Thursday, August 24, 2017

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အပေါ် အစိုးရသဘောထား ထုတ်ပြန်

,
သြဂုတ် ၂၅ ၊ ၂၀၁၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် ထုတ်ပြန်ကြေညာချက်အား ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ်
ထုတ်ပြန်ကြေညာချက်
(၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်)

၁။ ရခိုင်ပြည်နယ်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အပြုသဘောဆောင်သည့် နည်းလမ်းများ ရှာဖွေနိုင်ရန် ဆက်လက်ကြိုးပမ်း အားထုတ်ပေးခဲ့ကြသည့် ဥက္ကဌ ဒေါက်တာ ကိုဖီအာနန် နှင့် တစ်ကွ ကော်မရှင်အဖွဲ့ဝင်များ အားလုံးကိုကျေးဇူးဥပကာရ အထူးပင်တင်ရှိပါသည်။

၂။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က အသိအမှတ်ပြုထားပြီး ဖြစ်သည့်အတိုင်း ရခိုင် ပြည်နယ်၏ အခြေအနေသည် လွန်စွာမှ ပင်ရှုပ်ထွေးနက်နဲလှပြီး အချိန်တိုတိုအတွင်း ဖြေရှင်းယူ၍ မရနိုင်ပါ။ ကာလရှည်ကြာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခဲ့ပြီး အဆင်းရဲဆုံးသော ပြည်နယ်တစ်ခု ဖြစ်နေခြင်း ကြောင့် ပြဿနာဖြေရှင်းရာတွင် စိန်ခေါ်မှုများ ပိုမိုမြင့်မားလာစေခဲ့သည်။ မကြာသေးသော ကာလများ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင် ခဲ့ရပြီး ဖြေရှင်းရန် ခက်ခဲနေခဲ့ရသော အခြေအနေကို မီးလောင်ရာလေပင့်သည့်နှယ် ပိုမို၍ ဆိုးရွား လာစေရန် အပြင်ဖက်မှ စွက်ဖက်သည့် အဖျက်အမှောက်များလည်း တွေ့မြင်နေရသည်။

၃။ ဤသို့သောအခြေအနေတွင် ကော်မရှင်၏ လက်တွေ့ကျပြီး၊ ရေရှည် အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ကြိုဆိုပါသည်။ ကော်မရှင်၏ အစီရင်ခံစာနှင့်အကြံပြုချက်များကို ပကတိ မြေပြင် အခြေအနေပေါ် မူတည်၍ အပြည့်စုံဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အလေးအနက်ထား စဉ်းစား သွားမည်ဖြစ်သည်။ မကြာခင် သီတင်းပတ်များအတွင်း အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ လမ်းပြမြေပုံ တစ်ခု ချမှတ်နိုင်ရန်လည်း မျှော်လင့်ထားသည်။

၎။ အမြန်ဆုံးဖော်ဆောင်သည့် ခြေလှမ်းတစ်ရပ်အနေဖြင့် ကောင်မရှင်၏ အကြံပြုချက်များကို တာဝန်ယူကာ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်သည့် ကော်မတီသစ် တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဤကော်မတီသစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးမှ ကိုယ်စားလှယ် များ ပါဝင်စေမည်ဖြစ်ပြီး အကြံပြုချက်များအား အကောင် အထည်ဖော်မှု အခြေအနေများအပေါ် ကြီးကြပ်ရန်နှင့် တိုးတက်မှုများ အစီရင်ခံတင်ပြရန် တာဝန်ယူ ဆောင်ရွက်စေမည် ဖြစ်သည်။

၅။ ကော်မတီအသစ်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ တစ်ဖွဲ့ဖြင့် အထောက်အကူ ပြုသွားမည် ဖြစ်သည်။ ယင်းဘုတ်အဖွဲ့တွင် မြန်မာနိုင်ငံသားများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများ ပါဝင်စေမည် ဖြစ်သည်။ ယင်းဘုတ်အဖွဲ့သည် ကော်မတီအသစ်၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာ၌ အထောက်အကူ ပြုစေနိုင်မည့် ပြင်ပရှုထောင့်များနှင့် အကြံဉာဏ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။

၆။ အထက်ပါ ကော်မတီအသစ်နှင့် အကြံပေးဘုတ်အဖွဲ့တို့နှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက် များကို ပြုစုလျက်ရှိပြီး မကြာမီ ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

၇။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဆက်လက်လျှောက်လှမ်းမည့် လမ်းကြောင်းတစ်ရပ် ရှာဖွေနိုင်ရန် အလေးအနက်ထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ့တာဝန် စတင် ရယူချိန်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။

