Saturday, August 26, 2017

ကိုယ်တို့ တိုင်းပြည်မှာ ရေဒီကယ်သမားတွေ တော်တော်များတာပဲ

,
ကိုယ်တို့ တိုင်းပြည်မှာ ရေဒီကယ်သမားတွေ တော်တော်များတာပဲ ဆိုတာ မြင်ရတယ်။ ဟိုလိုလုပ်လိုက်ပါလား ဒီပုံချလိုက်ပါလား ဆိုတာတွေ ကြားနေရတယ်။ အားလုံးကို သတ်ပစ် လုပ်ပစ် ဆိုတာမျိုးတွေ နားမဆံ့အောင် ကြားသိနေရပါတယ်။

တကယ်တော့လည်း ဖြစ်နေတဲ့ ပြသနာတွေ က ထင်သလောက်မရိုးရှင်းပါဘူး။ အင်အားစုတွေ အမျိုးမျိုး ပါဝင်လှုပ်ရှားနေကြတဲ့ ပါဝါဂိမ်းကြီး တစ်ခု ပါ။ အဲဒါတွေ က ရခိုင်မေယုဒေသ ကို ဂါဇာကမ်းမြောင်ဒေသလို ဖြစ်အောင် ဖန်တီးနေကြပုံ ပေါက်တယ်။

အာဏာရှင်အဆက်ဆက် ကလည်း ဒေသတွင်း ပဋိပက္ခ ကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြတယ်။ ယာလည်းညက် ကြက်လည်းပမ်း မူဝါဒ ကို ကိုင်ဆွဲခဲ့ကြတယ်။ ဥပမာ နေရာတစ်ခု မှာ= မြွေတွေ က ကြွက်တွေ ကို စားတယ်။ ကြွက်တွေ က မြွေဥတွေ ကို စားတယ်ဆိုကြပါစို့။ မြွေတွေ အားလုံးကို ရှင်းပစ်လိုက်ရင် ကြွက်တွေ ထလာမှာ ဖြစ်သလို ကြွက်တွေ အားလုံးကို မောင်းထုတ်လိုက်ပြန်ရင် လည်း မြွေတွေ က သောင်းကျန်း လာမှာ ဖြစ်ပြန်တယ်။ ဒီလို အပြန်အလှန်ထေပြီး ပါဝါဂိမ်း ကစားနေတာတွေလည်း ရှိပါတယ်။

တစ်ချို့ ကတော့ ပထ၀ီနိုင်ငံရေးအထိ တက်ပြီး စဉ်းစားတယ်။ ဒီကိစ္စမှာ ယန်ကီးတွေ တောင် ပါနေနိုင်တယ်ပေါ့။ ရခိုင်ကမ်းရိုးတန်းဒေသ ဟာ နဂါးကြီး အတွက် အလွန်အရေးပါတာမို့ နဂါးကြီး အမောက်ထောက်တာ ကို ကဖျက်ကယက်လုပ်ဖို့ အတွက် ဒီ ကိစ္စ ကို ပံ့ပိုးနေတယ်လို့ ဆိုကြတယ်။

ဒါပေမဲ့ အခု သတင်းတွေမှာ တက်လာတာတွေ ကတော့ လူစုလူဝေးနဲ့ အင်အားသုံးပြီး တုတ်ဒါးလက်နက် လေးဂွဂျင်ကလိ လက်လုပ်မိုင်း စတာတွေ နဲ့ တိုက်နေတာမြင်ရတော့ ယန်ကီးတွေ ခလောက်ဆန်နေတယ်ဆိုတာ ကတော့ နည်းနည်း ဝေးသလို မြင်ပါတယ်။ အသေအပျောက်များလာတာလဲ အကြမ်းဖက်သမားတွေ ဘက်က ပဲ ဖြစ်နေတော့ ကမူးရှုးတိုးတိုက်ခိုက်နေကြပုံ ပေါက်ပါတယ်။

