Thursday, October 2, 2014

****နောက်ကွယ်ကလူ အလွန်ယုတ်မာ၏ *****

,
မြန်မာ့ငြိမ်းချမ်းရေးဌာနမှာ UPWC နဲ့ NCCT တို့
ဆဌမအကြိမ်ဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက်မကျနိုင်ဘဲ ပြီးသွားခဲ့ပြီး နောက်တစ်ကြိမ်ထပ်မံချိန်းလိုက်ပြန်ပြီဖြစ်တယ်။ UPWC နဲ့ NCCT တို့ရဲ့ စက်တင်ဘာ ၂၂ ကစခဲ့တဲ့ ဆွေးနွေးပွဲမှာ မူကြမ်း ၁၀၄ ချက်ထဲက အယင်တစ်ခေါက်ကညှိနှိုင်းဖို့ကျန်ခဲ့တဲ့ အချက်ငါးချက်ကိုဆွေးနွေးကြမှာလို့ဆိုခဲ့တယ်။ ဒါကြောင့် ဒီတစ်ခေါက် ဆွေးနွေးပွဲမှာတော့ဖြင့် အားလုံးပြေလည်နိုင်မယ့် မူကြမ်းတစ်စောင်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့် အခုထိတော့ သဘောတူညီနိုင်မယ့်အရိပ်လက္ခဏာ မတွေ့ရသေးဘူးဖြစ်ပါတယ်။ တစ်ဖက်ကသိနေရတာက အယင်ပဉ္စမအကြိမ်ဆွေးနွေးပွဲမှာပါခဲ့တဲ့ တိုင်းရင်းသားတွေနဲ့အဆင်ပြေတဲ့ စစ်တပ်ဘက်ကကိုယ်စားလှယ်တွေပါမလာတော့ဘဲ ခုတက်လာတဲ့သူတွေက အယင်တစ်ခေါက်သဘောတူပြီးသား ဖက်ဒရယ်ကိစ္စတွေအပေါ်မှာ သဘောမတူနိုင်ပြန်ဘူးနဲ့ ရှုံ့ချီ နှပ်ချီလုပ်နေတာတွေ့ရတယ်။ ဒါကြောင့် ဆွေးနွေးပွဲဟာ နောက်ပြန်လည်ကျသွားတာဖြစ်တယ်။


