နဲ့ တိုင်းပြည်ပျက်အာင် လုပ်နေတာလား တော့မသိဘူး။

၄၇တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲက အခြေခံဥပဒေဆွဲဖို့ တက်လာတာ။၂၀၁၀၊၂၀၁၅ လွှတ်တော်ရွေးကောက်ပွဲတွေက အခြေခံဥပဒေအရ လိုက်လုပ်ဖို့ တက်လာတာ။မတူဘူး။
၂၀၀၈ခြေဥကိုဖျက်ပြီး အသစ်ပြန်ရေးဆွဲမယ် ဆိုရင် ကြားကာလ အစိုးရတစ်ရပ် ဝင်ထိန်းပြီး လုပ်ပေးနိုင်တာ စစ်အစိုးရတစ်ရပ်ပဲ ရှိတယ်။စစ်အစိုးရကလည်း မြန်မာပြည်မှာက တစ်ခါတက်ရင် အနှစ်နှစ်ဆယ်ကျော်ကြာတတ်တယ် ဆိုတော့ ခြေဥဖျက်ရမယ် ဆိုသူတွေ လက်တွေ့ကျကျ စဉ်းစားကြပေါ့။

NLDအစိုးရတက်လာတာက အောင်ဆန်းအက်တလီစာချုပ်လို နှစ်ဘက်သဘောတူစာချုပ်နဲ့ တက်လာတာမဟုတ်သလို ဂျပန်တော်လှန်ရေးလို အပြတ်မောင်းထုတ်လိုက်လို့်လည်း မဟုတ်ဘူး။
နဝတ နယက အစိုးရက ဦးစီး ရေးဆွဲပေးခဲ့တဲ့ ၂၀၀၈အခြေခံဥပဒေအရ တက်လာတာ။နယက အစိုးရက ဗြိတိသျှအစိုးရလွတ်လပ်ရေးပေးသလို ပေးခဲ့တာ မဟုတ်သလို၊ဖက်ဆစ်ဂျပန်လိုထွက်ပြေးသွားတာ လည်းမဟုတ်ဘူး။ဒီအခြေခံဥပဒေအတိုင်းလုပ်ပါ ဆိုပြီး သူ့ဖာသာသူ ဆင်း သွားတာ။
ဒါကြောင့် ၂၀၀၈ခြေဥကို ပြင်ဖို့ပဲ ကြိုးစားပါ။ဖျက်ဖို့ကြိုးစားရင်တော့ ၂၀၀၈ခြေဥအရ တက်လာတဲ့ အစိုးရပါတပါတည်း အဖျက်ခံသွားရမှာ ဖြစ်ပါတယ်။

NLDရဲ့ရွေးကောက်ပွဲကတိကဝတ်မှာအခြေခံဥပဒေပြင်ဆင်ရေး ပါပါတယ်။ဖျက်သိမ်းရေးမဟုတ်ပါဘူး။သွားလေသူ အခါပေးပုဂ္ဂိုလ်ကတော့ ဖျက်သိမ်းပစ်ပြီး အသစ်ပြန်ဆွဲရမယ်လို့ ချောက်တွန်းခဲ့သူဖြစ်ပါတယ်။၅၉စကို မဆိုင်းငံ့ရ လို့ ဥပဒေမှာမပါတဲ့အတွက် ဆိုင်းငံလို့ရတယ် ဆိုပြီး အာဏာရပါတီနဲ့ တပ်မတော်ကို ထိပ်တိုက် ရင်ဆိုင်အောင် တွန်းပို့ခဲ့သူလည်းဖြစ်ပါတယ်။

