Tuesday, August 29, 2017

ရခိုင်ပြည်နယ်အရေး သိထားသင့်တဲ့ ၁၀ ချက် || ညီစောလွင် ||

,
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ အကြမ်းဖက် တိုက်ခိုက်သူတွေဟာ ရွာသားတွေနဲ့ ရောနှော နေထိုင်ပြီး လုံခြုံရေး တပ်ဖွဲ့တွေကို စနစ်တကျ တိုက်ခိုက်တာကြောင့် သူတို့ကို တန်ပြန် တိုက်ခိုက်ချေမှုန်းရေးမှာ ရှုပ်ထွေးပါတယ်။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေအရ အကြမ်းဖက် တိုက်ခိုက်သူတွေကို စစ်ရေး နည်းလမ်းနဲ့ ချေမှုန်းရေးဟာ ပြသ၁နာ တစ်စုံလုံးရဲ့  နောက်ဆုံးအဖြေ မဟုတ်ဘူးလို့ ပဋိပက္ခရေးရာ ကျွမ်းကျင် သူတွေက ဆိုပါတယ်။

၁။ ကပ်ကြီးသုံးပါးဆိုက်ခြင်း
.
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့  နောက်ဆုံး အစီရင်ခံစာထဲမှာ ကပ်ကြီးသုံးပါးကို ဖော်ပြထားပါတယ်။ ဖွံ့ဖြိုးမှု ကပ်၊ လူ့အခွင့်အရေးကပ်နဲ့၊ လုံခြုံရေးကပ် ဆိုတဲ့ “ကပ်ကြီးသုံးပါး” ဆိုက်နေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမှုနှုန်းဟာ ၇၈ ရာခိုင်နှုန်း ဖြစ်လို့ တစ်နိုင်ငံလုံး ပျမ်းမျှနှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူဦးရေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ မြေယာမဲ့တွေ ဖြစ်ပါတယ်။ ကလေး သေနှုန်းဟာ တစ်နိုင်ငံလုံး အတိုင်းအတာ ပျမ်းမျှနှုန်း ထက် မြင့်မားပါတယ်။ အာဟာရ ပြည့်ဝနှုန်းလည်း တစ်နိုင်ငံလုံးမှာ အနိမ့်ဆုံး ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခ ထောင်ချောက်ထဲမှာ  တစ်ဖက်နဲ့ တစ်ဖက် မယုံကြည်မှုတွေ တိုးပွားနေတယ်လို့ ဆိုပါတယ်။ “မွတ်ဆလင်များက ၎င်းတို့အား ဖယ်ကြဉ်ထားခြင်းကို မကျေမချင်း ဖြစ်နေကြသကဲ့သို့ … ရခိုင်လူ့အဖွဲ့အစည်းကလည်း နောင် အနာဂတ်၌ ၎င်းတို့သည် ရခိုင်ပြည်နယ် အတွင်း လူနည်းစု ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြပါသည်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂။ လူဦးရေ ပြသ၁နာ
.
ဘူးသီးတောင် မောင်တော ဒေသမှာ စုစုပေါင်း လူဦးရေ ၉ သိန်းဝန်းကျင် ရှိပြီး မွတ်စလင် လူဦးရေက ခုနစ်သိန်းခွဲကျော်၊ ရခိုင် တစ်သိန်းနှစ်သောင်း ကျော်နဲ့ အိန္ဒိယ နွယ်ဖွား ငါးသောင်းကျော် ရှိတယ်လို့ ပြည်ထဲရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။ ဒီလို လူဦးရေ အချိုးအစား မညီမျှတာဟာ ဒေသခံ ရခိုင်တွေအတွက် စိုးရိမ်နေတဲ့ အကြောင်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့က  ပြည်သူ့လွှတ်တော်မှာ  ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး အဆိုကို တင်သွင်းခဲ့သူ ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း  “အိမ်ခြေ ရာထောင်ချီနေတဲ့ ဘင်္ဂါလီကျေးရွာတွေရဲ့ကြားမှာ ဆယ်ဂဏန်းသာရှိတဲ့ တိုင်းရင်းသား ကျေးရွာတွေရဲ့ အခြေအနေဟာ ကျားသနားမှ နွားချမ်း သာရမယ့် ကိန်း ရောက်နေပါတယ်။ အဲဒါကြောင့် ဒီဒေသ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရေးမှာ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် မြန်မြန်ဆန်ဆန် လုပ်ရမယ့် အခြေအနေမှာ ရှိပါတယ်” လို့ ဆိုပါတယ်။

ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ ၁၈၈၀ ကနေ ၁၉၃၀ အထိ မွတ် ဆလင် ၁၃ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးခဲ့ပြီး လက်ရှိစာရင်း အရ မွတ်ဆလင်လူဦးရေက ပြည်နယ်လူဦးရေရဲ့  သုံးပုံတစ်ပုံ ရှိပါတယ်။

၃။ အကြီးဆုံး နိုင်ငံမဲ့ အုပ်စု
.
ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ မြန်မာပြည်မှာ ရှိနေကြပြီး ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင် အုပ်စုဟာ ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့ အုပ်စုတွေထဲမှာ အကြီးဆုံး အုပ်စု ဖြစ်တယ်လို့ ကိုဖီအာနန် ကော်မရှင်ရဲ့  အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အထောက်အထားတွေအရ အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်ဘက်ကို ပြောင်းရွှေ့အခြေချတဲ့ အုပ်စုတွေ၊ ၁၉၄၅ ခုနှစ် နောက်ပိုင်း နှစ်တွေကျမှ အရှေ့ပါကစ္စတန်က သဘာဝကပ်ဘေးကြောင့် ပြောင်းရွှေ့အခြေချ သူတွေ၊ ၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲကာလမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ စသဖြင့် မျိုးစုံပါဝင်ပါတယ်။ လူဦးရေ တစ်သန်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းကြပြီး ရခိုင်ပြည်မှာ အများစု နေထိုင်ကြပါတယ်။

သူတို့ဟာ ၁၉ ရာစု အစောပိုင်းမှာ ရခိုင်ပြည်နယ်ထဲ “ရာသီအလိုက် လုပ်သားများ” အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ထဲမှာ ဒုတိယမြောက် လူဦးရေ အများဆုံးဖြစ်လာတဲ့ “ဘင်္ဂါလီတွေ” ဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာ ထုတ်ပြန်တဲ့ ၂၀၁၇ သြဂုတ်လ အထိ နိုင်ငံမဲ့ တစ်သန်းခန့်အတွင်းမှ မွတ်ဆလင် ၄,၀၀၀၊ ကမန် ၉,၀၀၀ တို့ နိုင်ငံသားနဲ့ ပြုနိုင်ငံသား အဖြစ် လက်ခံထားပြီး ဖြစ်ပါတယ်။ မွတ်ဆလင် ၁၀,၀၀၀ ခန့်လည်း (NVC) နိုင်ငံသား စိစစ်ခံမည့် သူ၏ သက်သေခံ ကတ်ပြား ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၂ ပဋိပက္ခ ကြောင့် မွတ်ဆလင် တစ်သိန်းနှစ်သောင်းဟာ ဒုက္ခသည် စခန်းတွေထဲမှာ ခိုလှုံနေကြဆဲ ဖြစ်ပါတယ်။

