Tuesday, October 7, 2014

မြန်မာနိုင်ငံ၏ ဆင်းမ်ကဒ်ဝယ်အား ကမ္ဘာကအံ့ဩ

,
ယခင်က မြန်မာ့ဆက်သွယ်ရေး (MPT) တခုတည်း လက်ဝါးကြီးအုပ်ထားသော လက်ကိုင်ဖုန်းဈေးကွက်ကို စတင် ဖွင့်လှစ်သည်နှင့် မြန်မာနိုင်ငံတွင် တလအတွင်း ဆင်းမ်ကဒ် တသန်းကို ပြိုက်ကနဲ ရောင်းချလိုက်နိုင်သော စံနှုန်းသည် ကမ္ဘာ့ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဆင်းမ်ကဒ်ဝယ်ယူမှု အားကောင်းလှခြင်းကို အမေရိကန်နိုင်ငံ၏ ဈေးကွက်ဖြင့် နှိုင်းယှဉ်ထားသည်။ လူဦးရေ ၃၀၈ သန်းနီးပါးရှိသော အမေရိကန်နိုင်ငံတွင် သုံးလတာကာလအတွင်း ရောင်းရသော ဆင်းမ်ကဒ်အသစ် အရေအတွက်မှာ ၁၃၉,၀၀၀ သာရှိသည်။ လူဦးရေ ၅၁ သန်းသာ ရှိသော မြန်မာနိုင်ငံတွင် တလအတွင်း ကဒ် တသန်း ရောင်းနိုင်ခြင်းမှာ မျက်လုံးပြူးစရာ ဖြစ်နေပေသည်။
ကာတာနိုင်ငံမှ အူရဒူးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဩဂုတ်လမှ လုပ်ငန်းစတင်ခဲ့သော တလအတွင်း ကဒ်တသန်း အရောင်းစံချိန်သည် မူလက ဈေးကွက်ကို တဦးတည်း မောင်ပိုင်စီးထားသော MPT ထက် ၆ ဆ များပြားသည်။ နောက်ထပ် အသစ်ဝင်လာမည့် နော်ဝေနိုင်ငံမှ တယ်လီနောကလည်း အလားတူပင် ကဒ်တသန်း ရောင်းချရန် မျှော်လင့်ချက်ဖြင့် ဆင်းမ်ကဒ် ၁၀ သန်း အရန်သင့် စီစဉ်ထားကြောင်း သိရသည်။
ဆုတောင်းလေ ဆုတောင်း
MPT သည် ဆင်းမ်ကဒ်များကို အကန့်အသတ်ဖြင့် မဲဖောက်ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ရပြီ ဖြစ်ပါသည်။ ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီကြီး တခုဖြစ်သော KDDI နှင့် မဟာမိတ်ဖွဲ့ထားသည့် MPT ကလည်း ယခု အောက်တိုဘာလတွင် ဆင်းမ်ကဒ် ၁ သန်း ရောင်းချရန် မျှော်လင့်လျက်ရှိ၏။
အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး (MPT) သည် အခြားနိုင်ငံများတွင် အခမဲ့ သို့မဟုတ် အလွန်ဈေးချိုသာသော ဆင်းမ်ကဒ်တခုကို မြန်မာကျပ် ၂၅ သိန်းအထိ ဈေးတင်ရောင်းချခဲ့ပြီး ဖုန်းသုံးစွဲသူအချို့မှာ သိန်း ၄၀ အထိပင် ပေးခဲ့ကြရသည်။ ထို့ပြင် ဆက်သွယ်ရေး နှေးကွေးညံ့ဖျင်းလှသည့်တိုင်အောင် ဆက်သွယ်ခကို ဈေးခေါင်ခိုက်အောင် သတ်မှတ်ထားသောကြာင့် မြန်မာလူထုက MPT ကို အလွန် မုန်းတီးစက်ဆုပ်ခဲ့ကြသည်။
ထို့ကြောင့်၊ အစ္စလာမ်နိုင်ငံဖြစ်သည့် ကာတာမှ အူရဒူးကို သပိတ်မှောက်ရန် ဘာသာရေးအစွန်းရောက် ဘုန်းကြီးများက လှုံ့ဆော်တိုက်တွန်းနေသည့်ကြားမှ တလအတွင်း ကဒ်တသန်း ရောင်းချနိုင်ခြင်း ဖြစ်သည်။
