ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တွင် ကျင်းပမည့်
ငါးကြိမ်မြောက် BarCamp Yangon 2014 ၌ အမုန်းပွားမှုကို
ဖြစ်စေနိုင်သည့်ခေါင်းစဉ်များနှင့် ကိုယ်ကျိုးအတွက်
စီးပွားရေးကြော်ငြာဆန်သည့် ခေါင်းစဉ်များကို ထည့်သွင်းပြောကြားရန်
ခွင့်ပြုပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။
“အရင်နှစ်တွေတုန်းကလည်း အမုန်းပွားစေနိုင်တဲ့ Hate Speech တို့၊ လာပြောတဲ့သူက သူ့ကုမ္ပဏီကြော်ငြာဖို့အတွက် လုပ်တာတို့ဆိုရင်တော့ ဆွေးနွေးလို့မရဘူးပေါ့။ ဒီနှစ်လည်း ဒီလိုပါပဲ”ဟု စီစဉ်သူတစ်ဦးဖြစ်သည့် ကိုထူးမြင့်နောင်ကပြောသည်။
ထို့ပြင် ခေါင်းစဉ်ရှစ်ခုခန့် တစ်ပြိုင်နက်ဆွေးနွေးနိုင်ရန် စီစဉ်ထားမည်ဖြစ်ရာ တက်ရောက်သူများအနေဖြင့် ရွေးချယ်စရာခေါင်းစဉ် များပြားနေသည့်အတွက် အသိပညာတိုးပွားမည့် ခေါင်းစဉ်များကိုသာ ရွေးချယ်တက်ရောက်မည်ဖြစ်ပြီး ကုမ္ပဏီကြော်ငြာဆန်သည့် ဆွေးနွေးမှုများသို့ မတက်ရောက်ခြင်းကြောင့် ထိုခေါင်းစဉ်မျိုးကို ထည့်သွင်းမဆွေးနွေးလိုခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကပြောသည်။
ယခုနှစ် ဘားကမ့်တွင် နည်းပညာ၊ ဖန်တီးမှု၊ စွန့်ဦးတီထွင်၊ အထွေထွေ အစရှိသည့်ဇုန်များ သတ်မှတ်ထားမည်ဖြစ်ပြီး အဆိုပါဇုန်များတွင် သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည်ဖြစ်ရာ တက်ရောက်သူများအနေဖြင့် မိမိဆွေးနွေးလိုသည့်ခေါင်းစဉ်ကို လွယ်ကူစွာရွေးချယ်နိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
BarCamp 2014 အတွက် Fellowship အစီအစဉ်အနေဖြင့် လူဦးရေ ၃၀ ကို ရွေးချယ်မည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မြို့များမှ တက်ရောက်လိုသူများလည်း လျှောက်ထားနိုင်ပြီး ရန်ကုန်တွင် နေထိုင်စရိတ်များကို BarCamp Yangon စီစဉ်သူများက အကုန်အကျခံမည်ဖြစ်ကာ ဘားကမ့်စီစဉ်မှုများကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Credit to --ဆွေမွန်(7.days News)

_0.jpg)