၎။ နိုင်ငံသား ဖြစ်မှု ပြသ၁နာ
.
“နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဘယ်သူက နိုင်ငံသားလဲ။ နိုင်ငံသား ဖြစ်မှုကို ဘယ်လို စည်းမျဉ်း စည်းကမ်းတွေနဲ့ သတ်မှတ်သလဲ” ဆိုတဲ့ မလွှဲမရှောင်သာ ပေါက်ကွဲလွယ် မေးခွန်း နှစ်ခုရှိတယ်” လို့ နိုင်ငံရေး သိပ္ပံပညာရှင် နှစ်ဦးဖြစ်တဲ့ Juan J. Linz နဲ့ Alfred တို့က ရေးသားတင်ပြဖူးပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေရဲ့ အုံကြွမှုဟာ လည်း နိုင်ငံသား အခွင့်အရေးနဲ့  ပတ်သက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ ပထမ အင်္ဂလိပ်ကျူးကျော်စစ် ၁၈၂၃ ခုနှစ် မတိုင်ခင် မြန်မာ့မြေပေါ်မှာ အခြေချတဲ့ ဘိုးဘွားတွေရဲ့ အဆက်အနွယ်တွေကိုပဲ မြန်မာနိုင်ငံသား အဖြစ်သတ်မှတ်ပြီး နောက်မှဝင်လာတဲ့ မွတ်ဆလင် အုပ်စုတွေကို နိုင်ငံခြားသားအနေန့ပဲ ခွဲခြားထား လိုက်ပါတယ်။ လွတ်လပ်ရေး ရပြီးခါစ  ဦးနုခေတ်မှာ မွတ်ဆလင်တွေကို အတိုင်းအတာတခုအထိ နေရာပေးခဲ့ပြီး ၁၉၆၂ စစ်တပ်အာဏာ သိမ်းတဲ့ နောက်ပိုင်း ကန့်သတ်လာ လိုက်တာ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်မှာ ပိုဆိုး သွားပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်တွေကို နိုင်ငံသား အခွင့်အရေး ဖြစ်တဲ့ မဲပေးခွင့် ပေးခဲ့ပါတယ်။ ၂၀၁၂ ကျောက်နီမော်နဲ့၊ ၂၀၁၄ ဒူချီရားတန်း အရေးအခင်းတွေ နောက်ပိုင်းကျမှ ဘင်္ဂါလီ ငါးသိန်းကျော်ကို ထုတ်ပေးထားတဲ့ White Card တွေကို ပြန်သိမ်းခဲ့တာ ဖြစ်ပါတယ်။  

ရေတိုအခြေအနေမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေအရ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်ရန်၊ နိုင်ငံသား လျှောက် ထားမှုကို ပယ်ချခံရသူများရဲ့ အခွင့်အရေးကို ထုတ်ဖော်ရှင်းလင်းရန်၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သော နိုင်ငံသား မဟုတ်သူများ၏ အခွင့်အရေးအတွက် ဥပဒေ စည်းမျဉ်းများ ထုတ်ပြန်ရန်နဲ့ ဥပဒေကို ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ်ကို စတင်ရန် ကိုဖီအာနန် ကော်မရှင်က အစိုးရကို တောင်းဆိုထားပါတယ်။

၅။ လွတ်မြောက်နယ်မြေ ထူထောင်လိုခြင်း

ရခိုင်ဒေသမှာ ဒုတိယကမ္ဘာ စစ်အပြီးမှာ တချို့ မွတ်ဆလင်တွေက ရခိုင်ပြည်နယ်ထဲက အစိတ်အပိုင်းတွေကို အဲဒီအချိန်က အသစ် ထူထောင် ခါစ အရှေ့ပါကစ္စတန်နဲ့ ပေါင်းစည်းရေး အတွက် သူပုန်ထခဲ့ကြတဲ့ သမိုင်း ရှိပါတယ်။ မူဂျာဟစ်လို့ ခေါ်တဲ့အဖွဲ့က ရခိုင်ပြည်နယ်ထဲက ကုလား တန်မြစ်နဲ့ မေယုမြစ်တွေကြားက နယ်မြေကို လွတ်လပ်တဲ့ မွတ်ဆလင် နိုင်ငံတော်ကို ထူထောင်ချင်တယ်။ လွတ်လပ်ရေးရခါစမှာ ဗဟိုအစိုးရက တိုင်းရင်းသား သူပုန်တွေဘက်ကို ဖိတိုက် နေရတဲ့အချိန်မှာ မူဂျာဟစ် သူပုန်တွေ အင်အားကြီး ထွားခဲ့တယ်။

