Tuesday, August 29, 2017

Vocabulary and Propaganda

,
"ဘင်္ဂလီ အကြမ်းဖက်သမား" ဟူသော ဝေါဟာရကို နိုင်ငံတော်၏ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက လည်းကောင်း၊ မြန်မာသတင်းမီဒီယာများကလည်း ကောင်း သုံးစွဲသည်ဟု တွေ့ရသည်။ ကြည့်ရသည်မှာ အစိုးရက လိုလိုလားလား (propaganda အနေဖြင့်) သုံးစွဲခြင်း ဖြစ်ပုံရသော်လည်း သတင်းမီဒီယာတို့ကမူ အစိုးရ၏ ဓားကို ကြောက်ရ၍ ဖြစ်ပုံရသည်။

တခု သတိထားသင့်သည်မှာ အကြမ်းဖက်သမား အဖွဲ့အုပ်စုကို ဘယ်လိုနည်းနဲ့မှ လူမျိုး အမည်တပ်၍ မခေါ်ဝေါ်သင့်သော ကိစ္စဖြစ်သည်။ အခုအခေါ်အဝေါ်ဟာ 'မူဆလင် အကြမ်းဖက်အုပ်စု' ဟု ခေါ်တွင်မှုထက် အဆများစွာ ဆိုးဝါးသော ဝေါဟာရဖြစ်သည်။ ဘင်္ဂလီဆိုသည်မှာ လူသန်းပေါင်း ၂၅၀ ဝန်းကျင်ရှိသော ဘင်္ဂလားပင်လယ်အော် ဒေသနေ လူများကို ခေါ်ခြင်းဖြစ်သည်၊ ၄င်းအသုံးအနုန်းသည် ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးကို လည်းကောင်း၊ အိန္ဒ်ယနိုင်ငံ၏ လူဦးရေသန်းကိုးဆယ် ရှိသည့် ပြည်နယ်ကြီး တခုဖြစ်သည့် West Bengal နေ အိန္ဓိယတိုက်သားတို့ကို လည်းကောင်း  မြန်မာနိုင်ငံနှင့် မြန်မာအစိုးရဟာ မထီမဲ့မြင် (မောက်မာရိုင်းပျစွာ) စိန်ခေါ်နေသလို ဖြစ်နေသည်ကို သတိချပ်ရန်လိုသည်။

နောက်တချက်သိရန်မှာ လက်ရှိ ပြဿနာပေးနေသော လက်နက်ကိုင် အုပ်စုသည် သူတို့ကိုယ် သူတို့ ဘင်္ဂလီဟု အမည်ခံမထား၊ ၄င်းတို့၏ အမည်မှာ Rohingya Salvation Army ဟု ဖြစ်သည်။ သည်တော့ သေချာသည်မှာ ၄င်းအုပ်စုဝင်တို့ဟာ ဘင်္ဂလီလို့ ကိုယ့်ကိုကိုယ် မှတ်မယူထားသလို ဘင်္ဂလီလူမျိုးစုကြီးကို ၄င်းတို့ဟာကိုယ်စားပြုနေတာ မဟုတ်ခြင်း ဆိုသော အချက်ဖြစ်သည်။

သတိထားမိသည်မှာလည်း အစိုးရ၏ သတင်းထုတ်ပြန်ချက်တို့သည် "Bengali terrorists" ဟု သုံးခြင်းမျိုးကို အင်္ဂလိပ်စာဖက်ခြမ်းတွင် တွေ့ရလေ့မရှိဘဲ မြန်မာစာဘက်ခြမ်းတွင်မူ ပေါက်ပန်းပွင့်တွေ ပေါ်လာသလို ပေါပေါလှိုင်လှိုင်သုံးစွဲနေခြင်း ဖြစ်သည်။ ဤသို့ ဗြောင်လိမ်ဗြောင်ညာ -- ဟိုဘက်မှာတမျိုး၊ သည်ဘက်မှာ တမျိုး ရေးသားခြင်းဟာ အရင် စစ်အုပ်စု၏ လုပ်နေကျ အကျင့်အကြံဖြစ်သည်။ ဒါဟာ ၄င်း(ယခင်)အုပ်စု၊ (လက်ရှိ) အနားပတ်လည်တို့၏  ပြည်သူလူထုအပေါ် မှိုင်းတိုက်သွေးထိုး propaganda လုပ်ခြင်းကို သက်သေအတိအကျ ခံနေသော စကားလုံးဖြစ်သည်။

ကျနော်နားလည်သလောက် အစိုးရ အနေဖြင့်လည်းကောင်း ၊ သတင်းမီဒီယာတို့အနေဖြင့် လည်းကောင်း ဒါမျိုး စော်ကားရိုင်းပျ (ဆင်ခြင်တုံတရားမရှိ၊ မိုက်မဲ အသိဥာဏ်မဲ့ သော) ဝေါဟာရကို ဆက်လက်သုံးစွဲပိုင်ခွင့်မရှိ၊ ရပ်ကို ရပ်ရပါမည်၊ ၄င်းဝေါဟာရသည်  နိုင်ငံတကာကို မထီမဲ့မြင်စိန်ခေါ်နေခြင်း နှင့် နိုင် ငံအဝှမ်း xenophobia ကို လုံ့ဆော်နေသော ဝေါဟာရဖြစ်သည်။ ဂျာမနီမှာ ဟစ်တလာ ပေါ်လာသည်ဆိုသည်မှာလည်း ၄င်း Xeno
phobic message တွေက လွှမ်းမိုးပေါ်ပင်ဖြစ်လာခြင်းကြောင့် ဖြစ်သည်။

တာဝန်သိရှိသော မီဒီယာတို့အနေဖြင့်လည်း အစိုးရ၏ဓားကို ကြောက်သဖြင့် မိမိတို့မှ အကြမ်းဖက်သမားဟု သုံးစွဲရပါသည် ဆိုသော် အဖွဲ့၏ နာမည်အတိုင်းသာ သုံးစွဲရန်ဖြစ်သည်။
                                                               (ညိုထွန်း)
https://m.facebook.com/story.php?story_fbid=1926912200865986&id=100006416737149

0 ယောက်မှတ်ချက်ပြုခဲ့သည် to “Vocabulary and Propaganda”

Post a Comment

Related Posts Plugin for WordPress, Blogger...