အဲဒီတော့ ထင်ရှားနေတဲ့အချက်တစ်ခုက ငြိမ်းချမ်းရေးကို အဆင်မပြေစေချင်သေးတဲ့သူတွေရှိနေတယ်ဆိုတာ ထင်ရှားနေတယ်။ အဲဒီသူတွေဟာ စစ်တပ်ဘက်ကဆိုတာလည်းပေါ်လွင်နေတယ်။ အဲဒီစစ်တပ်ဘက်ဆိုတာမှာလည်း ကာချုပ်ရဲ့အထက်မှာရှိတဲ့ နောက်ကွယ်ကလူတစ်ယောက်ရဲ့ ပုံသဏ္ဌန်ကို ရေးရေးလေးသာမဟုတ် ထင်းထင်းရှင်းရှင်းမြင်နေရလို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားတွေပြောနေလို့ အဆင်ပြေမယ်ကြံကာရှိသေး ခုလိုအဖျက်အမှောင့်တွေကဝင်လာတာဖြစ်တယ်။ တစ်တိုင်းပြည်လုံးအဆင်ပြေသွားမှာ စိုးရိမ်နေတဲ့သူဆိုတာ ဒီတိုင်းပြည်ထဲမှာ များများစားစားရှိတာမဟုတ်ဘူး။ လက်ချိုးရေလို့ရတယ်။ ခုလည်း မြဝတီနဲ့ မွန်ပြည်နယ်ဘက်မှာ DKBA နဲ့ ဖြစ်တဲ့ပြဿနာမှာ
မြဝတီမှာရှိတဲ့ KNU ခေါင်းဆောင်တစ်ချို့ရဲ့ အိမ်တွေဝင်ရှာတာတို့၊ DKBA ကိုကန့်သက်တာတို့လုပ်နေတယ်။ တကယ်က KNU ကိုရန်စပြီး ပြဿနာရှာနေတာဖြစ်တယ်။ လက်ပံတောင်းမှာ အမှုပိတ်ပြီးသား တရုတ်နှစ်ယောက်အမှုမှာ မဆိုင်တဲ့ သမဂ္ဂကျောင်းသူကိုဖမ်းပြီး အာမခံမပေးဘဲထားတာမျိုးနဲ့ သမဂ္ဂကိုရန်စတာမျိုးလုပ်နေပုံနဲ့တူပါတယ်။ အဲဒီလိုပဲ NLD က ရွေးကောက်ပွဲနိုင်ရင် သမ္မတမရှိမှာစိုးလို့ ရွှေမန်းကိုလျာထားတယ်ဆိုတာမျိုးနဲ့ ရန်စနေပုံမျိုးတွေအားလုံးက ဘယ်သူ့လက်ချက်လဲဆိုတာ ခန့်မှန်းလို့ရနေတယ်။ သူရန်စပြီး အစဖော်နေတဲ့ ဆင်ကွက်တွေထဲကို သက်ဆိုင်သူတွေကမဝင်ကြပါဘူး။ ကျောင်းသားသမဂ္ဂတို့၊ ၈၈ မျိုးဆက်တို့၊ NLD တို့က မန္တလေးပြဿနာတုန်းကလိုဘဲ။ အားလုံးက လူယုတ်မာတွေရဲ့အကြံကိုသိပြီးသားမို့ ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်ဖြေရှင်းနေတာမြင်နေရတယ်။