၁၉၅၀ ပြည့်နှောင်းပိုင်းမှာ မူဂျာဟစ်သူပုန်အဖွဲ့ ပြိုကွဲသွားခဲ့တဲ့နောက်ပိုင်း မွတ်ဆလင် သူပုန်တွေ အဖွဲ့မျိုးစုံ ပေါ်ပေါက်ခဲ့ပေမယ့် အင်အား မကောင်းတော့ပါဘူး။ ဒီထဲက ၁၉၆၃ မှာ ပေါ်ပေါက်ခဲ့တဲ့ ရိုဟင်ဂျာ လွတ်လပ်ရေးတပ် (RIF) ၊ ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (RPF) တို့မှာ မူဂျာဟစ် သူပုန်ဟောင်းတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေကနေ ဆင်းသက်လာတဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အမည်ခံ (RSO) ဟာ ၁၉၉၄ ခုနှစ်မှာလည်း မောင်တောမြို့ တောင်ပိုင်းကို ၀င်တိုက်ခဲ့ပါတယ်။ ၂၀၁၆ အောက်တိုဘာ ၉ ရက်က နယ်ခြား ရဲစခန်းတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွေနဲ့ ၂၀၁၇ သြဂုတ်လကုန်ပိုင်း အတွင်း ကင်းစခန်း ၃၀ ၀န်းကျင်ကို တချိန်တည်း တိုက်ခိုက်မှုဟာ ဒီနှစ်ပိုင်းတွေ အတွင်း အပြင်းထန်ဆုံး ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကို ဦးဆောင်တဲ့ (ARSA) ရဲ့ ခေါင်းဆောင်ဟာ  ပါကစ္စတန် တာလီဘန်တွေထံမှာ သင်တန်းတက်ခဲ့သူ ဟာဗစ် တူဟာရ် ဆိုသူ ဖြစ်ပြီး အဲ့ဒီအဖွဲ့ကို ဆော်ဒီ အာရေးဗီးယား နိုင်ငံရောက် ရိုဟင်ဂျာကော်မတီက ကွပ်ကဲအုပ်ချုပ်တယ်လို့ ၂၀၁၆ ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် အကြမ်းဖက်မှု အပြီးမှာ အဖွဲ့ရဲ့  စစ်ရေးကြိုတင် ပြင်ဆင် မှုတွေကို အရှိန်မြှင့်ခဲ့ပြီး ရွာသား ရာပေါင်း များစွာကို ဘင်္ဂလားဒေ့ရှ်နယ် စပ်နဲ့ မောင်တော၊ ဘူးသီးတောင် နယ်စပ်တလျှောက် မေယုတောင်တန်း ပေါ်မှာ စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။ အဖွဲ့ရဲ့  စစ်ဆင်ရေး ရည်ရွယ် ချက်မှာ မောင်တောမြို့နယ်ကို လုံးဝထိန်းချုပ်ရန်၊ အရှေ့ဘက်မှ ဘူးသီးတောင်နှင့် အဆက်အသွယ် ဖြတ်တောက်ရန်၊ မောင်တောနဲ့ ဘူးသီးတောင်ကြားရှိ မေယုတောင်တန်းပေါ်မှာ စစ်စခန်း တခု ထူထောင်ပြီး လွတ်မြောက်နယ်မြေ အဖြစ် ခြေကုပ်ယူဖို့ ဖြစ်တယ်လို့ (ICG) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ သြဂုတ်လကုန်ပိုင်း တိုက်ခိုက်မှု ဖြစ်တဲ့အခါမှာတော့ ဒီအဖွဲ့ (ARSA) ကို အစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။

