Tuesday, December 31, 2013

လပွတ္တာမီးလောင်မှု လူပေါင်း ၁၂၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်၊ အိမ် ၄၃ လုံးနှင့် ဆိုင်ခန်း ၁၇၀ ပျက်စီး

,
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ကန်ဘဲ့မြို့တွင် ဒီဇင်ဘာလ ၃၀ ရက် နံနက် ၂ နာရီကျော် အချိန်က ကန်ဘဲ့မြို့၊ ကမ်းနားဈေးဆိုင် တန်းရှိ ဦးဝတုတ် (ခ) ဦးဌေးအောင် မုန့်ဟင်းခါးဆိုင်၏ မီးကြွင်းမီးကျန်မှ စတင် မီးလောင်ကျွမ်းရာ လူပေါင်း ၁၂၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လူနေအိမ် ၄၃လုံးနှင့် ဈေးဆိုင်ခန်း ၁၇၀ မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လေးနာရီကြာ လောင်ကျွမ်းခဲ့သော မီးကို အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၂၄ ဦး၊ သန္ဓေမီးသတ် ခြောက်ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ဒေသခံများ ပါဝင်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီတွင် မီးငြိမ်းခဲ့ကြောင်း လပွတ္တာ ခရိုင် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ ကမ်းနားလမ်းရှိ အထည်ဆိုင်များ၊ ဆန်ဆိုင်များ၊ သံထည်ဆိုင်များ အကုန် လောင်ကျွမ်းသွားပြီး သိုလှောင်ထားသည့် လောင်စာဆီ ပီပါများ ပေါက်ကွဲမှု ရှိခဲ့ကြောင်း ဆန်ဆိုင်မီးထဲ ပါသွားသူ ဦးအောင်ဘိုဘိုက ပြောကြားသည်။
"ကျွန်တော်တို့လည်း တတ်နိုင်သမျှ သွားကူညီမှာပါ" ဟု လပွတ္တာမြို့ နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့မှ ကိုမျိုးဇော်ထွန်းက ဆိုသည်။ အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကန်ဘဲ့မြို့ မီးလောင်မှုတွင် မီးလောင်၍ အိုးမဲ့အိမ်မဲ့ ဖြစ်သူပေါင်း ၁၁၈၂ ဦးရှိပြီး ဆုံးရှုံးမှု တန်ဖိုး သိန်း ၅၀၀ ကျော်ရှိကြောင်း လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၂၁၄ စုကို စာသင်ကျောင်း အတွင်း စောင့်ရှောက်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် မြို့ပေါ်ရပ်ကွက် ၁၀ ခုမှ စုပေါင်း၍ နေ့လယ်စာအတွက် ထမင်းထုပ်၊ ရေသန့်ဘူး များကို သွားရောက်လှူဒါန်းကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောကြားသည်။
အမျိုးသား ဝတ်လုံချည်၊ အမျိုးသမီး ဝတ်လုံချည်၊ စောင်၊ မျက်နှာသုတ်ပဝါ၊ ဒန်အိုး၊ ဇလုံ၊ ဆပ်ပြာ၊ အဝတ်အထည်များ စသော မီးဘေးကယ်ဆယ်ရေး ပစ္စည်းရှစ်မျိုးကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် မီးဘေးသင့်သူများထံ ပေးအပ်ရန် စီစဉ်နေပြီး အိမ်ထောင်စု စာရင်း အတိအကျဖြစ်ရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့မှုကို စစ်ဆေးဆဲဖြစ်၍ အမှုအမှတ်ကို မသိရှိရသေးကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဝတုတ် (ခ) ဦးဌေးအောင်နှင့် ဦးအောင်အောင် တို့ကို စစ်ဆေးဆဲ ဖြစ်ကြောင်း လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လပွတ္တာခရိုင်တွင် လပွတ္တာ၊ ပြင်စလူ နှင့် မော်ကျွန်းမြို့နယ်များရှိပြီး လပွတ္တာ မြို့နယ်တွင် ကျေးရွာအုပ်စု ၆၂ စုရှိသည်။ 
(ရိုးရာလေး)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လပွတ္တာမီးလောင်မှု လူပေါင်း ၁၂၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်၊ အိမ် ၄၃ လုံးနှင့် ဆိုင်ခန်း ၁၇၀ ပျက်စီး”

Post a Comment

Related Posts Plugin for WordPress, Blogger...