Friday, November 7, 2014

မင်းအောင်လှိုင် ဘယ်ပြေးမလဲ

,

“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”( နေမျိုးဇင်)
ဘော်ဒီမှာ သေနတ်ဒဏ်ရာ မရှိရင် အခြားဘယ်နေရာမှာ ရှိနိုင်ပါတော့မလဲ ကိုနေမျိုးဇင်ရေ။ ခင်ဗျားက တပ်မှာ နေဖူးတယ်ဆိုတော့ ဒါ ဘာလဲဆိုတာ အတပ်သိပြီပေါ့။ တို့နယ်မှာဆို စကားတစ်ခွန်း ရှိတယ်။ နေဝင်းခေတ်က စပြီး ဒီကနေ့အထိ တပ်က လူတစ်ယောက်ကို ဖမ်းမိရင် သူတို့တင်ချင်တဲ့ပုဒ်မ တင်လို့ ရတယ်။ သူတို့လုပ်ချင်သလို လုပ်လို့ ရတယ်။ ဥပဒေမဲ့လုပ်ရပ်ကို သူတို့လုပ်တော့မယ်ဆိုရင် တပ်က "ထုံးစံအတိုင်း လုပ်လိုက်"လို့ အမိန့်ပေးလေ့ ရှိတယ်။ အရာရှိက ထုံးစံအတိုင်း လုပ်လိုက်ပါလို့ အမိန့်ပေးလိုက်ရင် အောက်ကစစ်သားတွေက ဘာလုပ်ရမယ် တန်းသိတယ်။ ဥပဒေမဲ့နေလာတာ သူတို့အတွက် နှစ်ပေါင်း (၅၀)ကျော် ကြာခဲ့ပါပြီလေ။ ထုံးစံအတိုင်း လုပ်လိုက်ပါဆိုရင် သတ်ကြတော့မယ်။ မိန်းကလေးဆို မုဒိမ်းကျင့်ကြတော့မယ်။ ပြီးရင် သတ်မယ်။ အလောင်းပါ ဖျောက်ချင်ဖျောက်မယ်။
အလောင်းကျတော့ သူတို့နှစ်မျိုး အသုံးချကြတယ်။ သတ်တဲ့အခါ လူတွေ ကြောက်အောင် လူရှေ့သူရှေ့မှာ သတ်ဖူးသလို သတ်ပြီသားကို ခေါင်းဖြတ်ပြီး ရွာထိပ်မှာ လာထားခဲ့တာလည်း ရှိဖူးတယ်ဗျ။ ထွန်းပြောင်တဲ့ တပ်မတော်သမိုင်းတလျှောက်မှာ ဒီထုံးစံတွေက ရိုးနေပါပြီ။ ရိုးနေလို့လည်း သူထိရင် သူခံပဲ။ သူတို့ကို အာခံရဲတဲ့ သတ္တိ သိပ်ရှိတာ မဟုတ်ဘူးလေ။ ရွာမှာတောင် သူတို့မွေးထားတဲ့လူ ရှိတယ်။ အဲ့လူ သတင်းပေးလိုက်ရင် ညတွင်းချင်း ဒုက္ခရောက်သွားနိုင်တယ်။ ဒါတောင် အင်တာနက် မပေါ်သေးတဲ့ ခေတ်တုန်းကပါ။ အခုလို အိုင်ဖုန်းလေးနဲ့ ဘာလေးနဲ့ဆိုတော့ လူတစ်ယောက်ကို သတ်ဖို့ လွယ်လွယ်လေးပါ။ ကမ္ဘာမှာ မရှိတဲ့ ပုဒ်မတွေနဲ့ ပြည်သူတစ်ယောက်ကို အချိန်မရွေး လာဆွဲစေ့လို့ ရနေတုန်းပဲဆိုတာ လက်ရှိ ၂၀၀၈ - ခုဥပဒေ သက်တမ်း(၄)နှစ်အတွင်းမှာ တပ်မတော်က သက်သေပြခဲ့ပါပြီ။
အခုလည်း ကိုပါကြီးကို လှေဆိပ်မှာ ဖမ်းမိတယ်ဆိုကတည်းက ရှေ့တန်းမှာ မဟုတ်ဘူး။ သတင်းထောက်ဆိုတာ သူတို့မသိဘဲ မနေဘူး။ ကိုပါကြီးဟာ ဒေါ်စုက သားလို ချစ်ခဲ့တာ ဖြစ်တယ်။ ဒေါ်စုဘေးနားက လူတွေကို တစ်ဦးချင်းကိုယ်ပိုင်အချက်အလက်တွေ သူတို့ဆီမှာ မရှိဘူးဆိုရင် ယုံပါ့မလား။ အထူးသဖြင့် ဒေါ်စု နိုင်ငံရေးလောကထဲ စဝင်တဲ့ရက်က စပြီး ဒီကနေ့အထိ သုံးရောင်ခြယ်အဖွဲ့ဝင် ဖြစ်နေတဲ့ ကိုပါကြီးကို ကရင်စစ်သားနဲ့ ရောရလောက်အောင် ထောက်လှမ်းရေးတွေက မခေကြပါဘူး။ ကိုပါကြီးက သတင်းထောက်တစ်ယောက် ဖြစ်ပေမဲ့ ဒီမိုကရေစီရရှိရေးမှာ အစဉ်တစိုက် လှုပ်ရှားလာဖူးသူ ဆိုတော့ သူ သွားလေရာကို အက်စ်ဘီတွေ လိုက်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ကိုပါကြီးကို မသိရင်တောင် သူ့အမျိုးသမီးကို သိကြပါလိမ့်မယ်မဟုတ်လား။ လူမှားသတ်စရာအကြောင်းမရှိဘူး။ ခိုင်လုံတဲ့ သတင်းရပ်ကွက်အရဆိုရင်လည်း အပေါ်က လာတဲ့အမိန့်ပဲလို့ ဆိုပါတယ်။ ဒီတော့ ကိုပါကြီးသတ်မှုဟာ သာမန်လက်လွန်သွားလို့ သေသွားတဲ့ ပြစ်မှုမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ အနည်းဆုံးတော့ တိုင်းအဆင့် ရှိမှာပဲ။ ဌာနချုပ်ကတောင် ဖြစ်နိုင်တယ်။