၆။ နိုင်ငံတကာ တုံ့ပြန်မှုများ
.
၂၀၁၆ အောက်တိုဘာ ၉ ရက် ဖြစ်စဉ် နယ်ခြားရဲစခန်းတွေ တိုက်ခိုက်ခံရ တဲ့ နောက်ပိုင်းမှာ မြန်မာ့တပ်မတော်က နယ်မြေ ရှင်းလင်းတဲ့အခါ အရပ်သားတွေနဲ့ တိုက်ခိုက်ရေး သမားတွေကို လုံလုံ လောက်လောက် ခွဲခြားမှု ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန်ခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ ပါတယ်။ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် ရက်စွဲပါ ကုလသမဂ္ဂ လက်အောက်ခံ OHCHR အစီရင်ခံစာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များအား တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်အား ဆန့်ကျင် သည့် ရာဇဝတ်မှု ဖြစ်နိုင်ခြေရှိကြောင်း စွပ်စွဲခဲ့ပါတယ်၊

ဒါကြောင့် ရခိုင်ပြည်နယ် အရေးမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းဟာ ဘက်လိုက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ  အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာပြည်ကို စေလွှတ်ဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာအစိုးရက ခွင့်မပြုခဲ့ပါဘူး။ သြဂုတ် လကုန်ပိုင်းအတွင်း မောင်တောဒေသမှာ ရှိတဲ့ လုံခြုံရေး ရဲကင်း ၃၀ လောက်ကို မွတ်ဆလင်တွေက တုတ်၊ ဓား၊ လှံ၊ လက်လုပ်ဗုံး၊ လက်နက်တွေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့  ပတ်သက်လို့တော့ ကုလသမဂ္ဂ၊ အမေရိကန် နိုင်ငံခြာရေး ၀န်ကြီးဌာန၊ တူရကီ နိုင်ငံခြားရေး ၀န်ကြီးဌာန အပါအ၀င် နိုင်ငံတကာက ရှုတ်ချကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

(၇) အရပ်သားများ ပစ်မှတ်ထားခံရခြင်း
.
ဒီလပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မွတ်ဆလင် ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ မောင်တောဒေသ မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်း နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက်ခံရပြီး နောက်ပိုင်း ဒေသ အာဏာပိုင်တွေနဲ့  ပူးပေါင်း ဆောင်ရွက်တဲ့ မွတ်ဆလင်တွေ၊ ဒေသခံ ရခိုင်နဲ့ တခြား တိုင်းရင်းသား အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ သြဂုတ် ၃ ရက်က ဖြစ်ခဲ့တဲ့ ကိုင်းကြီးရွာက မြိုတိုင်းရင်းသား ၈ ဦး တိုက်ခိုက် ခံရပြီးနောက်မှာ နယ်ခံ ဟိန္ဒူဘာသာဝင်တွေနဲ့ တခြား အရပ်သားတွေ အသတ်ခံရတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါ တယ်။ သြဂုတ်လ နောက်ဆုံးရက် သတ္တပတ်အတွင်း တိုက်ခိုက်မှုတွေနဲ့ စိုးရိမ် ထိတ်လန့်မှုတွေကြောင့်  ရခိုင်နဲ့ ဒေသခံ တိုင်းရင်းသား ရာပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

(၈) ချိန်ဆရမယ့် စစ်ရေး တုံ့ပြန်မှု
.
ကိုဖီအာနန် ကော်မရှင်ရဲ့ နောက်ဆုံး အပြီးသတ် အစီရင်ခံစာထဲမှာ “မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏ ပိုင်နက် နယ်မြေကို ကာကွယ်စောင့် ရှောက်ရန်အတွက် အခွင့်အရေး အပြည့်အ၀ ရှိသော်လည်း စစ်ဆင်ရေး ပုံစံသက်သက်ဖြင့် တုံ့ပြန်မှုများ ပြုလုပ်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်မည့် အလားအလာများကို ကင်းမဲ့စေပါသည်” လို့ သတိပေးထားပါတယ်။

