“အာဆီယံအစည်းအဝေးကျင်းပရေးကော်မတီရဲ့ လမ်းညွှန်ချက်ထဲမှာ ဆက်သွယ်ရေးစနစ်တစ်ခု တည်ဆောက်ရမယ်ဆိုတာလည်းပါတယ်။ လုံခြုံရေးအတွက်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် သီးသန့်လိုင်းတစ်ခုအနေနဲ့ အဓိကထားပြီး အသုံးပြုသွားမှာဖြစ်သလို ဂျီအက်စ်အမ်ဖုန်းလိုင်းတွေ အကယ်၍ ပြတ်တောက်သွားခဲ့ရင်လည်း အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော်ကောင်စီမှ ဒုအထွေထွေမန်နေဂျာ ဦးသိန်းဟုတ်ကပြောသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းလိုင်းနှင့် ရေဒီယိုဆက်သွယ်ရေးလိုင်းများအတွက် အထောက်အကူဖြစ်စေမည့် Two Way Digital Trunking Radio System ဆက်သွယ်ရေးစနစ်ကို နေပြည်တော်တွင် လေဆိပ်အပါအ၀င် Repeators ခြောက်ခု၊ ရန်ကုန်မြို့တွင် လေဆိပ်အပါအ၀င် Repeator ခုနစ်ခု၊ မန္တလေးမြို့တွင် လေဆိပ်အပါအ၀င် Repeator သုံးခုနှင့် အရန် Repeator တစ်ခုထားရှိ အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါစနစ်တွင် လက်ကိုင်ဖုန်းအလုံးရေ ၉၈၀ နှင့် ယာဉ်တင်အမျိုးအစား စက်ပစ္စည်းအခု ၂၀ တို့ကို အသုံးပြုသွားမည်ဖြစ်သည်။
“အခုအသုံးပြုမယ့်စနစ်ဟာ ဥပမာ-အာဆီယံအစည်းအဝေးမှာ လာတဲ့ဧည့်သည်တွေကို တစ်နေရာကနေ အခြားနေရာတစ်ခုကို ပို့ဆောင်ပေးဖို့အတွက် သူတို့အချင်းချင်း ဆက်သွယ်တဲ့အခါမှာ ကြားခံပစ္စည်းမရှိဘူး။ တိုက်ရိုက်ပြောလို့ရတယ်။ သူတို့ပြောတဲ့ဟာတွေကိုလည်း တခြားလူတွေကမကြားနိုင်ဘူး”ဟု ဦးသိန်းဟုတ်ကရှင်းပြသည်။
အဆိုပါစနစ်ကို အာဆီယံအစည်းအဝေးများ ကျင်းပမည့်နေရာများ၊ ဧည့်သည်များတည်းခိုမည့် ဟိုတယ်များ၊ လေဆိပ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် အသုံးပြုသွားမည်ဖြစ်သည်။ လက်ရှိတွင် လုပ်ငန်းများအကောင်အထည်ဖော်ရန် ဇန်န၀ါရီ ၃၀ ရက်မှစ၍ ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး ပြည်တွင်းကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ကာ လုပ်ငန်းများကို မတ်လထဲတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
ထို့အပြင် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲများတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာနှစ်ခုလုံး၏ ပြင်ပဧရိယာများတွင် အင်တာနက် WiFi စနစ်ဆောင်ရွက်ရန် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ထားပြီဖြစ်သည်။
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC)နှစ်ခုအတွက် WiFi-Fi Area Network တည်ဆောက်ရန် စိတ်ဝင်စားသူများ ဖိတ်ခေါ်ထားပြီး ပြည်တွင်းပြည်ပကုမ္ပဏီ သတ်မှတ်ချက်မရှိသော်လည်း မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဒုအင်ဂျင်နီယာချုပ်ကပြောသည်။
“တခြားကန့်သတ်ချက်မရှိပေမယ့် မြန်မာကျပ်ငွေနဲ့ပဲ လုပ်ရမယ်။ ပြီးတော့ အခုအာဆီယံအစည်းအဝေးတွေကလည်း ပုဂံဘက်တွေမှာစနေပြီဆိုတော့ အခု MICC မှာလည်း မြန်မြန်လုပ်ရမှာဖြစ်တဲ့အတွက် လာလျှောက်တဲ့အထဲက အမြန်ဆုံးရွေးချယ်ပေးသွားမှာပါ”ဟု ၎င်းကပြောသည်။
စိတ်ဝင်စားသည့်ကုမ္ပဏီများအနေဖြင့် နေပြည်တော်ရှိ သတင်းအချက်အလက်နှင့် နည်းပညာဌာနအင်ဂျင်နီယာချုပ်ရုံးသို့ ဖေဖော်ဝါရီ ၇ ရက်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
နိုင်လင်းအောင်
ရန်ကုန်၊ ဖေဖော်ဝါရီ-၁