ဥပဒေရည်ရွယ်ချက်ဝိဥာဏ်၊ဥပဒေစာသား ဆိုတာတွေကို နားလည်ရက်နဲ့ စာသားတစ်ခုတည်း ကိုသာကွက်ကြည့်ပြီး လိုရာဆွဲ သုံးတဲ့ လူကြီးလူကောင်းမဆန်တဲ့တစ်နပ်စား ဝါဒ ဖြစ်ပါတယ်။အောင်ဆန်းအက်တလီစာချုပ်မှာ တစ်နှစ်အတွင်းလွတ်လပ်ရေးပေးမည် လို့စာသား မပါတဲ့အတွက် ပေးစရာမလိုဘူး ပြောလို့မရပါဘူး။ဆွေးနွေးချက် အနှစ်သာရ ရည်ရွယ်ချက် ဝိဥာဏ်ကတိကဝတ်တွေမှာပါပြီး ဖြစ်ပါတယ်။ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့်ကိစ္စ စာသား မပါတဲ့အတွက် ခွဲထွက်ခွင့်ပေးဖို့မလိုဘူး ပြောလို့မရပါဘူး။ဆွေးနွေးချက်အနှစ်သာရ ဝိဥာဏ်ကတိကဝတ်တွေမှာ ပါဝင်ခဲ့ပြီးဖြစ်လို့ လူကြီးလူကောင်းမှန်ရင် လိုက်နာကြရတာဖြစ်ပါတယ်။ဥပဒေစာသားကို ကပ်သတ်ပြီး ကပ်သီးကပ်သတ် ပြောတဲ့အခါ မင်းသိင်္ခ ဝတ္ထု ထဲကလို ကပ်ပြီးသတ်တဲ့လူတွေ ပေါ်လာတတ်တယ် လို့ပြောရမလို ဖြစ်နေပါတယ်။ဒီ ခြေဥ ဖျက်သိမ်းရေး လမ်းစဉ်အမှား အတွေးအခေါ်ဟာ နိုင်ငံရေး လေ့လာမှာ အားနည်းသူ တွေအကြားမှာ စိမ့်ဝင်ပြန့်နံသွားခဲ့ပြီး ကိုယ်တင်တဲ့အစိုးရ ကိုယ်ပြန်ဖြုတ်ချ မယ့် လမ်းကြောင်းပေါ်ကို မောင်းတင်လာကြပါတော့တယ်။

ခြေဥဖျက်သိမ်းအသစ်ဆွဲခြင်းဟာ ကိုယ့်သေတွင်းကိုယ်တူးတာဖြစ်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ပြင်ဆင်ဖို့ပဲ ကြိုးစားရမယ်။ပြင်ဆင်ဖို့နည်းလမ်းကလည်း တပ်မတော်ကို စည်းရုံးပြီး ပြင်ဆင်တဲ့ နည်းလမ်းလမ်းကြောင်းတစ်ခုကလွဲပြီးတခြား မရှိဘူး။အရင်ကတပ်မတော် အစိုးရဖြစ်တဲ့အတွက် အရာရာဆန့်ကျင်တယ်ဆိုသလိုအခု ဆန့်ကျင်ဖို့မလိုတော့ဘူး။အခုက တပ်မတော်အစိုးရ မဟုတ်တော့ဘူး။ကိုယ်က အခြေအနေဖန်တီးနိုင်ခွင့်ရှိတဲ့ အစိုးရ ဖြစ်နေပြီဆိုတာ သတိပြုဖို့ လိုပါတယ်။အစိုးရတစ်ရပ်အနေနဲ့ တပ်မတော် နဲ့ ရင်ကြားစေ့ရေး၊ယုံကြည်မှုတည်ဆောက်ရေးတွေကို လေနဲ့မဟုတ်ဘဲ လက်တွေ့အလုပ်နဲ့ တည်ဆောက်ခြင်းဖြင့်သာ အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးစားရမှာ ဖြစ်ပါတယ်။အစိုးရဟာ တပ်မတော်ရဲ့အထက်မှာရှိတဲ့အတွက် ဘာမှ အောက်ကြို့ခံ စည်းရုံးရမယ့် အခြေအနေလည်း မဟုတ်ပါဘူး။အခြေခံဥပဒေအတိုင်း လိုက်နာလုပ်ဆောင်ခြင်း အခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးမှာပါဝင်နေရခြင်းတွေကို လေးစားအသိအမှတ်ပြုခြင်း ကာလုံအစည်းအဝေးများဖြင့် တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများကိုအပြည့်အဝတာဝန်ယူတာဝန်ခံပေးခြင်း၊အစိုးရရဲ့မူဝါဒများနဲ့ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကိုတပ်မတော်အကြီးအကဲများနဲ့ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း မကြာခန တွေ့ဆုံ ဆွေးနွေးကြခြင်း၊နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်း ဆောင်နေကြတဲ့ တပ်မတော်သားတွေ ထံ ကိုယ်တိုင်သွားရောက် အားပေးခြင်း၊တပ်မိသားစုများထံ မိသားစုလိုနွေးနွေးထွေးထွေး သွားရောက်တွေ့ဆုံပေးခြင်းများနဲ့ ယုံကြည်မှု တည်ဆောက်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးစားရမှာဖြစ်ပါတယ်။ပါးစပ်က ပြန်လည်ရင်ကြားစေ့ရေး ယုံကြည်မှုတည်ဆောက်ရေး အော်နေပြီးလက်တွေ့မှာ မယုံကြည်စရာ ကွဲပြဲစရာတွေ လုပ်နေရင်တော့ အခြေခံဥပဒေကို ဘယ်လိုမှ ပြင်မရမှာ သေချာနေပါတယ်။