အပေါ်က မသိရပါဘူး။ လက်အောက်ငယ်သားတွေက လက်လွန်လို့ ဖြစ်ရတာပါလို့ ဆိုခဲ့ရင်လည်း ကြောက်စရာက ပိုကောင်းပါတယ်။ သာမန်စစ်သားတစ်ယောက်က လူသတ်ခွင့် ရနေခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေ လုံခြုံမှု ဘယ်လောက်ကင်းနေတာလဲ တွေးကြည့်ပါ။ အင်အား (၅)သိန်းလောက် ရှိတဲ့ ဒီတပ်မတော်ဟာ အပေါ်က အမိန့်မပါဘဲ လူသတ်ခဲ့ရင် ဒါဟာ အန္တရာယ်အင်မတန်များတဲ့ တပ်မတော်တစ်ခု ဖြစ်တယ်။ ၂၀၀၈ - မတိုင်ခင်က လူသတ်ခွင့်ကို တပ်မှူးတွေလက်ထဲမှာ ရှိခဲ့တယ်။ အခုလည်း ရှိနေတုန်းပဲဆိုခဲ့ရင် မြန်မာနိုင်ငံမှာ ဘာအပြောင်းအလဲမှ မရှိသေးကြောင်း ပြောရာရောက်ပါတယ်။ မြန်မာပြည်သူဟာ ၂၀၀၈ ဥပဒေအရ ပိုပြီး လုံခြုံလာတဲ့သဘော မရှိဘူး။
ရဲတွေအဆိုအရ အနည်းဆုံး အရှေ့တောင်တိုင်းက ပါဝင်ပတ်သက်မှုရှိတယ်ဆိုတော့ စစ်ဌာနချုပ်ရဲ့ စီမံချက်လို့ ပြောကြည့်မယ်။ ဌာနချုပ်က ဆိုခဲ့ရင် ဘယ်သူဖြစ်နိုင်မလဲ။ မင်းအောင်လှိုင်ပဲ ဖြစ်ဖို့များတယ်။ မင်းအောင်လှိုင် မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ။ လွှတ်တော်ထဲမှာလည်း သူက ပါးစပ်ပေါက်(၂၅)ပေါက် ရထားတယ်။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးလည်း သူပဲ။ ဥပဒေရဲ့အထွဋ်အခေါင် ကာလုံအဖွဲ့ကိုလည်း သူပဲ ဦးစီးတယ်။ သူ အမိန့်မပေးရင် ဘယ်စစ်သားမှ မလုပ်ရဲတဲ့ တပ်မတော်ပါ။ ဒီလူသတ်မှုမှာ သူ့စနက်ပါကြောင်းကို ဒေါ်စုနဲ့ ကမန်းကတန်း ပြေးတွေ့တာတို့၊ ဘဲလာရုစ်နိုင်ငံကို သွားပြတာတို့ကို ထောက်ပြရင် သိနိုင်ပါတယ်။ တစ်ခုခုဖြစ်တိုင်း တရုတ်နဲ့ ခြိမ်းခြောက်ဖူးတာကလည်း သူ့အဖေသန်းရွှေဉာဉ်အတိုင်းပဲ။ လူသတ်ပြီးတိုင်း ဘုရားသွားကျောင်းတက်ပြတာလည်း သူတို့ဉာဉ်အတိုင်းပဲ။ အခု သူသာ ဘဲလာရုစ်ကို မသွားခဲ့ရင် သံသယ သိပ်ဝင်စရာမလိုဘူး။ အခု သူက သူ့အဖေခြေရာကို ကွက်တိနင်းပြတယ်ဆိုတော့ သေချာသွားတာပေါ့။ အချို့က ပြောပါလိမ့်မယ်။ ကာချုပ်က ဒီအောက်ခြေအထိ လာပတ်သက်ဖို့ အချိန်မရှိဘူးပြောမှာပဲ။ မဟုတ်ဘူးဗျ။
ဒီတော့ သူက ကိုပါကြီးကို ဘာကြောင့် သတ်ပြတာလဲ။ ဘာကို သိစေချင်တာလဲ။ အနှစ်ချုပ်ကို ပြောလိုက်ရင် (၃)ချက်လို့ ပြောချင်တယ်။
၁။ ပုဒ်မ ၄၃၆ ကို ပြင်ချင်တဲ့ ဒေါ်စုကို သတိပေးလိုက်သလို ဖြစ်တယ်။
၂။ စစ်သတင်းတွေကို တင်ရင် ဒီအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်။ ဒါဟာ မီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တယ်။
၃။ ကချင်မှာပဲ တို့တတွေ ဥပဒေမဲ့ လုပ်နိုင်တာမဟုတ်ဘူး။ မွန်နဲ့ကရင်ဘက်မှာလည်း အရင်အတိုင်း အချိန်မရွေး ကျုပ်တို့ ထင်သလို လုပ်နိုင်တုန်းပဲလို့ ပြချင်တယ်။