အခု မြင်ရတာ က အရင်တုန်းက လူမျိုးအမည်နာမ သတ်မှတ်ရေး နဲ့ တိုင်းရင်းသား-နိုင်ငံသား ဖြစ်ရေး ကို ဦးတည်ခဲ့ပေမဲ့ အခုတော့ သီးခြားခွဲထွက်ရေး အထိပါ သွားချင်သူတွေ က ၀င်ကစွပ်လုပ်လာတာကို မြင်နေရပါတယ်။ ဘယ်လောက်အထိ ကြိုးစရှည်မလဲ ဘယ်လောက်အထိ နက်နဲမလဲ ဆိုတာကတော့ သိဖို့ ခက်လှပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ နဲ့ အတူ လူထုအုံကြွပုန်ကန်မှု အသွင် ကိုဆောင်လာတဲ့ လှုပ်ရှားမှုတွေ ကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အခုအထိတော့ အိမ်နီးချင်းတိုင်းပြည်မှာ လစ်ဘရယ်ဆန်တဲ့ အစိုးရမျိုးတွေ ရှိနေသေးတာ ကံကောင်းနေသေးတယ်ဆိုရပါလိမ့်မယ်။ ဘာသာရေး အစွန်းရောက် အစိုးရမျိုးတွေ တက်လာတဲ့ အချိန်ဆိုရင် ထိန်းရခက်ခဲတဲ့ အနေအထားတွေ အထိ ရောက်ရှိသွားနိုင်တယ်လို့ မြင်ပါတယ်။

အာနန်ကော်မရှင် ရဲ့ အကြံပြုချက်တွေထဲမှာ ဒီလူစုလူဝေးကြီး ကို ပိတ်လှောင်ထားလေလေ ဖိအားမြင့်တက်ပြီး ပြသနာတွေ ကြီးထွားလေလေ ဆိုတဲ့ သုံးသပ်ချက် ကို သေချာ စဉ်းစားသုံးသပ်ဖို့လိုတယ်။ သန်းချီများပြားလှတဲ့ လူစုလူဝေးကြီး နဲ့ ပတ်သက်လို့ ဘယ်လို အဖြေထုတ်ကြမလဲဆိုတာ ကို အကြံပြုထားတဲ့ အာနန် ရဲ့ အစီရင်ခံစာဟာ နားခါးစရာတွေ ပါပေမဲ့ သေချာလည်း စဉ်းစားသင့်တာ အမှန်ပါ။

အကြမ်းဖက်လုပ်ရပ်တွေ ကို အင်အားသုံးဖြေရှင်းတာနဲ့ တစ်ဆက်တည်းမှာ နိုင်ငံရေးဆန်တဲ့ ပြသနာတွေ ကိုလည်း အရင်းအမြစ်အထိ အဖြေရှာဖို့လိုပါတယ်။ စစ်အင်အားသက်သက် နဲ့ အလုံးစုံသော ပြသနာတွေ က မပြေလည်နိုင်ဘူးလို့ မြင်ပါတယ်။

တစ်ချို့ က ယူအန် အိုင်အန်ဂျီအိုတွေ ကို ဒေသထဲ က မောင်းထုတ်လိုက်ရင် ဘာဖြစ်မလဲလို့ တွေးကြတယ်။ ဒီလို မောင်းထုတ်လိုက်ရင် ပြသနာမှန်သမျှ ဟာ တည်ဆဲ အစိုးရရဲ့ ပုခုံးပေါ် ကို လုံးလုံးရောက်ရှိလာမှာ ဖြစ်တယ်။ ယူအန်ပဋိညာဉ်တွေ အားလုံး ကို ကတိက၀တ်ပြု လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ ဒီလို ထာဝရလုပ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဂုဏ်သိက္ခာ ရှိတဲ့ တိုင်းပြည်တစ်ခု အနေနဲ့ လည်း မဖြစ်သင့် မဖြစ်အပ်ပါဘူး။

ရေရှည်ပြေငြိမ်းနိုင်မဲ့ ထွက်ပေါက်နဲ့ အဖြေ ကိုသာ ရှာကြရမှာ ဖြစ်တယ်။ ဒီလိုမရှာနိုင်ရင် အကြမ်းဖက်မှု ပဋိပက္ခတွေ နဲ့ ပါဝါဂိမ်းတွေကြားထဲမှာ ပဲ လုံးပါးပါးပြီးတော့ တိုင်းပြည်တိုးတက်ရေး ခရီးမတွင် ဖြစ်ရပါလိမ့်မယ်။ ရင့်ကျက်တဲ့ စိတ်ထားတွေ နဲ့ အရှည်ကိုကြည့်ပြီး အဖြေထုတ်ရမှာ ဖြစ်သလို ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေ ကို နှစ်ဘက်စလုံးက လက်မခံပဲ သွေးဆူသွေးပူတဲ့ စိတ်တွေ နဲ့  တုန့်ပြန်ကြရင် တော့ ရလဒ်ကောင်းတွေ ကို ဖန်တီးဖို့ ခက်ပါလိမ့်မယ်လို့ မြင်မိပါတယ်။
https://m.facebook.com/story.php?story_fbid=10156141454459316&id=744769315

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကိုယ်တို့ တိုင်းပြည်မှာ ရေဒီကယ်သမားတွေ တော်တော်များတာပဲ ”

Post a Comment

Related Posts Plugin for WordPress, Blogger...