၂၀၀၈ခြေဥဟာ ဒီမိုကရေစီစံနှုံးတွေ မပြည့်ဝဘူး။ပြင်ရမယ်ဆိုတာ အားလုံးက လက်ခံပြီးသားပဲ။မပြင်ရဘူးလို့်လည်း ဘယ်သူကမှ မပြောပါဘူး။နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံအခြေအနေတွေအရ ဒီလိုပဲတဖြေးဖြေးပြင်သွားကြတာပဲ၊ပြင်နေကြဆဲပဲ မဟုတ်လား။ဘယ်အချိန်မှာ ဘယ်လိုပြင်မလဲ ပြင်လို့ရအောင် ဘာလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းကသာ အရေးကြီးတာပါ။ခြေဥမှာ တပ်မတော်က ပါဝင်နေမှု ကြောင့် အစိုးရရဲ့ နိုင်ငံတော်တည်ဆောက်ရေး၊စီးပွားရေး ပညာရေး ကျန်းမာရေးစတဲ့ ရေးရာတွေမှာဘာတွေအနှောင့် အယှက်ဖြစ်သလဲ။အစိုးရရဲ့အရည်အချင်းရှိရင်ရှိသလို လုပ်လို့ရနေတဲ့ အနေအထားပဲ ရှိပါတယ်။တပ်မတော်ကပါဝင်မှုဟာ နိုင်ငံတော်အချုပ်အခြာအာဏာ တည်မြဲရေးနဲ့နိုင်ငံတော်လုံခြုံရေး ကာကွယ်ရေးအပိုင်းမှာ ဝင်ထိန်းကျောင်းပေးတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့သာ ပါဝင်နေတာ တွေ့ရပါတယ်။

ဗိုလ်သင်တန်းဆင်းပြီး ဒုဗိုလ်တပ်စုမှုး ခန့်လိုက်တာနဲ့ ခေါင်းဆောင်မှု တခါတည်း ရတာမဟုတ်ပါဘူး။တပ်စုကရဲဘော်တွေရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရတဲ့ခေါင်းဆောင်ဖြစ် အောင်ကိုယ်တိုင်ခေါင်းဆောင်မှုတည်ဆောက်ယူရတာဖြစ်ပါ တယ်။သမ္မတ လို့ ရွေးချယ်ခန့်လိုက်တာနဲ့ ခေါင်းဆောင်မှု တခါတည်း မရနိုင်ပါဘူး။ခေါင်းဆောင်မှုရအောင်တည်ဆောက်နိုင်မှ ရပါလိမ့်မယ်။ပြည်ထဲရေး ကာကွယ်ရေး နယ်စပ်ရေး ဘယ်အောက်ဘာညာ လျှောက်ပြောနေတာ သမ္မတက ကိုင်တတ်ရင် ခေါင်းဆောင်မှုရ အောင်ယူတတ်ရင် ကောင်းကောင်းကိုင်လို့ရပါတယ်။
"ပြည်ထဲရေးဝန်ကြီးလာခဲ့၊ဘာလုပ် ညာလုပ်၊တနေ့တာလုပ်ဆောင်မှုည တိုင်းငါ့ ဆီလာသတင်းပို့" သမ္မတက နေ့စဉ်ခေါ်ကြပ်နေလို့ရပါတယ်။
"တာဝန်ပေးတာတွေ မလုပ်နိုင်ရင် ဒီဝန်ကြီးငါခိုင်းတာ ဘာမှမလုပ်နိုင်ဘူး။အသစ်လဲပေး"တပ်ချုပ်ဆီ အချိန်မရွေးပြောလို့ရပါတယ်။
ခြေဥအရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပြီး သမ္မတ ကခိုင်းရတဲ့ဝန်ကြီးဋ္ဌာနတွေဖြစ်ပါ တယ်။ခိုင်းတတ်ဖို့ ခေါင်းဆောင်မှု ရအောင်ယူတတ်ဖို့်တော့ လိုပါတယ်။