ဒီတော့ ကိုပါကြီးသတ်မှုဟာ နိုင်ငံသားကောင်းတစ်ဦးကို သတ်ပြလိုက်တာ ဖြစ်တယ်။ မီဒီယာသမားကောင်းတစ်ဦးကို သတ်ပြလိုက်တာလည်း ဖြစ်တယ်။ တိုင်းရင်းသားတွေဘက်မှာ စာနာချင်တဲ့ ဗမာတွေကို တိုက်ရိုက်သတိပေးလိုက်တာလည်း ဖြစ်တယ်။ ဒီမိုကရေစီဘက်တော်သားတစ်ဦးကို အဆုံးစီရင်လိုက်တာလည်း ဟုတ်တယ်။ ကိုင်း ကိုပါကြီးကို သတ်လိုက်တဲ့ စစ်သားတွေကို ဘာလုပ်သင့်သလဲ။ အခု အဝေးစစ်ပဲ စစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အရပ်ဘက်တရားစီရင်ရေးစနစ်ကို မလေးမစား လုပ်လိုတဲ့ သဘော ဖြစ်တယ်။
နိုင်ငံတကာမှာဆို အဖဂန်အရပ်သားတွေကို ပစ်သတ်မိတဲ့ အမေရိကန်စစ်သား ဘာဖြစ်သွားသလဲ။ ထောင်ဒဏ်တစ်သက်ပဲ။ ဂျီနီဗာကွန်ဗင်းရှင်းအရဆိုရင် စစ်သုံ့ပန်းကို ဖမ်းမိတာတောင် ညှဉ်းပမ်းနှိပ်စက်တာမျိုး မလုပ်ရပါဘူး။ စစ်သုံ့ပန်းအခွင့်အရေးကို သေသေချာချာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ကတော့ ဥပဒေဆိုတာ သူတို့လက်နက်လောက် အားမကိုးသလို ဥပဒေကို သေနတ်တေ့ပြီး ခိုင်းစားလာခဲ့တာ ကြပါပြီ။ ဒီတော့ ဘယ်ဥပဒေကိုမှ လေးစားစရာ မလိုဘူး။ ဒီတော့ အပေါ်က ပြောသလို စစ်သားက ရဲတွေ၊ အရပ်ဘက်ကို မလေးစားတော့ဘူးလေ။ လာပြီး အစစ်မခံနိုင်ဘူး။
လာပြီး အစစ်ခံခဲ့ရင်တောင် လက်ရှိ ၂၀၀၈ ခု ဥပဒေအရ စစ်သားတစ်ယောက်ကို ကာချုပ်က ကောင်းကောင်းအကာအကွယ်ပေးလို့ ရပါတယ်။ မင်းတို့လုပ်ချင်ရာ လုပ်ကြပါ၊ ငါရှိတယ်လို့ ပြောနေသလိုပါပဲ။ သူကောင်းပြုခံရပြီး လက်ရှိတပ်မတော်ကို မပြင်နိုင်ခဲ့ရင် အခု လူသတ်သမားတွေဟာ နောင်အခါမှာ လွှတ်တော် လာတက်နေကြပါလိမ့်မယ်။ ၂၀၀၇ ရွှေဝါရောင်မှာ လက်သံပြောင်ခဲ့တဲ့ဗိုလ်မှူးတစ်ဦး လွှတ်တော်အမတ်တောင် တက်ဖြစ်လိုက်သေးတယ်မဟုတ်လား။ ပြောကြပါလိမ့်မယ်။ စစ်သားတွေက အရပ်ဘက်မှာ တရားစီရင်ရေး မလုပ်ရ ဥပဒေမှာ မပါဘူးလို့ ပြောချင်ပြောကြပါလိမ့်မယ်။ အနှစ်သာရအနေနဲ့ ဘယ်အရပ်သားကမှ စစ်သားတစ်ယောက်ကို ဒီလိုမျိုး ပီပီပြင်ပြင် တရားမစွဲနိုင်ဘူး။ ကချင်ပြည်နယ်မှာ သမီးသေလို့ တရားစွဲတဲ့ ကချင်တွေကို စစ်တပ်ကတောင် ပြန်တရားစွဲလိုက်သေးတာပဲ။