၈။ ဆက်လက် ဆောင်ရွက်ဖွယ်ရာများ ကျန်ရှိနေသေးသော်လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက် အများအပြားကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တိုးတက်မှုများ ရရှိနေပြီ ဖြစ်သည်။

(က) ရွေ့လျားဆေးပေးခန်းအသစ်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခဲ့သည်။ စာသင်ကျောင်းများကို အဆင့်မြှင့်တင်ပေးခဲ့ပြီး အသက်မွေးဝမ်းကျောင်း ပညာနှင့် နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

(ခ) အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ရာနှင့်ချီသော ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်သစ်များ၊ အခွင့်အလမ်းအသစ်များ ဖန်တီးပေးခဲ့သည်။ ဒေသတွင်း၌ အလုပ်အကိုင်အသစ်များနှင့် စီးပွားရေးလုပ်ငန်းအသစ်များ ဆောင်ကြဉ်းစေနိုင်မည့် အထူး စီးပွားရေးဇုန် အသစ်တစ်ခု တည်ဆောက်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ အခြေအနေများကို လေ့လာဆန်းစစ် သုံးသပ်လျက်ရှိသည်။

(ဂ) အခြေခံအဆောက်အုံအသစ်များ ပေါ်ထွန်လာရေးအတွက် လျှပ်စစ်ဓါတ်အား တိုးမြှင့် ရရှိရေးနှင့် လမ်း၊ တံတားအသစ်များ တည်ဆောက်ရေးတို့ကို ဆောင်ရွက်ပေးခဲ့သည်။ မူလက သင်္ဘောဖြင့်သာ သွားလာနိုင်သော ဝေးလံခေါင်ဖျားသည့် ဒေသများအား ဆက်သွယ် ပေးသည့် အဝေးပြေးလမ်းမအသစ် တည်ဆောက်ပေးခဲ့သည်။

(ဃ) ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်မှုနှင့် မတူကွဲပြားသည့် လူမှုအသိုက်အဝန်းများအကြား ဆက်ဆံမှုကောင်းမွန်ရေးတို့ မြှင့်တင် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စာသင်ကျောင်းများတွင် ကိုယ်ကျင့်တရား၊ ပြည်သူ့နီတိနှင့် ငြိမ်းချမ်းရေးတို့ကို အလေးပေးသည့် သင်ရိုးညွှန်းတမ်း အသစ်တစ်ခု စတင် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

(င) ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား အစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ် ပိုမိုထိရောက် အောင်မြင်စေမည့် မဟာဗျူဟာတစ်ရပ်နှင့် အချိန်ဇယား ဖော်ထုတ်နိုင်ရန် လည်းကောင်း၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်မည့် မဟာဗျူဟာတစ်ရပ် ဖော်ထုတ်နိုင်ရန်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။ ဒုက္ခသည်စခန်း (၃) ခုကို ပိတ်သိမ်းနိုင်ခဲ့ပြီး၊ ယင်းဒုက္ခသည် စခန်းများအနီးတွင် အိမ်ယာအသစ်များ ဆောက်လုပ် ပေးခဲ့သည်။

(စ) ဥရောပသမဂ္ဂ၊ ကုသလမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ များအား လူ့အခွင့်အရေး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် လိင် အခြေခံသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာစသည့် နယ်ပယ်များတွင် လေ့ကျင့်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ပေးလျက် ရှိသည်။

၉။ ရခိုင်ပြည်နယ်အတွင်းရှိ နေသူအားလုံးအတွက် ကောင်းမွန်သည့်လမ်းကြောင်းတစ်ရပ် ရှာဖွေရာတွင် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်သည့် အခက်အခဲများ ရှိနေသည်ကိုလည်း အသိအမှတ်ပြု လက်ခံရန် လိုအပ်ပေမည်။ ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းများအကြား စိတ်နေစိတ်ထား ခံယူချက်များ ပြောင်းလဲလာစေရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့မှသာ သည်းခံမှု၊ လေးစားမှုများမှတစ်ဆင့် တည်ငြိမ်အေးချမ်းမှု ဖြစ်ထွန်းလာမည် ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ရခိုင်ပြည်နယ်အရေးကိစ္စ ပိုမိုးဆိုးရွားသွားစေမည့် မီးလောင်ရာ လေပင့်ခြင်းများကို ရှောင်ကြဉ်ပြီး ပြဿနာဖြေရှင်းရေးကို အလေးထား အာရုံစိုက်ကြရန် အရေးကြီးပါကြောင်း ထုတ်ပြန်အပ်ပါသည်။

source: Myanmar State Counsellor Office

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အပေါ် အစိုးရသဘောထား ထုတ်ပြန်”

Post a Comment

Related Posts Plugin for WordPress, Blogger...