Friday, August 25, 2017

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှု ကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ် ဆောင်ရွက် လျှက်ရှိ

,
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှု ကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ် ဆောင်ရွက် လျှက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ ( သြဂုတ်လ ၂၅ ရက် ) ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ လူကိုယ်တိုင် လာရောက်၍ ယနေ့နံနက်စောပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားနေမှု အခြေအနေများကို တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံးအနေဖြင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် ဆက်သွယ်ကာ လိုအပ်သော လုံခြုံရေးတပ်ဖွဲ့များထပ်မံ ဖြည့်တင်းရေးကိစ္စ၊ ရဟတ်ယာဉ် သုံးစွဲရေးကိစ္စတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည်လည်း နိုင်ငံတော်သမ္မတထံ အခြေအနေကို ဆက်သွယ် သတင်းပို့ခဲ့ပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား နိုင်ငံတော်သမ္မတအိမ်တော်၌ ၁၄၀၀ နာရီ အချိန်တွင် လာရောက် တွေ့ဆုံကာ ရခိုင်ပြည်နယ် လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် အကြမ်းဖက်သမားများအား ထိရောက်စွာ နှိမ်နင်းရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့် ယနေ့ ၁၅၃၀ နာရီအချိန်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (နေပြည်တော်) ၌ အစည်းအဝေး ခေါ်ယူကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများမှ သြဂုတ်လ (၂၅) ရက်နေ့ နံနက် (၀၁၀၀) နာရီမှ စတင်၍ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကင်းစခန်းများ၊ အခြေစိုက်စခန်း အများအပြားကိုတစ်ပြိုင်နက်တည်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပုံ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒါဏ်ရာ ရရှိမှု အခြေအနေများ၊ ပိတ်ဆို့ ခြင်းခံထားရသော အရပ်သား ပြည်သူများအား ကယ်ထုတ်ရန် လိုအပ်သည့် အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တုံ့ပြန်ဆောင်ရွက်နေရသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အစိုးရမှ မြေပြင်အခြေအနေ တင်ပြချက်များ စသည်တို့ကိုညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည် ဝန်ထမ်းများနှင့် ဒေသခံရပ်သူ/ ရွာသားများ၏ လုံခြုံရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်ပေးရန် အသေးစိတ် လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့သည်။ ပြည်နယ်အစိုးရထံသို့လည်း အချိန်နှင့်တစ်ပြေးညီ အသိပေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။

ယခုအခါတွင် အဆိုပါ ဒေသ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အားကိုလက်ရှိရှိသည့် အင်အားထက် တိုးမြှင့် တာဝန်ချထားရေးတို့ကိုဆောင်ရွက်ပေးထားပြီး၊ တပ်မတော်မှလည်း တပ်ဖွဲ့ အင်အားဖြည့်တင်းကာ ဒေသခံပြည်သူတို့၏ လုံခြုံရေးကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးရန် အစီအမံများပြုလုပ်ပေးပြီးဟု သိရှိရသည်။

ထို့အပြင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့၊ တောင်ပြိုလက်ဝဲမြို့နှင့်‌ မြင်းလွတ်မြို့များတွင် ပိတ်မိနေသော နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၁) ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်း (၁) ဦး အသက်ဆုံးရှုံးခဲ့သည်။ အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား (၇၇) ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး၊ (၂) ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သိရှိရသည်။

အစိုးရအနေဖြင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စောင့်ရှောက် ကာကွယ်ရေး ကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ အကြမ်းဖက်သမားများကို ထိရောက်စွာ နှိမ်နင်းရေး ကိစ္စတို့ကို နိုင်ငံတော် အကြီးအကဲများကိုယ်တိုင်
 ကြီးကြပ်ကွပ်ကဲဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
7day(25.8.2017)

https://m.facebook.com/story.php?story_fbid=785298168309958&id=639456206227489

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှု ကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ် ဆောင်ရွက် လျှက်ရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...