KNU မှာ ဗိုလ်ချုပ်မြရှိနေစဉ်တုန်းက အပစ်ရပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးချောချောမွေ့မွေ့နဲ့ပြီးဆုံးကာနီးမှာ အဲဒီတုန်းကထိပ်ဆုံးမှာရှိတဲ့ အကြီးအကဲဆိုတဲ့ (အခုပြောနေတဲ့နောက်ကွယ်ကလူ)က KNU ကို လက်နက်ဖြုတ်ခိုင်းတာကြောင့် ဆွေးနွေးပွဲပျက်ပြားခဲ့ရဖူးတယ်။ အခုလည်းဒီလိုပဲ။ ဒီတစ်ခါကပိုဆိုးတယ်။ တိုင်းရင်းသားအားလုံးပါတဲ့ UNFC နဲ့မှဖြစ်တာဆိုတော့။ စစ်တပ်ရဲ့သဘောထားဆိုတာဟာ သူတို့နောက်ကွယ်က အဘယုတ်ကြီးရဲ့ စိတ်ဆန္ဒပဲဆိုတာ ထင်ရှားနေပြီဖြစ်ပါတယ်။
အခုလည်း အောက်တိုဘာလစဉ်မိန့်ခွန်းမှာ သမ္မတသုံးသိန်းစိန်က တစ်ပြည်လုံးအပစ်ရပ်ရေးစာချုပ်မချုပ်နိုင်ခဲ့ရင် တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတောင်ထိခိုက်နိုင်တယ်ဆိုပြီး ပြောလာပြန်တော့ သူတို့ရဲ့ငြိမ်းချမ်းရေးအပေါ်ထားတဲ့ သဘောထားဟာရှင်းနေပြီဖြစ်ပါတယ်။ အားလုံးကို အကြောက်တရားနဲ့ဖိနှိပ်ထားချင်သေးတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ငြိမ်းချမ်းရေးကအဓိကလို့ပြောပြီး မငြိမ်းချမ်းအောင်လှုံ့ဆော်နေတဲ့ သဘောထားနဲ့ အပြုအမူတွေက မီးစတစ်ဖက်နဲ့ ဓာတ်ဆီတစ်ပုလင်းကိုင်ပြီး ဆော့ကစားနေသူလိုပါပဲ။ ဒီလိုသဘောထားမျိုးဟာ Press Media ပေါ်မှာ သမ္မတရဲ့အကြံပေးဆိုတဲ့ နေဇင်လတ်က ရေးတက်သလို TV Broadcast မှာ သမ္မတရဲ့အကြံပေး ကိုကိုလှိုင်က ပြည်သူအပေါ်ခြိမ်းခြောက်နေကျစကားတွေနဲ့ ပြောတက်တာမို့ အကြောင်းအရာကအတူတူပါပဲ။
အဲဒီလိုပြောနေ၊ ရေးနေကြလို့ သူတို့ဘက်ကများ အေးချမ်းချင်နေတယ်လို့ထင်မနေပါနဲ့။ အပေါ်မှာပြောခဲ့သလို ကျောင်းသားသမဂ္ဂကိုရန်စနေတာမျိုးတွေ၊ KNU ကိုသွားဆွနေတာတွေ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ လယ်ယာမြေမှုခင်းတွေမှာ ဒုတိယဆရာစံသူပုန်မျိုးပေါ်ထွက်လာအောင် သွေးထိုးလှုံ့ဆော်နေတာတွေ၊ ရခိုင်အရေးအခင်း၊ မိတ္ထီလာအရေးအခင်း၊ သန္တိသုခအရေးအခင်း၊ မန္တလေးအရေးအခင်းကြီးတွေလိုမျိုးကို တမင်ဖန်တီးပြီး တိုင်းဆူပြည်ဖျက်လုပ်ရပ်တွေလုပ်နေပုံမျိုးတွေရဲ့ မူလရည်ရွယ်ချက်ကဘာလဲ။ လူတွေကိုလမ်းပေါ်ထွက်လာစေချင်တယ်။ ဆန္ဒပြဆူပူရမ်းကားမှုတွေလိုမျိုး သိပ်ဖြစ်စေချင်နေတယ်။ အဲဒါဟာ ခုစစ်တစ်ပိုင်းအစိုးရရဲ့ ဆန္ဒအစစ်အမှန်ပဲ။ ဒါပေမယ့် အဲဒီလို ဆူပူရမ်းကားတယ်ဆိုတာမှာလည်း ထိန်းမနိုင်သိမ်းမရဖြစ်ပြီး သူတို့အာဏာကိုကိုင်လှုပ်ခါချခဲ့တဲ့ ၈၈ အရေးအခင်းကြီးလိုမျိုးလည်း မဖြစ်စေချင်ပြန်ဘူး။ သူတို့ထိန်းနိုင်သိမ်းနိုင်ပြီး ပြည်သူကိုအပြစ်ပုံချလို့လည်းရမယ့် အနေအထားအထိလည်း ဆူစေချင်ပြန်တယ်။ အဲဒါမှ သူတို့အာဏာပြန်ယူပြီး၊ ၂၀၁၅ ကိုလည်း ရှောင်လွှဲလို့ရမယ်လို့တွက်ထားပုံပေါ်နေပါတယ်။ လိုရင်းအချုပ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲကိုသူတို့ မလုပ်ရဲတော့ဘူး။ ဒါပေမယ့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၁၅ မှာ လုပ်ပေးပ့ါမယ်ဆိုတာကိုလည်း ကမ္ဘာသိကြေညာထားပြီးတဲ့အတွက် ကျွန်တော်တို့ကတော့ လုပ်ပေးချင်ပါတယ်၊ တိုင်းပြည်အခြေအနေကတော့ မြင်တဲ့အတိုင်းပါပဲဆိုတဲ့ အပေါက်ချိုးချင်နေတာ သိပ်ထင်ရှားပါတယ်။ ပြည်သူကတပ်ဆင်ထားတဲ့ လက်နက်ကိုကိုင် ယူနီဖောင်းကိုဝတ်ပြီး ယောက်ျားကောင်းတွေလို မနေတက် မပြောတက် မလုပ်တက်တဲ့သူတွေရဲ့ အနေ အပြော လုပ်ရပ်တွေပါပဲ။
သိပ်ပြီးရှင်းပါတယ်။ အခုလိုမျိုး တိုင်းပြည်ထဲမှာ ပြဿနာပေါင်းစုံပစ်ချလိုက်သလို Crisis floweryဖြစ် ဖြစ်အောင် လုပ်နိုင်တဲ့သူဆိုတာ ရှားရှားပါးပါးတစ်ယောက်ပဲရှိပါတယ်။ အဲဒီသူကတော့ ကမ္ဘာတစ်လွှား ရှာမှရှား ဗမာပြည်သား ဗမာ့နိုင်ငံရေးကန့်လန့်ကာနောက်ကွယ်က လူယူတ်မာကြီးပဲဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို စားကောင်းသောက်ကောင်းလောက်ပဲပြောပြီး တကယ်မငြိမ်းချမ်းချင်တာက အဘယုတ်ကြီးရဲ့ပင်ကိုယ်စိတ်ပဲ။ ဘယ်သူတွေဘယ်လောက်ပဲ စိတ်ရင်းကောင်းကောင်းနဲ့ တွေ့ဆုံဆွေးနွေးနေကြပေမယ့် နောက်ဆုံးအဆင့်မှာ အားလုံးကို ဖျက်ပစ်မယ့်သူစောင့်နေတယ်။ အဲဒါကို စစ်တပ်ကလည်းမပြောရဲဘူး၊ အစိုးရအဖွဲ့ကလည်းမပြောရဲဘူး၊ လွှတ်တော်ကလည်းမပြောရဲဘူး။ စစ်တပ်ရဲ့အခန်းကဏ္ဍကြီးမားနေပါမှ၊ နိုင်ငံရဲ့ အရင်းအမြစ်အားလုံးကို စစ်တပ်က ကိုင်ထားနိုင်ပါမှ ဖြစ်မယ်ဆိုတဲ့အမြင်ဟာ အဲဒီအဘယုတ်ကြီးရဲ့အမြင်ပဲ။ စစ်တပ်ရဲ့အခန်းမြင့်မားမှ ဘယ်သူမှ စစ်တပ်ကို မော်ကြည့်ရဲမှာမဟုတ်ဘူးလေ။ ဒါမှလည်း သူ့ရဲ့ဘဝ လုံခြုံမှုရှိမှာပေါ့။ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရသွားပြီဆိုမှတော့ စစ်တပ်ဆိုတာ ဘာလုပ်နေရမှာလဲ။ ဘာအလုပ်မှရှိမှာမဟုတ်တော့ဘူး။ ဘာအလုပ်မှမရှိတော့ဘူးဆိုမှတော့ ဘာအကြောင်းမှပြပြီး ဘာအခွင့်အရေးမှယူလို့မရတော့ဘူးပေါ့။ ဘယ်သူ့အထက်မှာမှလည်း နေလို့မရတော့ဘူးပေါ့။ အဲဒီအချိန်မှာ နိုင်ငံတကာခုံရုံးနဲ့ သူရင်ဆိုင်ရတော့မယ်ဆိုတာ ကြိုသိထားပုံရတယ်။ ဒါပေမယ့် ဘယ်အာဏာရှင်မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူ့ဘဝကို စွန့်ခွာသွားရတယ်ဆိုတာ မရှိဘူးဆိုတာပါပဲ။
*****************************************
လေးစားစွာဖြင့်
Ko Soe Win===Facebook

0 ယောက်မှတ်ချက်ပြုခဲ့သည် to “****နောက်ကွယ်ကလူ အလွန်ယုတ်မာ၏ ***** ”

Post a Comment

Related Posts Plugin for WordPress, Blogger...