Tuesday, December 31, 2013

နှစ်ရက်အတွင်း နှစ်ကြိမ် ဖွဲ့စည်းခဲ့ရတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်

,
                                       ၂၀၁၂ ဒီဇင်ဘာ ၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကြေးနီမိုင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်ခွင့်ပြုရန် သင့်/မသင့် စုံစမ်း စစ်ဆေးရန်အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို မြန်မာအစိုးရက နှစ်ရက်အတွင်း နှစ်ကြိမ်မြောက်အဖြစ် ၂၀၁၂၊ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။
ထို စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၉၂/၂၀၁၂ ဖြင့် ဒီဇင်ဘာ ၁ ရက်နေ့က လူပုဂ္ဂိုလ် ၃၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကာ ဒီဇင်ဘာ ၃ ရက်နေ့တွင် လူပုဂ္ဂိုလ် ၁၆ ဦး ဖြင့် ပြန်လည် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာ သမ္မတရုံး အနေနဲ့ ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၂) ကို ထုတ်ပြန်ကြေငြာအပြီး ၄ နာရီအကြာတွင် ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ ထိုသို့ ပယ်ဖျက်၊ ပြင်ဆင်လိုက်ရတဲ့ သတင်းထုတ်ပြန်ချက်နဲ့ အမိန့်ကြော်ငြာစာများဟာ ၂၀၁၂၊ နိုဝင်ဘာ ၂၉ ရက်နေ့၊ မနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြနေကြတဲ့ သံဃာတော်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မီးလောင်တိုက်သွင်း၊ အကြမ်းဖက်ခြင်းနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ပယ်ဖျက်လိုက်တဲ့ သတင်းထုတ်ပြန်ချက်တွင် ရဲတပ်ဖွဲ့က သံဃာတော်များအား မီးလောင်တိုက်သွင်း အကြမ်းဖက်ခြင်းနဲ့ ပတ်သက်ပြီး “ထိုသို့ ဆောင်ရွက်ရခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော် ၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။“ လို့ ဖော်ပြထားထာ တွေ့ရပါတယ်။ ထို့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ အမိန့်ကြော်ငြာစာတွင် “ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒ ဖော်ထုတ်ရတဲ့ အကြောင်းရင်း၊ ဆန္ဒ ဖော်ထုတ်မှုအပေါ် ထိမ်းသိမ်း ဆောင်ရွက်မှုနဲ့ သံဃာတော်များ ထိခိုက် ဒဏ်ရာရတဲ့အပေါ် သုံးသပ်ချက်“ တို့ကို ကော်မရှင်အနေနဲ့ အကြံပြု တင်ပြရန် ဖော်ပြထားသော်လည်း ဒီဇင်ဘာ ၃ ရက်နေ့ အမိန့်ကြော်ငြာစာမှာတော့ ထို အချက်အား ပယ်ဖျက်ထားတာကို တွေ့ရှိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ အမိန့်ကြော်ငြာစာတွင် စုံစမ်းရေး ကော်မရှင်ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး ဦးစစ်မြိုင် အပါအ၀င် လူပုဂ္ဂိုလ် ၃၀ ဖြင့် ဖွဲ့စည်းထားကာ ဒီဇင်ဘာ ၃ ရက်နေ့ အမိန့်ကြော်ငြာစာမှာတော့ ကော်မရှင်ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး ဦးကျော်တင့်ဆွေ အပါအ၀င် လူပုဂ္ဂိုလ် ၁၆ ဦးဖြင့် ဖွဲ့စည်းထားပါတယ်။ ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်တွင် ပထမ ဖွဲ့စည်းစဉ်က ပါဝင်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ ဦးအောင်ကြည်ညွန့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်၊ Myanmar Environmental Institute Chairman ဒေါက်တာဝင်းမောင်၊ စာရေးဆရာ မောင်ဝံသ (ဦးစိုးသိန်း)၊ နည်းပညာတက္ကသိုလ် (သံလျင်) ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ကေသီလွင်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဒု ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မာလာအောင်၊ Myanmar Peace Center က ဦးအောင်နိုင်ဦး (ယခင် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ) ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မင်းကိုနိုင်၊ ကိုကိုကြီး၊ စစ်ကိုင်းတိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဦးနေဦး၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ဌာနကြီးမှူး ဦးဝင်းကြည်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဦးစစ်မြိုင် တို့ ပါဝင်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က အစိုးရ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းကြောင်း ကြေငြာပြီး နာရီပိုင်းအတွင်း ၈၈ မျိုးဆက်ကျောင်းသားများက ထို ကော်မရှင်တွင် မပါဝင်နိုင်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထို့နောက် ဦးအောင်မင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ဒီဇင်ဘာ ၂ ရက်နေ့က သီးခြားစီ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။ စုံစမ်းရေး ကော်မရှင်အနေနဲ့ ကြားဖြတ် အစီရင်ခံစာကို ၂၀၁၃၊ ဇန်န၀ါရီ ၃၁ ရက်နေ့ အရောက် တင်ပြရန် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲပါ ဒုတိယမြောက် အမိန့် ကြော်ငြာစာတွင် ဖော်ပြထားပါတယ်။
မြင့်လှိုင်၊ဘားမားတူဒေး


0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နှစ်ရက်အတွင်း နှစ်ကြိမ် ဖွဲ့စည်းခဲ့ရတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်”

Post a Comment

Related Posts Plugin for WordPress, Blogger...