Friday, August 25, 2017

ရခိုင်အရေး အာနန် ပြောပြီ

,
ရခိုင်ပြည်နယ် ငြိမ်းချမ်းမှု ရရှိပြီး အကြမ်းဖက်ဝါဒ ခေါင်းထောင်မလာစေရေး အတွက် ပြည်နယ်အတွင်းရှိ မွတ်ဆလင် လူနည်းစုများကို လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးရမည် ဖြစ်ပြီး ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့ ကုလ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် က ပြောကြားလိုက်ပါတယ်။

ကာလကြာမြင့်စွာက စောင့်စားနေကြတဲ့ ၎င်းရဲ့ အစီရင်ခံစာအား ကြာသပတေးနေ့က အပြည့်အစုံကို ထုတ်ပြန်ခဲ့ရာမှာ အချက်ပေါင်း ၈၈ ချက် ပါဝင်လာပြီး အစီရင်ခံစာပါ ထောက်ခံတင်ပြချက်များကို အကောင်အထည်မဖေါ်နိုင်ပါက ဟိုဖက်ဒီဖက် အကြမ်းဖက်မှုများ ပိုမို ကြီးထွားလာနိုင်သည်ဟု လည်း သတိပေးထားခဲ့ပြီး အကြမ်းဖက်သမားတွေ လူအင်အား စုဆောင်းပေးသလို ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ကော်မရှင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားမလာခင် နှစ်လ အလိုမှာ အကူအညီတောင်း ခန့်အပ်ခဲ့တာ ဖြစ်ပြီး ယခု နှစ်ကုန်၍ အစိုးရထံ အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရမှ အစီရင်ခံစာပါ ထောက်ခံတင်ပြမှုများကို အကောင်အထည်ဖေါ်မယ်လို့ ကတိပေးထားမှု တွေ ရှိနေပေမယ့် ရခိုင်လူမျိုးစုများက မူဆလင်များကို လွန်စွာ မုန်းတီးနေပြီး နိုင်ငံတွင်းမှ နှင်ထုတ်လိုနေကြတဲ့ အတွက် အဆိုပါ အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးမှာ အစိုးရ အတွက် ကြီးမားတဲ့ စိမ်ခေါ်မှုတွေ ရင်ဆိုင်ရဖို့ ရှိနေပြန်ပါတယ်။

အခုလက်ရှိ ပြသာနာသည် ဗြုန်းစားကြီး ဖြစ်ပေါ်လာခဲ့ရတာလည်း မဟုတ်ပဲ ရခိုင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် ကာလကြာမြင့်စွာ ရှိနေတဲ့ ပြဿနာ ဖြစ်နေပြီး တိုင်းပြည် လွတ်လပ် ပွင့်လင်းလာတာနဲ့ အမျှ သိုသိပ်ထားရတာတွေ အုံကြွလာကြခြင်း ပင် ဖြစ်ပါတယ်။

သို့သော် စဉ်းစားရမည်က ပြဿနာကို ထိုနည်းဖြင့် ဖြေရှင်း၍ ရနိုင်ပါမည်လော၊ ကိုယ့်နိုင်ငံထဲရှိတာ မောင်းထုတ်ဖို့ နေနေသာသာ တဖက်နိုင်ငံ က ၎င်းနိုင်ငံထဲ ရောက်နေပြီ ဆိုကာ ပြန်ပို့ဖို့ လုပ်လာတဲ့ အပြင် အိန္ဒိယ ဆိုက နိုင်ငံတွင်း အကျပ်အတည်း ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ၎င်းနိုင်ငံထဲ နှစ်ပေါင်းများစွာထဲက ရောက်နေသူ လေးသောင်းခန့်ကို မြန်မာ ပိုင်နက်ထဲ လက်ခံသည် ဖြစ်စေ လက်မခံသည် ဖြစ်စေ အတင်း တွန်းထိုး ပြန်ပို့မယ်လို့ ကြိမ်းဝါးနေပါတယ်။