၂၀၁၆ အောက်တိုဘာ တိုက်ခိုက်မှုအပြီး နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ (ICG) ရဲ့ အစီရင်ခံစာမှာ “ရခိုင်ပြည်နယ်မှ မွတ်ဆလင်များစွာ၏ အမျက်ဒေါသ နောက်ကွယ်မှာ မျှော်လင့်ချက်မဲ့မှုနှင့် နေမထူး သေမထူး ခံစားချက်များကို ကိုင်တွယ် ဖြေရှင်းမည့် နိုင်ငံရေးနှင့် မူဝါဒ နည်းလမ်းများ အပေါ် အာရုံစိုက်ရန်နှင့် အင်အားသုံးခြင်းကို ပိုမို ဂရုတစိုက် ချင့်ချိန် လုပ်ဆောင်ရန် လိုအပ်နေသည်” လို့ အကြံပြုထားပါတယ်။ “ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုကို ကျယ်ပြန့်သော မူဝါဒမူဘောင်နှင့် ပေါင်းစည်းပေးနိုင်ခြင်း မရှိပါက လက်နက်ကိုင် အဖွဲ့အပေါ် ထိရောက်မှု မရှိသည့် အပြင်  ပံ့ပိုးမည့် ကိစ္စ ဖြစ်လာမည့် အလားအလာ ရှိသည်” လို့ သတိပေးခဲ့ပါတယ်။

(၉) အာဏာနှင့် အရင်းအမြစ် ခွဲဝေခြင်း
.
ဖွံ့ဖြိုးမှု နိမ့်ကျခြင်း၊ လူ့အဖွဲ့အစည်းနှစ်ရပ်အကြားက ပဋိပက္ခနဲ့ ဗဟိုအစိုးရ အပေါ် မကျေနပ်မှု တွေဟာ ရခိုင်ပြည်နယ် အပေါ် ဖိစီးနေရတယ်လို့ ကိုဖီအာနန် ကော်မရှင်က ဆိုပါတယ်။ ဥပမာ - ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါက်တာ အေးမောင် ခေါင်းဆောင်တဲ့ ရခိုင်အမျိုးသား ပါတီက ပြည်နယ် လွှတ်တော်မှာ အများစု အနိုင်ရခဲ့ပေမယ့် ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်နိုင်တဲ့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ အရင်းအမြစ် ခွဲဝေခြင်းကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးဖို့ လိုမယ်လို့ အကြံပြု ထားပါတယ်။

“ရခိုင်ပြည်နယ်အတွင်း သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲမှု အပါအ၀င် အခြားသော ကဏ္ဍများ အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းမှ ရရှိလာမည့် အကျိုးအမြတ်များကို ဒေသခံ ပြည်သူလူထု ကောင်းမွန်စွာ ရရှိခံစားနိုင်စေရေး အတွက် ဆောင်ရွက်ပေးသွားရန် ဖြစ်ပါသည်”

(၁၀) နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်
.
ကိုဖီအာနန် အကြံပေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို “ပကတိ မြေပြင် အခြေအနေပေါ် မူတည်၍” အကောင်အထည်ဖော်ဖို့ အစိုးရက ကတိပြုထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်တဲ့ ကော်မတီသစ်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံးမှ ကိုယ်စားလှယ်တွေ  ပါဝင်စေပြီး ကော်မတီသစ်အတွက် အကြံပေး ဘုတ်အဖွဲ့မှာ မြန်မာနိုင်ငံသားတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ကျွမ်းကျင် သူတွေ ပါဝင်စေမယ်လို့ ကြေညာထားပါတယ်။

“ရခိုင်ပြည်နယ်အတွင်းရှိ နေသူအားလုံးအတွက် ကောင်းမွန်သည့် လမ်းကြောင်းတစ်ရပ် ရှာဖွေရာတွင် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်သည့် အခက်အခဲများ ရှိနေသည်ကိုလည်း အသိအမှတ်ပြု လက်ခံရန် လိုအပ်ပေမည်” လို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

ညီစောလွင်
သြဂုတ် ၂၈၊ ၂၀၁၇
The Ladies News

https://m.facebook.com/story.php?story_fbid=1914625015460114&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်ပြည်နယ်အရေး သိထားသင့်တဲ့ ၁၀ ချက် || ညီစောလွင် ||”

Post a Comment

Related Posts Plugin for WordPress, Blogger...