Monday, December 30, 2013

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်ရန် ချေးငွေစာချုပ် မတ်လ လက်မှတ်ထိုးမည်

,
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရန် ချေးငွေချေးယူခြင်းသဘောတူစာချုပ်ကို ယခု
ဘဏ္ဍာနှစ် မကုန်မီ မတ်လအတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) မှ ကိုယ်စားလှယ် ခေါင်းဆောင် Mr.Tanaka Masahiko
က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီရထားလမ်း အဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ လပေါင်းများစွာလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။
ချေးငွေပေးရာမှာလည်း အတိုးမဲ့နီးပါး အရမ်းကိုသက်သာတဲ့အတိုးနှုန်းနဲ့ ၁၄ နှစ် ချေးပေးမှာဖြစ်ပါ
တယ်။ နှစ်ဖက် အစိုးရကြား ဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေပြီဖြစ်ပြီးတော့
လာမယ့် ၂၀၁၄ မတ်လမှာ လက်မှတ် ထိုးနိုင်မှာပါ" ဟု ၎င်းကပြောသည်။
ရထားလမ်း အဆင့်မြှင့်တင်ရာတွင် လက်ရှိ ရှိနေသော လမ်းကို အဆင့်မြှင့်တင်ခြင်း အပါအ၀င်
စက်ခေါင်းများ၊ တွဲများနှင့် ဂိတ်တံခါးများအားလုံးကိုပါ အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး JICA က
မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း ချေးငွေချပေးရန်လျာထားသည့် အမေရိကန်ဒေါ်လာ သန်း ၆၃၀
အနက်မှ သန်း ၂၀၀ ကို အသုံးပြုသွားမည်ဖြစ်သည်။
JICA အနေဖြင့် အဆိုပါရထားလမ်း အဆင့်မြှင့်တင်ရန်အတွက် ချေးငွေ ချေးပေးရုံသာဖြစ်ပြီး
အဆင့်မြှင့်တင်မှု လုပ်ငန်းများအတွက် မြန်မာ နိုင်ငံအစိုးရမှ နိုင်ငံတကာသို့ တင်ဒါ ခေါ်ယူ
ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
"အဆင့်မြှင့်တင်တဲ့ နေရာမှာတော့ ကျွန်တော်တို့က နည်းပညာအကူအညီ တွေပေးမယ်။
ရထားလမ်း ပြန်လည် ပြုပြင်ခြင်း၊ ရထားလမ်းထိန်းချုပ်ခြင်းနဲ့ မီးရထား စက်ခေါင်းတွေအတွက်တော့
မြန်မာအစိုးရက နိုင်ငံတကာကို တင်ဒါ ခေါ်သွားမှာပါ။ ပြီးတော့ အဲဒီ တင်ဒါ ခေါ်ယူမှု လုပ်ငန်းတွေ
အတွက် အကြံပေးတွေ ထားသင့်တယ်လို့ ထင်တယ်။ တင်ဒါခေါ်ယူမယ့် အချိန်ကတော့ ဆွေးနွေး
ညှိနှိုင်းမှု ရလဒ်အပေါ်မှာမူတည်ပြီး လုပ်သွားမှာပါ"ဟု Mr. Tanaka ကပြောသည်။
မြန်မာ့မီးရထားအနေဖြင့် ဂျပန်နိုင်ငံမှ အတိုးနှုန်းသက်သာသော ODA ချေးငွေဖြင့် အမေရိကန်
ဒေါ်လာ သန်း ၅၀၀ ချေးယူရန်လျှောက်ထားခဲ့ပြီး ဇန်န၀ါရီလအတွင်း ရရှိရန် မျှော်မှန်းထားသည်ဟု
မြန်မာ့မီးရထား၊ အောက်မြန်မာပြည်မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက
အောက်တိုဘာလအတွင်းက ပြောခဲ့သည်။
ရန်ကုန်+မန္တလေး မီးရထားလမ်း သည် ခရီးသည် အသုံးပြုမှု များပြားသော လမ်းတစ်ခုဖြစ်ပြီး
ရန်ကုန် မှ မန္တလေးသို့ ၁၂ နာရီခန့်သာ ခုတ်မောင်းခဲ့ရသော်လည်း ရထားလမ်း တစ်လျှောက်
ရထားလမ်းများ ဖြောင့်တန်းမှုမရှိခြင်း၊ ချောင်းကူးတံတားများ ပေါ်တွင် ရထားလမ်းများ ယိုယွင်းနေ
ခြင်း၊ ရထားဖြတ်သန်းသော တံတားများ ယိုယွင်းနေခြင်း၊ ယာဉ်တန်ချိန်များသော ကုန်တင်ယာဉ်
များ ဖြတ်သန်းမှုကြောင့် ရထားလမ်းများပျက်စီးနေခြင်း နှင့် ရထားလမ်းပေါ်သို့ လူများ ဖြတ်သန်း
သွားလာမှုများပြားခြင်းတို့ကြောင့် ရထားအရှိန်လျှော့ မောင်းနှင်ရခြင်းများရှိသဖြင့် ခရီးချိန်မှာ
၁၅ နာရီအထိ ကြာမြင့်လာပြီး ၎င်းတို့ကို ပြုပြင် အဆင့်မြှင့်တင်ခြင်းအားဖြင့် လမ်းခရီးကြာချိန်ကို
လျှော့ချနိုင်မည်ဟု မျှော်မှန်းထားသည်။
"သဘောတူညီမှု စာချုပ်ချုပ်ပြီးရင်ပေးမယ့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ က ပထမ အသုတ်
အနေနဲ့ ချေးမှာဖြစ်ပါတယ်။ နောက်နှစ်ထဲမှာပဲ ဒုတိယအသုတ် ကိုလည်းပေးသွားမှာပါ။ ရထားလမ်း
ပြန်လည် ပြုပြင်ချိန်က နှစ်နှစ်ကနေ သုံးနှစ်အတွင်းကြာမယ်လို့ ခန့်မှန်းထားတယ်။ ကျွန်တော်တို့
အနေနဲ့ လမ်းခရီးမှာ ရထားမောင်းနှင်မှုကြာချိန်ကို ၁၅ နာရီကနေ တစ်ဝက်အထိ လျှော့ချသွား
နိုင်မယ်လို့ မျှော်မှန်းထားပါတယ်" ဟု Mr. Tanaka ကပြောသည်။
(myanmar.mmtimes)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်ရန် ချေးငွေစာချုပ် မတ်လ လက်မှတ်ထိုးမည် ”

Post a Comment

Related Posts Plugin for WordPress, Blogger...