ဒီကိစ္စ က အထိခိုက်မခံ ဖြစ်နေတဲ့ အတွက် အစိုးရ အနေနဲ့ သာ ဖြေရှင်းလို့ ရမယ် ဆိုတာ ကောင်းစွာ သဘောပေါက်ထားသင့်ပါတယ်။ ဒီလို ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ လေးစားမှု ကို ရရှိထားပြီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မှ တပါး မည်သူမျှ ဖြေရှင်းနိုင်မယ် မဟုတ်ပါဖူး၊ ဒီအတွက် ပါဝင်ပါတ်သက်နေသူတွေ အားလုံး အနေနဲ့ အသေအချာ စဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ ဒီအခြေအနေတိုင်း အားလုံး အထိတ်တလန့် နဲ့ နေသွားကြမလား၊ အစိုးရ မှ နှစ်ဖက်စလုံး အဆင်ပြေအောင် လုပ်ပေးတာ ကို ထောက်ခံမှု ပေးသွားကြမလား ဆိုတာ ပဲ ဖြစ်ပါတယ်။ အာနန် ကော်မရှင်အဖို့ကတော့ သူ့ကို တနှစ်ကြာပေးထားတဲ့ အခွင့်အာဏာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ၁၉၈၀ ကျော်ပိုင်းမှာ အသားအရောင် ခွဲခြားတဲ့ တောင်အာဖရိက နိုင်ငံ နဲ့ နှိုင်းယှဉ်ပြောဆိုမှု တွေ ရှိလာနေပါတယ်။ ထိုအချိန်က စစ်အေးတိုက်ပွဲ အရှိန်မြင့်နေတဲ့ အတွက် အမေရိကန် နဲ့ အင်္ဂလန်က လက်ရှိ လူဖြူ အစိုးရ ကို အတတ်နိုင်ဆုံး ဖေးမခဲ့ပေမယ့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် နဲ့ စီးပွားရေး ပိတ်ဆို့မှု ကို ခံလိုက်ရပါတယ်။ နောက်ဆုံး လူဖြူ အစိုးရလည်း မင်ဒဲလားကို ထောင်ကနေ ထုတ်ပြီး တိုင်းပြည်အာဏာအပ်နှင်းခဲ့ရတဲ့ အထိ ဖြစ်သွားဖူးပါတယ်။

ကျွန်တော်တို့ နိုင်ငံလေး အဖို့က ဒီလို ဖိအားပေးမှုမျိုးကို တနှစ်တောင် တောင့်ခံနိုင်မှာ မဟုတ်ဖူး ဆိုတာ အသေအချာ ထည့်တွက်ဖို့ လိုလာနေပါတယ်။ ဒီအတွက် ရှဥ့်လဲ လျောက်သာ ပျားလဲစွဲသာ နဲ့ ချင့်ချင့်ချိန်ချိန် ပြုလုပ်သင့်ပါတယ်။

ဦးနေ၀င်း လို အာဏာရှင်တောင် ၁၉၇၈ က နဂါးမင်း စစ်ဆင်ရေး နဲ့ အစုလိုက် အပြုံလိုက် မောင်းထုတ်ခဲ့ရာက နှစ်နိုင်ငံ နယ်ခြား တိုက်ပွဲတွေ ဖြစ်လာခဲ့လို့ နှင်ထုတ်တဲ့ လူတွေ ထက် နှစ်ဆတိုးပြီး ပြန်လက်ခံခဲ့ရတယ်ဆိုတာလည်း မေ့ထားလို့ မဖြစ်ပါဖူး၊ နောက်ဆုံး ရခိုင်ပြည်နယ်သည် ဆီရီယား လိုအဖြစ်မျိုး မရောက်နိုင်ဖူးလို့ ဘယ်သူမှ အာမ မခံနိုင်တဲ့ အနေအထား ရှိပါတယ်။  ဒီအနေအထားကို အာနန် ကော်မရှင် အစီရင်ခံစာမှာ သွယ်ဝိုက်စွာ နဲ့ စိုးရိမ်တကြီး အသိပေးထားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆီရီယား အဖြစ်မျိုး မရောက်ခဲ့ရင်တောင်မှ အကြမ်းဖက်မှု သံသရာထဲက ရုန်း မထွက်နိုင်အောင် ဖြစ်ပြီး ရခိုင်ပြည်သူများ အနေဖြင့် ဆင်းရဲတွင်း က ရုန်းထွက်နိုင်မှာ မဟုတ်ပါဖူး။

