Thursday, August 24, 2017

ရခိုင်ပြည်နယ်က နိုင်ငံရေးကစားကွက်

,
ထွန်းအောင်ကျော် (၇၄ မျိုးဆက်) ||

လက်ရှိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ တပ်မတော် တပ်ရင်း ၃၃ ကို စေလွှတ်ပြီး မေယုတောင်တန်းကို ရှင်းလင်းဖို့ လုပ်ဆောင်နေ တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး  နိုင်ငံရေးပါတီ ၂၀ နဲ့ အတူ ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့နဲ့ မြန်မာပြည်မှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိကြောင်း အစိုးရကို တရားဝင် ထုတ်ပြန်ပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွား အရှိန်မြင့်တက်လာတာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာပါ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုံးကို ခန့်ထားတဲ့အခါ ရခိုင်နိုင်ငံရေး ပါတီတွေက ဘာပြသ၁နာမှ မရှိဘဲ လက်ခံခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရခိုင်အမျိုးသား ဦးညီပုကို ခန့်အပ်တာကို ကန့်ကွက်ခဲ့ပြီး အစိုးရအဖွဲ့ထဲမှာ ရခိုင်အမျိုးသား ပါတီဝင်တွေကို မပါရန် တားမြစ်ထားခဲ့ပါတယ်။ အဓိပ္ပာယ်က အမျိုးသား ဒီမိုကရေစီအစိုးရနဲ့ တွဲမလုပ်နိုင်ဘူးဆိုတဲ့ သဘောပါပဲ။ ရခိုင်ပြည် နယ် အစိုးရ အဖွဲ့ထဲကို ပါဝင်တဲ့ ပါတီဝင်တွေကိုလည်း ပါတီစည်းကမ်း မလိုက်နာမှုနဲ့ ထုတ်ပယ်ခဲ့ကြပါတယ်။

မကြာသေးခင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးမောင် ခေါင်းဆောင်ပြီး ရခိုင်လွှတ်တော် အမတ်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဆွေးနွေးပြီး ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ပေးရေးကို တင်ပြဆွေးနွေးခဲ့တာ တွေ့လိုက်ရပါတယ်။ ဒေါက်တာအေးမောင် အပြောအရ သူတို့ဘက်က မေတ္တာရပ်ခံပြီး တွေ့ချင်တယ် ပြောတာကြောင့် နောက်တနေ့မှာ တွေ့ခွင့်ရခဲ့တယ်လို့ ဆိုတယ်။

“ကိုယ့်ဒေသကျေးရွာတွေ မလုံခြုံဘူး။ ဌာနေ တိုင်းရင်းသားတွေဟာ မိမိနေရပ် ကို စွန့်ပြီးမှ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုရှိတဲ့ နေရာတွေကို ပြေးနေ ခိုလုံနေကြရတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ချင် တယ်။ တည်ငြိမ်အေးချမ်းပြီးမှ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ် မလဲ ဆိုတာလေးကို ဆွေးနွေးချင်တယ် ဆိုတာမျိုးနဲ့ ကျနော်တို့ မေတ္တာရပ်ခံ ခဲ့တာ ရှိပါတယ်” လို့ ဗီအိုအေနဲ့ တွေ့ဆုံမှုမှာ ရှင်းပြခဲ့ပါတယ်။

အဓိက ရခိုင်ပြည်နယ်ကို အကြမ်းဖက်သမားတွေ ရန်က ကာကွယ်ဖို့ကိစ္စမှာ လက်ရှိဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရထက် တပ်မတော်ကို အားကိုးအားထား ပြုနေကြောင်း သက်သေပြချက်ပဲ ဖြစ်ပါတယ်။ ရခိုင်အရေး ကိစ္စမှာ တပ်မတော်ကသာ ကာကွယ်နိုင်တယ် ဆိုတာမျိုး ပေါ်လွင်စေပါတယ်။ ဒီနေရာမှာ တပ်မတော်နဲ့ အစိုးရဆိုတာ တသားတည်း ဖြစ်မနေဘူး၊ တပ်မတော်က သူ့ဦးဆောင်မှုနဲ့ သူရှိပြီး အစိုးရက သူ့ဦးဆောင်မှုနဲ့သူ ရှိတယ် ဆိုသလိုမျိုး အမြင်ဖြစ်စေပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားအရ တပ်မတော်ဟာ အစိုးရသြဇာခံ မဖြစ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အစိုးရက တပ်ကို အရိပ်အခြည်ကြည့်ပြီး ဆက်ဆံနေရတယ်။ တပ်တွေကို အသုံးချချင် ရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူမှ ရမှာဖြစ်တယ်။ ဒါကြောင့် အစိုးရကို ခေါင်းထဲမထည့်တော့ဘဲ တပ်ချုပ်ကြီးကို ချဉ်းကပ်ပြီး တွေ့ခွင့်တောင်းတော့ တပ်ချုပ်ကြီးကလည်း ချက်ချင်း နောက် တနေ့မှာ တွေ့ခဲ့ပါတယ်။ ဒေါက်တာ အေးမောင်ရဲ့လုပ်ရပ်က အစိုးရကို အားမကိုးဘူး၊ တွဲမလုပ်ဘူး တပ်ကိုပဲ အားကိုးတယ် တွဲလုပ်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။