ဇာဂနာပြောသလို "ဒါလုပ်၊ဒါမလုပ်နဲ့ ဆိုတဲ့ ပြတ်သားတဲ့အဖြေမဟုတ်ဘဲ ဟိုလိုဆွေးနွေးအုံးမယ် ဒီလို ညှိနှိုင်းအုံးမယ်နဲ့ ဝေ့လည်ကြောင်ပတ်ဖြစ်နေပြီးဘာမှ အလုပ်မဖြစ်ဘူး " လို့သူကတော့ ရုပ်ရှင်အနုပညာလိုင်းနဲ့ဆိုင်တဲ့ ပြန်ကြားရေးဝန်ကြီးလိုင်းကို ပြောတာဖြစ်ပေမယ့် ဝန်ကြီးဋ္ဌာန တွေတိုင်းလိုလိုမှာလဲ ဒီလိုပဲ ကြုံနေကြရတာဖြစ်ပါတယ်။အသက်တွေနဲ့ရင်းပြီး စစ်တိုက်ရတဲ့ လိုင်းမှာ ပာ ဒီလို မပြတ်မသားဖြစ်နေရင်တော့ မသေသင့်တဲ့အသက်တွေသေ၊မဆုံးရှုံးသင့်တဲ့ မြေတွေဆုံးရှုံး အချုပ်အခြာအာဏာပါ လုံးပါးပါးလာမှာ ဖြစ်ပါတယ်။

ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ ၂၀၀၈ခြေဥ ကိုဖျက်သိမ်းပြီး အသစ်ပြန်ဆွဲမယ်ဆိုတာ တပ်မတော်က အာဏာသိမ်းပြီးမှသော်၎င်း၊တပ်မတော်ကိုလက်နက်ကိုင်ပုန်ကန်ပြီးမှသော်၎င်း ရနိုင်မယ် ဆိုတာ ရှင်းနေတဲ့ လက်တွေ့ အခြေအနေပါ။နိုင်ငံရေးမှာစိတ်ကူးယဉ်လို့ မရပါဘူး။လက်တွေ့အခြေအနေတွေထဲက လုပ်လို့ရတာကို လုပ်တာဟာ နိုင်ငံရေးပါ။

အခြေခံဥပဒေမရှိတဲ့အာဏာရှင်အစိုးရကလွဲလို့ ဘယ်အစိုးရမှ ကိုယ်လုပ်ချင်တာ လုပ်လို့ရတဲ့ အခွင့်အရေးမရှိခဲ့ပါဘူး။အခြေခံဥပဒေအရသာ လုပ်ပိုင်ခွင့်ရှိပါတယ်။ဒီမိုကရေစီအစိုးရ မှန်သမျှဟာ အခြေခံဥပဒေနဲ့အညီ သာလုပ်ကြရပါတယ်။ခြေဥမှာ ပြင်စရာရှိရင် ဥပဒေနဲ့အညီ ပြင်ကြရပါတယ်။ဖျက်သိမ်းလို့တော့ မရပါ။ဆာမူရိုင်းဟာသ ကားတွေမှာ ပြသလို ကိုယ်ထိုင်နေတဲ့သစ်ကိုင်း ကို ကိုယ်တိုင်ခုတ်ချသလို ဖြစ်နေပါလိမ့်မယ်။

လိုရင်း ချုပ်ရရင်တော့ ခြေဥဖျက်သိမ်းရင် ခြေဥအရတက်လာတဲ့ အစိုးရ လွှတ်တော်တွေ ပါဖျက်သိမ်းသွားရမှာဖြစ်တဲ့အတွက် ခြေဥဖျက်သိမ်းရေး ကြိုးစားသူတွေဟာ အစိုးရကိုဖျက်သိမ်းခံရအောင်လုပ်သူ တွေပဲဆိုတာရှင်းရှင်းလင်းလင်းနား လည်ပြီး ထိထိရောက်ရောက် အရေးယူဖို့လို ပါတယ်။ခြေဥဖျက်သိမ်းရေးသမားတွေကို နှိပ်ကွပ်၊ ခြေဥပြင်ဆင်ရေးကိုပဲ အားထည့်ပြီးတစ်ကြောင်းတည်းသေါလမ်းဖြစ်တဲ့တပ်မတော်နဲ့ယုံကြည်မှု တည်ဆောက်ရေးရင်ကြားစေ့ရေးများကို လက်တွေ့ ကျကျ လုပ်သွား ကြဖို့သာ လိုနေပြီဖြစ်ကြောင်း တင်ပြလိုက်ရ ပါတော့တယ်။

သောင်းလွင်ဟိန်း
007

https://m.facebook.com/groups/1469898766620657?view=permalink&id=2209873265956533

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အခြေခံဥပဒေကိုဖျက်သိမ်းခြင်းသည် အစိုးရအဖွဲ့ကိုဖျက်သိမ်းခြင်းဖြစ်သည်”

Post a Comment

Related Posts Plugin for WordPress, Blogger...