Monday, October 9, 2017

သမိုင်းတွင်ခဲ့သည့် အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှု

,
၁၉၈၃ အောက်တိုဘာ (၉)ရက်၊ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင်
ရန်ကုန်မြို့ ၊ အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှုသည် ကမ္ဘာ့ နိုင်ငံအသီးသီးကို
တုန်လှုပ်ချောက်ချားစေခဲ့သည့် ဖြစ်ရပ်ကြီးတစ်ခုဖြစ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ အဆင့်မြင့်အရာရှိ (၃)ဦးအပါအ၀င် လူပေါင်း (၂၃)ဦး
သေဆုံးခဲ့ရသည့် အဆိုပါဗုံးပေါက်ကွဲမှုသည် ကမ္ဘာ့ သမိုင်းစာမျက်နှာတွင်
အလွယ်တကူ ဖျောက်ဖျက်ပစ်၍မရနိုင်သည့် ဖြစ်ရပ်လည်းဖြစ်သည်။

အဆိုပါဗုံးကွဲမှုသည် မြန်မာနိုင်ငံသို့  အလည်အပတ်ခရီးလာရောက်သော
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို မြောက်ကိုရီးယားအထူးအေးဂျင့်များမှ
လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းဖြစ်သည်။ တောင်ကိုရီးယား၏
ငါးဆက်မြောက်သမ္မတဖြစ်သူ ချန်ဒူးဝမ်သည် ရန်ကုန်မြို့ သို့ ရောက်ရှိနေစဉ်
အာဇာနည်ဗိမာန်သို့  ပန်းခွေလာချရန် စီစဉ်ထားခဲ့သည်။ ယင်းအချိန်တွင်
လုပ်ကြံရန်ကြံစည်သူသုံးဦးထဲမှ တစ်ဦးက အာဇာနည်ဗိမာန်အဆောက်အအုံ၏
မျက်နှာကြက်မှတစ်ဆင့် ခေါင်းမိုးတွင် ဗုံးများတပ်ဆင်ပြီး လုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် ပြင်းထန်သည့်ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လူပေါင်း (၂၁)ဦး
သေဆုံးကာ (၄၆)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါသေဆုံးသွားခဲ့သည့်
ပုဂ္ဂိုလ်များထဲတွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး လီဘွန်ဆွတ်၊
စီးပွားရေးစီမံကိန်းဝန်ကြီးနှင့် ဒုတိယ၀န်ကြီးချုပ် ဆိုဆက်ဂျွန်း၊ စီးပွားရေးနှင့်
စက်မှုလက်မှုဝန်ကြီး ကင်ဒေါင်ဝှီးတို့ လည်း ပါဝင်သွားခဲ့သည်။ ၄င်းတို့ နှင့်အတူ
တောင်ကိုရီးယားသမ္မတအကြံပေး (၁၄)ဦး၊ သတင်းထောက်များနှင့်
လုံခြုံရေးအရာရှိများလည်း သေဆုံးခဲ့သည်။ မြန်မာနိုင်ငံသား (၄)ဦးလည်း
သေဆုံးခဲ့ရာ (၃)ဦးမှာ သတင်းထောက်များဖြစ်ကြသည်။

သို့ သော် ယင်းဖြစ်ရပ်ဖြစ်ပွားနေစဉ် သမ္မတချန်ဒူးဝမ်သည်
ယာဉ်ကြောနှောင့်နှေးမှုကြောင့် အခမ်းအနားကျင်းပရာသို့ ရောက်ရှိရန်
တစ်မိနစ်ခန့် လိုသေးသောနေရာတွင်သာ ရှိနေသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားသော
သတင်းကြားသည်နှင့် ၄င်းတို့ ၏ယာဉ်တန်းကို ချက်ချင်းလှည့်ပြန်သွားခဲ့သည်။
သမ္မတချန်ဒူးဝမ် ၀င်ရောက်လာသည်ကို စစ်ချီခရာများတီးမှုတ်၍ ကြိုဆိုချိန်၌
ဗုံးဖောက်ခွဲရန် စီစဉ်ထားခြင်းဖြစ်သော်လည်း စစ်ချီခရာကြိုတင်စမ်းသပ်
တီးမှုတ်သည်ကို သမ္မတလာသည်ဟုယူဆကာ အချိန်လွဲမှားဖောက်ခွဲမိခဲ့ခြင်း
ဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပက်သက်၍ မြန်မာနိုင်ငံဘက်မှ အပူတပြင်း စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ရာ ယင်းဖြစ်ရပ်တွင် မြောက်ကိုရီးယားစစ်ဘက်ဆိုင်ရာအရာရှိ (၃)ဦး
ပါဝင်ပက်သက်နေကြောင်း သတင်းရရှိခဲ့သည်။ ၄င်းတို့ ၏သဘောင်္ကို
ရန်ကုန်ဆိပ်ကမ်းတွင် ကျောက်ချရပ်နားထားပြီး ဖောက်ခွဲရေးပစ္စည်းများကို
မြောက်ကိုရီးယား သံတမန်မစ်ရှင်အဖွဲ့ တစ်ဖွဲ့ ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း
စစ်ဆေးတွေ့ ရှိရသည်။ လုပ်ကြံသူ (၃)ဦးအနက် တစ်ဦးမှာ ပေါက်ကွဲသည့်
နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကင်မင်ချူးနှင့် ဇင်ဘိုဟုအမည်ရသူ
မြောက်ကိုရီးယားအရာရှိနှစ်ဦးမှာ လွတ်မြောက်နေခဲ့သည်။
ထို့ ကြောင့် ၄င်းတို့ အကြောင်း ကြေညာချက်ထုတ်ပြန်၍ ပြည်သူများအား
အသိပေးခဲ့ပြီး တွေ့ ရှိပါက သတင်းပေးရန် ကြေညာခဲ့သည်။