ပြည်သူတွေက တပ်မတော်ကို ယုံကြည်ကိုးစားတာကို တပ်မတော် ခေါင်းဆောင်တွေက လိုလားပါတယ်။ အခုလို ရခိုင်ပြည်နယ်ကို တပ်ရင်း တရင်း စေလွှတ်လိုက်ပြီး လိုအပ်ရင် သံချပ်ကာကားတွေ၊ လေယဉ်ပျံတွေ သုံးမယ်ဆိုတဲ့ အတွက် ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုကို တပ်မတော်ကရမှာ ကျိန်းသေပါတယ်။ ဒီလိုပဲ တပ်ထောက်ခံအားပေးတဲ့ ကြံ့ခိုင်ဖြိုးပါတီ ကလည်း နိုင်ငံရေးပါတီ ၂၀ နဲ့ ရခိုင်ပြည်နယ် အရေးကို တောင်းဆိုခဲ့တဲ့အတွက် သူတို့ ကို ရခိုင်ပြည်သူတွေနဲ့ အစွန်းရောက် အမျိုးသားရေး ဗုဒ္ဓဘာသာဝင်တွေက ထောက်ခံကြမှာပဲလို့ ထင်မြင်ပုံရပါတယ်။

ရခိုင်ပြည်နယ်ဟာ တပ်မတော်ကို ရခိုင်ပြည်သူတွေတင်မက မြန်မာနိုင်ငံ တွင်းရှိ ပြည်သူအားက အားကိုးအားထား ပြုရမယ့် တပ်အဖြစ် မြင်လာအောင် ပြသနိုင်တဲ့ဒေသဖြစ်သလို၊ ရခိုင်အမျိုးသားရေးပါတီနဲ့ ကြံ့ခိုင်ဖြိုးပါတီကလည်း တပ်မတော်ရဲ့ ဆောင်ရွက်မှုတွေကို အားပေးရင်း သူတို့ပါတီတွေကို ပြည်သူတွေက ထောက်ခံလာအောင် လုပ်နိုင်တဲ့ အခြေခံဒေသတခုလို့ မြင်ပုံရပါတယ်။

NLD ပါတီကို ဖြုတ်ချပြီး သူတို့ရွေးကောက်ပွဲ အနိုင်ရဖို့ကိစ္စမှာ ကြံ့ခိုင်ဖြိုး ပါတီအနေနဲ့ အမျိုးသားရေး၊ ဘာသာရေး ကိစ္စတွေကို ရှေ့တန်းတင် တိုက်ရန် ကလွဲလို့ သူတို့မှာ အတိတ်က တိုင်းပြည် တိုးတက်ရေးအတွက် သူတို့ ဘာတွေ လုပ်ကိုင် ဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေပြစရာ တခုမှ မရှိပါဘူး။ အမျိုးဘာသာ သာသနာကို ရှေ့တန်းတင်ပြီး လူထုကြီးကို စည်းရုံးတဲ့နေရာမှာ ရခိုင်ပြည်နယ်ဟာ သူတို့တိုက်ကွက်ထဲမှာ ဝင်နေပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အခုလို တက်ကြွနေတာ ဖြစ်နိုင်ပါတယ်။ မဘသကို အဓိက အားပေးထောက်ခံနေတာ ဘယ်ပါတီလဲဆိုတာ လူတိုင်းသိပါတယ်။ ဘင်္ဂါလီအမတ် ဦးရွှေမောင်တို့ဟာ ဘယ်ပါတီဝင်လဲလို့မေးရင် ကြံ့ခိုင်ဖြိုးပါတီ ကလို့ ပြောရမှာပါ။ အရင်က ရွေးကောက်ပွဲမှာ ဘာကြောင့် ဒီလူတွေကို သူတို့ပါတီဝင်အဖြစ် ရွေးခဲ့ကြသလဲ၊ အခုမှ ဘာကြောင့် ဆန့်ကျင်ပြနေရသလဲ မေးစရာပါ။ မဘသကလည်း ဒီလိုလုပ်ရပ်တွေကို မပြောဘဲ နှုတ်ဆိတ်နေတာ ဘာကြောင့်လဲ။ တွေးတတ်ရင် အဖြေက ရှိပြီးသားပါ။

ဒီလိုနိုင်ငံရေး ကစားကွက်တွေကို NLD ပါတီက သိရှိဖို့လိုပြီး ထောင်ချောက် ဆင်ထားမှုတွေကနေ လွတ်အောင် တွေးခေါ် ထားနိုင်လိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။ NLD ပါတီကို ထိုးနှက်ဖို့ အမျိုးဘာသာ သာသနာဆိုတဲ့ ကြွေးကြော် မှုတွေကတော့ နိုင်ငံအနှံ့မှာ ဆက်ရှိနေမှာဖြစ်ပြီး ဒီလိုလှုပ်ရှားမှုတွေကို ဘယ်သူတွေက မီးထိုးပေးနေသလဲ ဆိုတာကို သတိရှိရှိနဲ့ ဖော်ထုတ် အရေး ယူနိုင်မယ် ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာ ပယောဂ မပါဘဲ ကျင်းပနိုင်မှာဖြစ်ကြောင်း တင်ပြလိုက် ရပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ အကွေ့ အကောက်တွေ များလွန်းပြီး ပြည်သူတွေကို လှည့် စားနိုင်သူတွေက နေရာရသွားတာတွေ သမိုင်းရှိခဲ့ပါတယ်။ လက်ရှိလည်း ဖြစ်နေဆဲပါခင်ဗျား။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ်က နိုင်ငံရေးကစားကွက်”

Post a Comment

Related Posts Plugin for WordPress, Blogger...