Monday, December 30, 2013

ဝိုင်းစုခိုင်သိန်းနှင့်တွေ့ဆုံခြင်း

,

“တကယ့်ပရိသတ်အစစ်ရဲ့ ကောင်းသောဝေဖန်ခြင်းမျိုးကို ကြိုဆိုပါတယ်။ မလိုလို့ပြောတဲ့အရာတွေကိုတော့ ၀ိုင်းစုမကြိုဆိုဘူး” 

အနုပညာမှာ ပါရမီပါတယ်လို့ဆိုရအောင် သရုပ်ဆောင်၊ အဆိုတော်နှစ်ဖက်လုံးမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေသူတစ်ဦးကတော့ ၀ိုင်းစုခိုင်သိန်းပါ။ “မက်လောက်စရာ”နှင့် “မျက်လှည့်”စီးရီးနှစ်ခွေထွက်ရှိထားပြီး “အာဘွား”စီးရီးသစ်ကို မကြာမီ ပရိသတ်လက်ထဲ အရောက်ပို့တော့မည့် သူတစ်ဦးလည်းဖြစ်ပါတယ်။ ယခုနောက်ပိုင်း ပြည်ပဖျော်ဖြေရေးတွေ သွားရုံသာမက ချစ်သူနဲ့အတူ ဖျော်ဖြေပွဲတွေစီစဉ်ခဲ့တာလည်း အောင်မြင်မှုရခဲ့ပါတယ်။ လတ်တလောလှုပ်ရှားမှုတွေအနေနဲ့ သရုပ်ဆောင်အလုပ်ထက် အဆိုဘက်ကိုဦးစားပေးနေပြီး ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ ဖျော်ဖြေပွဲတွေ ဆက်တိုက်သီဆိုဖို့ရှိတယ်ဆိုတဲ့  ၀ိုင်းစုခိုင်သိန်းကို ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး- လတ်တလောထွက်ရှိတော့မယ့် ၀ိုင်းစုရဲ့ တတိယမြောက် တစ်ကိုယ်တော်ခွေအကြောင်းကို ပြောပြပေးပါလား။
ဖြေ- “အာဘွား”ခွေက ၂၇ ရက်နေ့ ထွက်မှာပါ၊ ရန်ကုန်မှာ အဲဒီနေ့ ပရိုမိုးရှင်းပွဲတွေလုပ်မယ်၊ ပြီးရင် မန္တလေးနဲ့မြင်းခြံမှာလည်း လက်မှတ်ထိုးမယ်။
မေး- “အာဘွား”အခွေမှာရော ရှေ့ကထွက်ထားတဲ့ အခွေတွေနဲ့မတူအောင် ဘာတွေလုပ်ထားလဲ။ အရင်အခွေတွေက ပရိသတ်အားပေးမှုရပြီး အောင်မြင်ထားတော့ ဒီအခွေအပေါ်မှာရော စိုးရိမ်စိတ်ဖြစ်လား။
ဖြေ- ထူးထူးခြားခြားကြီးတော့ ၀ိုင်းစု အရမ်းမပြောင်းထားဘူး။ နည်းနည်းပါးပါးလေးပဲ။ ကျန်တာကတော့ ပုံစံအတူတူပါပဲ။ ၀ိုင်းစုဘက်ကတော့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ထားတယ်၊ အောင်မြင်မှုရဖို့က ပရိသတ်အားပေးမှုပေါ်မှာပဲ မူတည်မှာပါ။ ကိုယ့်ဘက်ကတတ်နိုင်သမျှ အကောင်းဆုံးလုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အရင်အခွေတွေလည်း အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒီအခွေကိုလည်း အကောင်းဆုံးကြိုးစားထားတယ်ဆိုတော့ ပရိသတ်ကိုပဲ အားကိုးရမှာပါ။
မေး- ရှေ့ကထွက်ထားတဲ့ တစ်ကိုယ်တော်ခွေတွေမှာ ပေါက်သီချင်းတွေရှိခဲ့သလို “အာဘွား”မှာရော ဘယ်သီချင်းတွေက ပရိတ်သတ်အားပေးမှုရမယ်လို့ ထင်သလဲ။တေးရေးတွေအနေနဲ့ရောဘယ်သူတွေပါလဲ။