ကင်မင်ချူးကို တွေ့ ရှိချိန်တွင် လက်ပစ်ဗုံးဖောက်ခွဲ၍ ကိုယ့်ကိုယ်ကိုယ်
သတ်သေရန် ကြိုးပမ်းခဲ့သော်လည်း အချိန်မီတားဆီးနိုင်ခဲ့သောကြောင့်
လက်တစ်ဖက်သာ ဆုံးရှုံးခဲ့သည်။ ဇင်ဘိုကိုလည်း စစ်တပ်မှ လိုက်လံဖမ်းဆီးခဲ့ရာ
တပ်မတော်သား (၃)ဦး အသေခံပြီးမှ အရှင်ဖမ်းမိခဲ့သည်။ ကင်မင်ချူးက
၎င်းတို့ ၏ စစ်ဆင်ရေးအကြောင်းနှင့် မြောက်ကိုရီးယား၏ ဆက်နွယ်မှုများကို
ထုတ်ဖော်ဝန်ခံခဲ့သဖြင့် သေဒဏ်မှ လွတ်မြောက်ခဲ့ပြီး ထောင်ဒဏ်တစ်သက်
ချမှတ်ခြင်းခံခဲ့ရသည်။ ဇင်ဘိုမှာမူ သေဒဏ်ပေးခြင်းခံခဲ့ရသည်။
မြောက်ကိုရီးယားအစိုးရက အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသော
ကင်မင်ချူးသည် ၄င်းတို့ နှင့်မည်သို့ မျှ ပက်သက်ခြင်းမရှိဟု ကြေညာခဲ့သည်။

အဆိုပါဖြစ်ရပ်အပြီးတွင် ကင်မင်ချူးသည် မြန်မာနိုင်၏ သက်တမ်းအရှည်ဆုံး
ပြည်ပအကျဉ်းသားအနေဖြင့် အင်းစိန်အကျဉ်းထောင်အတွင်းတွင် နေထိုင်ခဲ့ရသည်။
သူသည် မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်စေရန် ထောင်အတွင်း၌ လေ့လာ
သင်ယူခဲ့သည်။ ဘာတေးလစ်တနာ၏ မြန်မာ - မြောက်ကိုရီးယားဆက်ဆံရေး
ဆောင်းပါးတွင် မြောက်ကိုရီးယား၏ ထိုင်းနိုင်ငံဆိုင်ရာသံအမတ်သည်
မြန်မာသံအမတ်နှင့် လျှို့ ဝှက်တွေ့ ဆုံကာ ကင်မင်ချူးကို ပြန်လည်လွှဲပြောင်းပေးရန်
ညှိုနှိုင်းခဲ့ဖူးသည်ဟု ထည့်သွင်းရေးသားခဲ့သည်။
သို့ သော် မြောက်ကိုရီးယားသည် ကင်မင်ချူးကို ၄င်းတို့ ၏နိုင်ငံသားမဟုတ်ဟု
ငြင်းဆိုခဲ့သောကြောင့် သူ့ အားနိုင်ငံမဲ့တစ်ဦးအနေဖြင့်သာ ထည့်သွင်းစဉ်းစား
ခဲ့ရသည်။ ၄င်းကိုယ်တိုင်လည်း သူ့ ကိုသစ္စာဖောက်တစ်ဦးအဖြစ် အရေးယူ
အပြစ်ပေးမည့် မြောက်ကိုရီးယားနိုင်ငံသို့ လည်းကောင်း၊ တရားခံတစ်ဦးအဖြစ်
အပြစ်ပေးမည့် တောင်ကိုရီးယားနိုင်ငံသို့ လည်းကောင်း ပြန်လိုခြင်းမရှိဟု
ဆိုခဲ့သည်။

၂၀၀၆ ခုနှစ်တွင် တောင်ကိုရီးယားအမျိုးသားပါတီ၏ အဖွဲ့ ဝင်တစ်ဦးဖြစ်သူ
ချန်ဟောင်ကန်းသည် ကင်မင်ချူးကို တောင်ကိုရီးယားနိုင်ငံသို့  ခေါ်ဆောင်ရန်
အတွက် အကုန်အကျခံမည်ဟုဆိုခဲ့သည်။ သို့ သော် ကင်မင်ချူးသည် ၂၀၀၈ ခုနှစ်၊
မေလ (၁၈)ရက်တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ကိုဇင်

(မြန်မာပို့ စ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၀ တွင်ပါရှိသော ကိုဇင်၏
“သမိုင်းတွင်ခဲ့သည့် အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှု နှစ် ၃၀ ပြည့်ခဲ့ပြီ” မှ
ထုတ်နုတ်ဖော်ပြပါသည်)
ဗုံးပေါက်ကွဲမှုရုပ်သံဖိုင်.. http://www.youtube.com/watch?v=oBExtu9-cjw&feature=youtu.be&a
Via.Hla Nyunt Oo

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သမိုင်းတွင်ခဲ့သည့် အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှု”

Post a Comment

Related Posts Plugin for WordPress, Blogger...