ဒီတစ်ခါမှာလည်း တပ်က ထုံးစံအတိုင်း လုပ်ပြန်ပါတယ်။ ကာချုပ်က အာရုံလွှဲတဲ့နည်းဗျူဟာအရ ကိုပါကြီးကို သတ်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလူသတ်မှုဟာ သူ့ဘဝကိုပါ အလွဲကြီး လွဲစေနိုင်ကြောင်း သူ မသိခဲ့ဘူး။ ကာကွယ်ရေးဌာနကတော့ သူတို့ထုံးစံအတိုင်း သိက္ခာကင်းမဲ့တဲ့ ကျေညာချက်တွေကို ထုတ်ပြီး သူတို့လူကို ကာကွယ်ဖို့ ကြိုးစားနေကြပါပြီ။ ကိုပါကြီးကိုလည်း သူပုန်ဖြစ်ကြောင်း စွတ်စွဲနေပါပြီ။ ဒါပေမဲ့ ဒီတစ်ခါ အဲဒီလိုအခွင့်အရေးမျိုး စစ်တပ်ကို ပေးလို့ မဖြစ်တော့ဘူး။ ဒီတစ်ခါ ပြည်သူတွေ သတ္တိပြရမဲ့တိုက်ပွဲပါ။ မတရားမှုကို ဆန့်ကျင်ရမဲ့ တိုက်ပွဲပါ။ မကောင်းမှုလုပ်ရင် စစ်တပ်မှာလည်း လုံခြုံမှုမရှိကြောင်း ကာချုပ်မင်းအောင်လှိုင်ကို သိစေမယ်။ ဒီတော့ လက်ရှိကိုပါကြီးအမှုဟာ
၁။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတိုက်ပွဲ၊
၂။ မီဒီယာပြယုဂ်၊
၃။ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးအတွက် ခံတပ် ဖြစ်တယ်။

ဒါကြောင့် ပြည်သူတို့အတွက်
ဒီတိုက်ပွဲ ရှုံးလို့ မဖြစ်ဘူး။
ဒီပြယုဂ် ပျက်စီးလို့ မဖြစ်ဘူး။
ဒီခံတပ် ပြိုလို့မဖြစ်ဘူး။
ဒါဟာ တိုက်ပွဲခေါ်သံ ဖြစ်တယ်။

မင်းအောင်လှိုင် ဘယ်ပြေးမလဲ။ ရာဇဝတ်ဘေး ပြေးမလွတ်ပါ။ ဘဲလာရုစ်မပြောနဲ့ စကြာဝဠာအပြင်ဘက်ရောက်အောင် သွားလည်း လုပ်ခဲ့တဲ့အကုသိုလ်ကနေ မလွတ်ပါ။
_____________________-
                                                U Ravika's status

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မင်းအောင်လှိုင် ဘယ်ပြေးမလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...