ဖြေ- ခုလောလောဆယ်ကြိုက်ကြတာက “အာဘွား” လည်းကြိုက်ကြတယ်။ နောက်ဆုံးအချစ်ရယ်၊ Sweet Sixteen နဲ့ မိသားစုသီချင်းလေးကိုလည်း ကြိုက်ကြတယ်။ တေးရေးတွေက ရွှေဂျော်ဂျော်၊ ဆောင်းဦးလှိုင်၊ ဇ၀ါ၊ စံပီး၊ ဖိုးကာ၊ မိုးမိုးနဲ့ ဘန်နီဖြိုး။
မေး- အရင်ခွေတွေမှာပါတဲ့ R ဇာနည်နဲ့ဆိုထားတဲ့ လိုက်ဖက်တဲ့ဘ၀ သီချင်းဆိုရင် ပရိတ်သတ်တွေကြိုက်ကြတော့ ဒီအခွေမှာ စုံတွဲအနေနဲ့ဆိုထားတဲ့ သီချင်းတွေရောပါလား။
ဖြေ- ၀ိုင်းစု ဒီအခွေထဲမှာ Duet မထည့်ထားဘူး။ Duet က တစ်လပိုင်းမှ သက်သက်တစ်ခွေထပ်ထုတ်မယ်။ ပထမက ၂၀၁၃ ချစ်သူများနေ့အတွက် စီစဉ်ရင်းနဲ့ ဒီကြားထဲမှာ အတွဲခွေအနေနဲ့ ထုတ်မယ်ဆိုပြီး “အာဘွား”ကို အရင်ထုတ်ဖြစ်သွားတာ။ နောက်နှစ် ချစ်သူများနေ့အမီ တစ်လပိုင်းမှာတော့ ထုတ်ဖို့ကြိုးစားနေတယ်။
မေး- Duet ခွေမှာရော အမျိုးသားအဆိုရှင် ဘယ်နှစ်ယောက်လောက်ပါမလဲ။
ဖြေ- အဲဒီအခွေအတွက် သီချင်းပုဒ်ရေဆယ်ပုဒ်၊ ဒါမှမဟုတ် ဆယ့်နှစ်ပုဒ်ပေါ့။ အဲဒီလောက်တော့လုပ်မယ်။ သေချာတော့ မပြောတတ်သေးဘူး။
မေး- ၀ိုင်းစုအနေနဲ့ အခုနောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ရော၊ အဆိုတော်ရော လုပ်ဖြစ်နေတော့ အချိန်ကို ဘယ်လိုသတ်မှတ်ပြီးလုပ်ဖြစ်လဲ။                                                                                                                
ဖြေ- လောလောဆယ်ကတော့ ဖျော်ဖြေပွဲတွေလည်း များတယ်၊ ၀ိုင်းစု လုပ်စရာနှစ်ခွေရှိတော့ ကားရိုက်က အများဆုံးရိုက်ဖြစ်ရင်တောင် တစ်လတစ်ကားလောက်ပဲ ရိုက်ဖြစ်မယ်။ အဓိကက ဒီလပိုင်းက ပွဲတော်ရာသီဖြစ်တော့ ရှိုးပွဲပိုဆိုဖြစ်တာများလိမ့်မယ်။
မေး- သရုပ်ဆောင်ဘက်မှာ တစ်လကို တစ်ကားရိုက်မယ်ဆိုတော့ သရုပ်ဆောင်ဖို့ဇာတ်ရုပ်ကို ဘယ်လိုရွေးချယ်ပြီး ရိုက်ကူးဖို့ စီစဉ်ထားလဲ။ ကိုယ်တိုင်ရိုက်ချင်တဲ့ဇာတ်ရုပ်မျိုးရောရှိလား။
ဖြေ- ၀ိုင်းစုကိုရိုက်ဖို့ လာငှားတဲ့ ဇာတ်ကားရိုက်မယ့်ရက် အဆင်ပြေမယ်၊ နောက်ပြီး ဇာတ်လမ်းလည်းကြိုက်တယ်ဆိုရင် ရိုက်ဖြစ်မှာပါ။ ကိုယ်တိုင်ရိုက်ချင်တဲ့ဇာတ်ဆိုပြီး သီးသီးသန့်သန့်တော့မရှိပါဘူး။ တစ်ခါတလေတော့ ရိုက်ချင်တဲ့ ဇာတ်လေးတွေရှိတယ်၊ ကိုယ့်ကိုလာပြတဲ့ ဇာတ်တွေထဲမှာလည်း ကောင်းတာတွေရှိပါတယ်။
