Thursday, August 24, 2017

ရခိုင်ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ သမ္မတကို တင်သွင်း

,
မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ရခိုင်ပြည်က မွတ်စလင်တွေအတွက် နိုင်ငံသားဖြစ်ခွင့် တားဆီးပိတ်ပင်ထားသလိုဖြစ်နေပြီး နိုင်ငံတကာစံနှုန်းနဲ့မညီဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့က အကြုံပြုစာမှာ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးအဖွဲ့ဟာ သြဂုတ်လ ၂၄ ရက် က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တွေ့ ဆုံခဲ့ပြီး အဖွဲ့ရဲ့ အဆုံးသတ် အကြံပြုစာကို ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ သွင်ပြင်လက္ခဏာတွေဟာ နိုင်ငံတကာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ခွဲခြားနှိမ့်ချဆက်ဆံမှုမပြုရ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေနဲ့ သာမက မြန်မာနိုင်ငံက ပါဝင် သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာစာချုပ်တွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ စာမျက်နှာ ၁၁၁ မျက်နှာပါရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။

မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပဋိညာဉ်မှာ ဖော်ပြထားတဲ့အတိုင်း ကလေးတိုင်းရဲ့ နိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အရေးကို လေးစားဖို့၊ ကာကွယ်ဖို့၊ ကလေးတိုင်း နိုင်ငံသား ဖြစ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အကြံပြုစာမှာ ထောက်ပြထားပါတယ်။

အဲဒီလို မဆောင်ရွက်ဘဲ ကလေးငယ်တွေ အနေနဲ့ နိုင်ငံမဲ့ဖြစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေပါက ပြည်တွင်း ဥပဒေ အပြင် ဒီကဏ္ဍနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်ပါ တာဝန်များနဲ့အညီ နိုင်ငံသား ဖြစ်ခွင့် ဆိုင်ရာ အခွင့်အရေးကို ပြည့်မီအောင် ဆောက်ရွက်ပေးရမယ်လို့ ဘီဘီစီမြန်မာဌာနက လက်ခံရရှိထားတဲ့ အကြံပြုစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ ခရီးလှည့်လည်သွားလာတာကို ကန့်သတ်ထားတဲ့ တင်းကျပ်မှုတွေကိုလည်း လျှော့ချဖယ်ရှားဖို့ ရခိုင်အကြံပေးကော်မရှင်က တိုက်တွန်းထားပါတယ်။

ရခိုင်အမျိုးသားတချို့နဲ့ ရွာပုန်းရွာရှောင်စခန်းတွေ ပြင်ပမှာနေထိုင်တဲ့ ကျန် မွတ်ဆလင်များဟာလည်း အစိုးရချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ၊ ဒေသဆိုင်ရာ အစိုးရဝန်ထမ်းများရဲ့ သင့်သလို ချမှတ်တဲ့ ဆုံးဖြတ်ချက်နဲ့ အကျင့်ပျက်ဝန်ထမ်းများရဲ့ လုပ်ဆောင်မှုများကြောင့် တိုးမြှင့်လာတဲ့ ခရီးစရိတ်တွေက သူတို့ရဲ့ ခရီးသွားလာရေးမှာ ကန့်သတ်ချက် ပိုမိုကြုံတွေ့လာစေပါတယ်လို့ ကော်မရှင်အဖွဲ့က ရေးသားထားတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အကြံပြုထားတဲ့ အခုအစီရင်ခံစာဟာ အပြီးသတ် အစီရင်ခံစာ ဖြစ်ပြီး ကော်မရှင်အဖွဲ ရဲ့ ကြားဖြတ်အစီရင်ခံစာကိုတော့ ၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ကြားဖြတ် အစီရင်ခံပါ အကြံပြုချက်တွေကိုတော့ အစိုးရဘက်က စတင် အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။

မစ္စတာ အာနန် ကော်မရှင်ဟာ ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။

http://www.bbc.com/burmese/burma-41034673
(24.8.2017)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ သမ္မတကို တင်သွင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...