ကိုယ့်နိုင်ငံ တနိုင်ငံတည်း ရပ်တည်လို့ မရတဲ့ ကမ္ဘာ အနေအထားကို ထည့်သွင်းစဉ်းစားသင့်ပြီး မိမိတို့ ရေရှည်အကျိုး စီးပွားကို ထည့်တွက် ကြရမှာ ဖြစ်ပါတယ်။ သွေးဆူအောင် မြှောက်ပေးနေတဲ့ နိုင်ငံရေးသမားတွေက အရေးအကြောင်းဆို ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်ကြတယ်ဆိုတာ ခုချိန်ထိ ဖမ်းဝရမ်းထုတ်ပြီး တာတောင် မဖမ်းနိုင်အောင် အရှောင်အတိမ်း ကောင်းတတ်ကြပါတယ်။ အချို့သော နိုင်ငံရေး ပါတီ များ နှင့် ပြည်တွင်း အဖွဲ့အစည်း အချို့က လက်ရှိ အစိုးရ ရှေ့ကို တိုးတက်မလာအောင် ၎င်းတို့ လိုလားသူများ အာဏာ ပြန်ရလာတဲ့ အထိ ဖြစ်စေရေး အတွက် နည်းမျိုးစုံနဲ့ ခလောက်ဆန်နေကြသည့် အဖြစ်ကို လည်း အားလုံးသိရှိပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ အမုန်းတရားတွေ လျော့ပြီး မိမိတို့ အေးချမ်းစွာ လုပ်ကိုင်စားသောက်ရင်း တဖက်က အစ္စလာမ် စစ်သွေးကြလာမှုကို ဒီထက်ပိုပြီး ဆိုးမလာနိုင်အောင် ထိမ်းကွပ်ပေးနိုင်မယ့် လုံခြုံရေး အစီအမံ တွေ ရှိလာရင်ကိုပဲ ကျေနပ်သင့်ပြီလို့ ယူဆမိပါတယ်။ ခေါင်းမထောင်နိုင်အောင် အုပ်ချုပ်ခြင်းမျိုး က မအောင်မြင်နိုင်ဖူးဆိုတာ အီရန် က ရှားဘုရင် နဲ့ အီရတ်က ဆက်ဒမ်ဟူစိန် တို့ကို နမူနာ ယူနိုင်ကြပါတယ်။

အခု ပဲ အာနန် ကော်မရှင်က "လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကြီး" လို့ ခေါင်းစဉ် တပ်ခဲ့ပြီ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့စွာ နေထိုင်ရသော လူဦးရေ စုစုပေါင်းရဲ့ ၁၀% က မြန်မာပြည်မှာ ရှိတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ တွေ အနေနဲ့ လည်း မိမိတို့ ကြားချင်သည့် အရာများ ကော်မရှင် အစီရင်ခံစာ မှာ မပါတိုင်း ဘက်လိုက်သည်ဟု စွပ်စွဲပြောဆိုယုံနဲ့လည်း ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဖူး၊

အာနန်ရဲ့ အစီရင်ခံစာ ခေါင်းစဉ်ကိုက ငြိမ်းချမ်း တရားမျှတပြီး ဖွံ့ဖြိုးစည်ပင်လာမည့် ရခိုင်ပြည်သူများ၏ အနာဂါတ်ဆီသို့ ဟု ခေါင်းစဉ်တပ်ထားခဲ့ပါတယ်။

HSW

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်အရေး အာနန် ပြောပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...