ဆင်းမ်ကဒ်များ ဝယ်အားကောင်းနေသည်မှာ မြန်မာပြည်မှ ဖုန်းသုံးသူများသည် ကုမ္ပဏီအမျိုးမျိုးမှ ဆင်းမ်ကဒ်များကို ဝယ်ယူထားပြီး ဈေးနှုန်းအသင့်ဆုံး ကဒ်ကို ပြောင်းလဲ သုံးစွဲကြသောကြောင့် ဖြစ်သည်။ “ကျွန်မမှာ MPT ကဒ် နှစ်ခုရှိတယ်၊ အူရဒူးကဒ် တခုရှိတယ်၊ ဒီလမှာ တယ်လီနောလာရင်လည်း တခုလောက်တော့ ဝယ်ထားမယ်” ဟု ရန်ကုန်မြို့မှ အရောင်းဈေးသည် မသူဇာက ပြောကြားသည်။ “တယ်လီနောရဲ့ အင်တာနက်နှုန်းက ဈေးသက်သာပြီး အူရဒူးရဲ့ တဝက်လောက်ပဲ ရှိမယ်ဆိုတော့ ကျွန်မရဲ့ လခလေး အကုန်ပြောင်မသွားဘဲ ဗိုက်ဘာ ဗီဒီယို သုံးနိုင်မယ်လို့ မှန်းတာပဲရှင်” ဟု သူမက ပြောကြားသည်။
ပြိုင်ချင်တိုင်းပြိုင် ပြည်သူနိုင်မည့်ပွဲ
MPT လက်ဝါးကြီး အုပ်ထားသော ဈေးကွက်သို့ ပထမဆုံး တိုးဝင်လာသော အူရဒူးသည် လက်ကိုင်ဖုန်း ဆက်သွယ်ခရော အင်တာနက်အသုံးပြုခကိုပါ ရက်ရက်စက်စက် လျှော့ပေးပြီး ထိုးနှက်ခဲ့သည်။ မြန်မာဈေးကွက်ကို ဝင်နိုင်အောင် ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးကုန်ကျစရိတ် ကြီးမားလှသော်လည်း သုံးသမျှ ပေးရသည့် နှုန်းမှာ ကမ္ဘာပေါ်တွင် အနည်းဆုံး ဖြစ်၏။
မြန်မာနိုင်ငံတွင် အူရဒူး၏ နှုန်းထားသည် ၁ မဂ္ဂါဘိုက်ကို ၀.၀၁ ဒေါ်လာသာ သတ်မှတ်ထား၍ စင်ကာပူနိုင်ငံ၏ ထိပ်တန်းကုမ္ပဏီကြီး ဖြစ်သော ဆင်းတဲလ်၏ ၁၀ ကီလိုဘိုက်လျှင် ၀.၀၂၁ ဒေါ်လာထက် များစွာ ချိုသာသည်။ (၁ မဂ္ဂါဘိုက်သည် ၁,၀၀၀ ကီလိုဘိုက်နှင့် ညီမျှသည်။)
ယခု အောက်တိုဘာလတွင် မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်တော့မည့် တယ်လီနောသည် လက်ဦးမှု ယူထားသော အူရဒူးကို ယှဉ်ပြိုင်နိုင်ရန် မြန်မာပရိသတ်ကို ပို၍ သက်သာသော ဈေးနှုန်း၊ ပို၍ ကောင်းသော ဝန်ဆောင်မှုတို့ဖြင့် ဆွဲဆောင်ရတော့မည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ၊ MPT ၏ လက်ဝါးကြီးအုပ်စနစ်မှ လွတ်မြောက်တော့မည့် မြန်မာပြည်သူများသည် ဆက်သွယ်ရေးကုမ္ပဏီ အချင်းချင်း ပြိုင်ဆိုင်မှုကြောင့် အကျိုးကျေးဇူး ရှိလိမ့်မည်ဟု လုပ်ငန်းဆိုင်ရာ စီးပွားရေး ပညာရှင်များက သုံးသပ်နေကြသည်။

(ကမ္ဘာသစ် လူမှုစီးပွားမီဒီယာ)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာနိုင်ငံ၏ ဆင်းမ်ကဒ်ဝယ်အား ကမ္ဘာကအံ့ဩ ”

Post a Comment

Related Posts Plugin for WordPress, Blogger...