မေး- အခုနောက်ပိုင်းမှာ ပြည်ပမှာလုပ်တဲ့ ဖျော်ဖြေပွဲတွေလည်းသွားတယ်။ ကိုယ်တိုင်လည်း ပြည်ပဖျော်ဖြေပွဲတွေ စီစဉ်နေတော့ ဘယ်လိုအတွေ့အကြုံမျိုးတွေရလဲ။ ကိုယ်တိုင်စီစဉ်တဲ့ပွဲနဲ့  ဖျော်ဖြေရေးသီးသန့်သွားရတဲ့ပွဲတွေမှာ ဘာတွေကွာခြားမှုရှိလဲ။
ဖြေ- အတွေ့အကြုံကတော့ ဒီလိုပါပဲ။ သွားတယ်၊ လာတယ်။ ကိုယ်တိုင်စီစဉ်တဲ့ပွဲက ခုမှစလုပ်တာဆိုတော့ အခက်အခဲနည်းနည်းတော့ရှိတာပေါ့။ ဒါပေမဲ့ အဆင်ပြေပါတယ်။ တခြားပွဲတွေလည်း
သွားနေရတာဆိုတော့ ပုံမှန်ဖြစ်နေပါပြီ။ အရမ်းကြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ ကိုယ်တိုင်စီစဉ်တဲ့ပွဲကတော့ တာဝန်လည်းကြီးတယ်။ အဆိုတော်ရွေးရတာကအစ တီးဝိုင်းပါမယ်ဆိုရင် ဘယ်အဆိုတော်တွေခေါ်မလဲ။ ဟိုကပရိသတ်ကြိုက်မယ့် အဆိုတော်တွေကို ရွေးရတာပေါ့။ နောက်နှစ်လည်း ၀ိုင်းစုတို့ ပွဲလုပ်ဖြစ်မယ်ဆိုရင် ဘယ်အဆိုတော်တွေနဲ့ လုပ်မလဲ။ ဟစ်ဟော့ပ်ဆိုရင်လည်း ဟစ်ဟော့ပ်၊ တီးဝိုင်းနဲ့ဆိုရင်လည်း တီးဝိုင်းပေါ့။ အဓိကက အဆိုတော်တွေအတွဲညီဖို့ အရေးကြီးတယ်။ အဲဒါက ပရိသတ်အတွက်လည်း ပိုကောင်းတယ်။
မေး- ပြည်ပဖျော်ဖြေပွဲတွေ စီစဉ်တဲ့အခါမှာ တစ်ပွဲတည်းစီစဉ်တာနဲ့ ပွဲတွေအများကြီးစီစဉ်တာ ဘယ်ဟာကအဆင်ပြေလဲ။
ဖြေ- အဲဒါကျတော့ သွားရတဲ့နေရာအပေါ်မှာ မူတည်တယ်။ နီးတဲ့ပွဲကတော့ ပြဿနာမရှိဘူး။ ဘန်ကောက်တို့၊ စင်ကာပူတို့ကတော့ တစ်ပွဲတည်းလုပ်တာ ပိုကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဦးရေအရေအတွက်လည်း အရမ်းမများဘူး။ အမေရိကားမှာကျတော့ တစ်မြို့နဲ့တစ်မြို့ကလည်း အဝေးကြီးပဲ။ မြို့တိုင်းမြို့တိုင်းမှာလည်း ပွဲလုပ်လို့ရတယ်။ လူဦးရေကလည်း သူ့ဟာနဲ့သူများတဲ့မြို့ရှိသလို နည်းတဲ့မြို့လည်းရှိတယ်။ နောက်ပြီး လေယာဉ်စရိတ်လည်းကာမိအောင် ပွဲကများများလုပ်ရတယ်။ နီးတဲ့ပွဲတွေကတော့ လေယာဉ်စရိတ်လည်း အရမ်းမကုန်ဘူးလေ။ ဟိုမှာက လေယာဉ်စရိတ်ပဲ တစ်ယောက်ကို ဒေါ်လာ ၁၇၀၀၊ ၁၈၀၀ ကုန်တာဆိုတော့ တီးဝိုင်းပါမယ်ဆိုရင်ပဲ အဲဒီမှာလေးယောက်၊ အဆိုတော်က ငါးယောက်ဆိုရင်ပဲ အများကြီးဖြစ်သွားပြီဆိုတော့ ဒါကိုကျေအောင် ပြန်လုပ်ရတာပေါ့။
မေး- ဖျော်ဖြေပွဲတွေမှာ ပရိသတ်တွေက ဘယ်သီချင်းတွေကို အများဆုံးတောင်းလဲ၊ ခုထွက်မယ့် အာဘွားခွေထဲကသီချင်းတွေရော ဖျော်ဖြေဖြစ်လား။
ဖြေ- ပရိသတ်တွေက အရင်သီချင်းတွေရော မျက်လှည့်ထဲက သီချင်းတွေရော အားပေးကြပါတယ်၊ လမ်းမကြီးရဲ့ဘေး ၊ ချစ်ရိပ်ညနေ၊ ဆည်းလည်းသံ၊ ရုပ်ဆိုးမ အဲဒီသီချင်းတွေကတော့ အများဆုံးတောင်းကြတယ်၊ “အာဘွား”ခွေထဲက သီချင်းတွေတော့မဆိုဖြစ်ဘူး။ မထွက်သေးတဲ့သီချင်းတွေကို ၀ိုင်းစု ဆိုလေ့မရှိပါဘူး။
