Sunday, January 5, 2014

ရန်ဖြစ်၍ အဖမ်းခံရသည့် ထိုင်းရောက်မြန်မာ ၁၀၀ ကျော် နေရပ်ပြန်ပို့ခံရ

,
ထိုင်းနိုင်ငံ လယောင်းမြို့တွင် ထိုင်းနိုင်ငံသားများနှင့် ရန်ဖြစ်၍ ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၁၂၈ ဦးအနက် ၁၂၄ ဦးကို ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

လယောင်းမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ကယား တိုင်းရင်းသား လုပ်သားတစ်ဦး ဒီဇင်ဘာလ ၃၁ ရက်နေ့က ဈေးဝယ်ရာ၌ ကျသင့်ငွေ ပေးချေရာတွင် အငြင်းပွားမှု ဖြစ်ပွားရာမှ စတင်ကာ ထိုင်းနှင့် မြန်မာလုပ်သားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံသားများ ထိုးကြိတ်မှုကြောင့် ကယား တိုင်းရင်းသား မျက်နှာတွင် ညိုမည်းဒဏ်ရာများ ရရှိခဲ့ပြီး ထိုင်းနိုင်ငံသားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြန်မာ လုပ်သားတစ်ဦး၏ ညာဘက် လက်မောင်းတွင် သေနတ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။
“ပိုက်ဆံ ရှင်းပြီးပြီ။ မရှင်းရသေးဘူး ပြောတာကနေ ရန်ဖြစ်ကြတာ” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၁၂၈ ဦးမှာ ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) စနစ်အရ တရားဝင် သွားရောက် လုပ်ကိုင်သူများ ဖြစ်ပြီး ပြန်ပို့ခံရသူများအနက် အချို့မှာ မြဝတီမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကာ အချို့မှာ မဲဆောက်မြို့တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါ ရန်ပွဲကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၂၈ ဦးအနက် ၁၂၄ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီ ဖြစ်ပြီး ကျန်လေးဦးကိုပါ မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်သော်လည်း တရားဝင် အထောက် အထားများ မရှိသဖြင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ လုပ်သားများကို တရားဝင်လိုင်စင် ရထားသည့် အေဂျင်စီများက ပို့ဆောင်ထားခြင်း ဖြစ်ပြီး ယွန်းနဒီဦး၊ ပုလဲမိုး၊ ရွှေရည်ဖြိုးအောင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတို့က ပို့ဆောင်ထားသူများ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာထံမှ သိရှိရသည်။

ဇန်နဝါရီ ၃ ရက်နေ့တွင် ပြန်လာသူ ၁၂၇ ဦးအနက် သုံးဦးမှာ ဖမ်းဆီးခံရသူများ မဟုတ်ဘဲ ၎င်းတို့ဆန္ဒအရ ပြန်လာသူများ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
The Voice Weekly 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရန်ဖြစ်၍ အဖမ်းခံရသည့် ထိုင်းရောက်မြန်မာ ၁၀၀ ကျော် နေရပ်ပြန်ပို့ခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...