မေး- ဖျော်ဖြေပွဲတွေများလာတာနဲ့အမျှ ပရိသတ်တွေကြည့်ရတာ ထပ်မသွားအောင် ဘယ်လိုကြိုးစားလဲ။
ဖြေ- ထပ်မသွားအောင် အဓိကက ပွဲအကြီးတွေမှာတော့ ပါဖော့မန့်ထည့်တာပေါ့။ ဝေးတဲ့ နယ်တွေဆိုရင်တော့ ပါဖော့မန့်အရမ်းထည့်လို့မရဘူး။ တတ်နိုင်သမျှကတော့ ကိုယ်အဆိုပိုင်းကိုပဲ ကိုယ့်ဟာကိုယ် အကောင်းဆုံးမုဒ်ထည့်ပြီးဆိုတာပဲ များပါတယ်။ ဒီပွဲမှာ ဘာလုပ်မယ်ဆိုပြီး အရမ်းကြီးစီစဉ်လို့လဲမရဘူး။ ကိုယ့်သီချင်းကလည်း ဒါပဲဆိုတော့ ဒီထက်လည်း ပိုလုပ်လို့မရဘူး။
မေး- ချစ်သူရှိတယ်ဆိုတာ ပရိသတ်ကိုလည်း အသိပေးထားတယ်။ ဟိုတစ်ခါက ဖေ့စ်ဘွတ်ခ်မှာ အိမ်တက်ဆွမ်းကျွေးကို မင်္ဂလာဆောင်လို့ ပရိသတ်တွေကထင်ကြတယ်။ ခုဝါလည်းကျွတ်ပြီဆိုတော့ ၀ိုင်းစုရဲ့မင်္ဂလာသတင်းကြားရတော့မှာလား။
ဖြေ- မင်္ဂလာသတင်းက ၀ိုင်းစုလုပ်ပြီဆိုတာနဲ့ ပရိသတ်ကြီးကိုပြောပြမှာပါ။ ဘယ်အရာမှမကျိန်းသေဘူးလေ။ ကျိန်းသေတဲ့အရာမဟုတ်တော့ ကြိုမပြောချင်ဘူး။ သေချာပြီ၊ရက်အတိအကျသိပြီဆိုတာနဲ့ ပြောပြမှာပါ။
မေး- မင်းသမီးတစ်ယောက်အနေနဲ့ ကောလာဟလတွေ ကြုံလာရင်ရော ဘယ်လိုဖြေရှင်းဖြစ်လဲ။
ဖြေ- ကောလာဟလကတော့ မင်းသမီးမှမဟုတ်ပါဘူး။ အပြင်လူလည်းရှိတာပါပဲ။ မင်းသမီး၊ မင်းသား Celebrity ဖြစ်တဲ့အတွက် ပိုပြောကြတာပဲရှိတယ်။ ကောလာဟလဆိုတော့ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်းဖြစ်မှာပဲ။ အဓိကက ကိုယ့်ကိုဝေဖန်တယ်၊ အကြံပေးတယ်ဆို ကောင်းသောဝေဖန်ခြင်းမျိုး၊ တကယ့်ပရိသတ်အစစ်က ဝေဖန်ခြင်းမျိုးကို လက်ခံကြိုဆိုပါတယ်။ မဟုတ်ဘဲနဲ့ မလိုလို့ပြောတဲ့ အရာတွေကိုတော့ ၀ိုင်းစုမကြိုဆိုဘူး။
မေး- ၀ိုင်းစုကိုအားပေးနေတဲ့ ပရိသတ်ကြီးအတွက် လက်ဆောင်စကားလေးပြောပေးပါဦး။
ဖြေ- အောက်တိုဘာ ၂၇ ရက်မှာထွက်မယ့် အာဘွားခွေလေးကို အရင်ခွေတွေလိုပဲ အားပေးကြပါဦး။ ၀ိုင်းစုဘက်က တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ၀ိုင်းစုကို အားပေးခဲ့တဲ့ ပရိသတ်ကြီးရော၊ လက်ရှိအားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။    ။

 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ၀ိုင်းစုခိုင်သိန်းနှင့်တွေ့ဆုံခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...