Wednesday, October 18, 2017

ဒိုဘီဆိုင်၊ ငုံးဥပြုတ်နဲ့ သင်္ကေတနိုင်ငံရေး

,
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ထဲက Muar မြို့မှာ ရှိတဲ့ ဒိုဘီ ဆိုင်တစ်ဆိုင်က သူဆိုင်က အ၀တ်လျှော်စက်တွေကို မူဆလင်တွေပဲ သုံးခွင့်ရှိတယ်ဆိုတဲ့ ဆိုင်း ဘုတ်ထောင်ခဲ့တယ်။ အဲဒီလိုဆိုင်းဘုတ်ထောင်ထားတဲ့ ဓာတ်ပုံက အွန်လိုင်းမှာပြန့်သွားတဲ့အခါ ဂျိုဟိုးပြည်နယ်စော်ဘွားက Star သတင်းစာနဲ့တွေ့ဆုံမေးမြန်းခန်းမှာ သူ့ပြည်နယ်ဟာ တာလီ ဘန်ပြည်နယ်မဟုတ်ဘူး။ ပြည်နယ်ရဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ သူအနေနဲ့  ဒီလိုအစွန်း ရောက်တဲ့အပြုအမူကို လက်မခံနိုင်ဘူး။ ဂျိုဟိုးပြည်နယ်ဟာ ဘာသာအားလုံး၊ လူမျိုးအားလုံးနဲ့ ဆိုင်တယ်။ ဒိုဘီဆိုင်ပိုင်ရှင်က ဒီလုပ်ရပ်အတွက်တောင်းပန်ရမယ်။ ဒါကိုလက်မခံနိုင်ရင် သူ့ဆိုင် ကို ပိတ်ပြီး အာဖဂန်မှာ ဆိုင်သွားဖွင့်သင့်တယ်လို့ ပြောခဲ့တယ်။ မလေးရှားနိုင်ငံ အခြေခံဥပဒေအရ စော်ဘွားတွေဟာ သူတို့ပြည်နယ်အတွင်းမှာ အစ္စလမ်ဘာသာနဲ့ပတ်သက်တဲ့ အမြင့်ဆုံးအာဏာ ပိုင်လည်းဖြစ်တယ်။ ဒါ့ကြောင့် ဒိုဘီဆိုင်ပိုင်ရှင်က ဂျိုဟိုးစော်ဘွားကိုတောင်းပန်ပြီး သူ့ဆိုင်းဘုတ် ကို ဖြုတ်သိမ်းခဲ့တယ်။

နောက်ပြည်နယ်တစ်ခုဖြစ်တဲ့ ပါလိစ် ပြည်နယ်မှာလည်း ဒိုဘီဆိုင်တစ်ဆိုင်က “ မူဆလင် များသာ” ဆိုတဲ့ ဆိုင်းဘုတ်တင်ခဲ့တဲ့အတွက်  စော်ဘွားရဲ့ သားတော်နဲ့ ပြည်နယ်အစ္စလမ်ဘာသာ ရေး ခေါင်းဆောင်က ခေါ်ယူဆွေးနွေးပြီးဆိုင်းဘုတ်ကို ဖယ်ရှားခိုင်းခဲ့ရတယ်။

ဒါပေမယ့် ဒိုဘီဆိုင်ကိစ္စက ဒီလောက်နဲ့ ပြီးမသွားဘူး။ ဂျိုဟိုးစော်ဘွားရဲ့ သဘောထားအပေါ် တုန့်ပြန်မှုတွေရှိခဲ့တယ်။ ဘာသာရေးခေါင်းဆောင်အများစုကတော့ စော်ဘွားရဲ့ မူကိုလက်ခံခဲ့ ပေ မယ့် အစ္စလမ်ဘာသာရေးအဆုံးအမတွေနဲ့ အညီလုပ်နိုင်ဖို့အတွက် “ မူဆလင်သီးသန့်ဒိုဘီ ဆိုင်” ရှိသင့်တယ်လို့ယူဆသူတွေလည်းရှိတယ်။

ဂျိုဟိုးစော်ဘွားရဲ့ သဘောထားကို လက်မခံတဲ့အထဲမှာ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တစ် ယောက်ကတော့ Zamihan Mat Zin ပါ။ သူက သူ့တရားပွဲတစ်ခုမှာ ဂျိုဟိုးစော်ဘွားကို နာမည် တပ်မပြောပေမယ့် မူဆလင်တွေအတွက် သီးသန့်ဒိုဘီဆိုင်တွေဖွင့်ခွင့်ရှိတယ်။ အခြားဘာသာဝင် တွေက သန့်ရှင်းမှုမရှိဘူးလို့ ပြောခဲ့တယ်။

အဲဒီဟောပြောချက်နဲ့ပတ်သက်ပြီး ဂျိုဟိုးစော်ဘွားသာမက ကျန်တဲ့စော်ဘွားတွေကပါ ပြန်လည် တုန့်ပြန်ခဲ့တယ်။ အများပြည်သူဆိုင်ရာအရေးကိစ္စတွေမှာ တရားဝင်ရပ်တည်ချက်ကို ထုတ်ဖော် ပြောဆိုလေ့မရှိတဲ့ စော်ဘွားများကောင်စီက လူမျိုး၊ ဘာသာခွဲခြားမှုတွေဟာ မလေးရှားနိုင်ငံရဲ့ စည်း လုံးညီညွတ်မှုကို ထိခိုက်မှုစိုးရိမ်တယ်ဆိုပြီး ကြေညာချက်ထုတ်ခဲ့တယ်။ ဒါဟာ ပြည်နယ်အလိုက် ဘာသာရေးအာဏာပိုင်တွေဖြစ်တဲ့စော်ဘွားတွေအနေနဲ့ ဂျိုဟိုးစော်ဘွားကို ထောက်ခံကြောင်း ပြ လိုက်တာပဲဖြစ်တယ်။

Zamihan ရဲ့ ဟောပြောချက်နဲ့ပတ်သက်ပြီး ဂျိုဟိုးစော်ဘွားကတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့ တယ်။ ပြီးခဲ့တဲ့စနေနေ့က တက္ကသိုလ်တစ်ခုမှာ မိန့်ခွန်းပြောတဲ့အခါ ဟိုတယ်တွေက ခေါင်းအုံး တွေ၊ ငွေစက္ကူတွေ၊ ပန်းခြံတွေထဲက ထိုင်ခုံ တွေကို အခြားသူတွေကိုင်ထား လို့မသုံးဘူး ဆိုရင် မူဆ လင်တွေဟာ လူ့အသိုင်းအ၀န်းထဲ မှာနေ လို့မရဘူး၊ ကျောက်ခေတ်မှာပဲနေရလိမ့်မယ်။ အစိုးရက တော့ မူဆလင်သီးသန့်ဆိုပြီး ငွေစက္ကူထုတ်မပေးနိုင်ဘူးလို့ ပြောပြီး ယုတ္တိမတန်တဲ့ အယူသည်း မှုတွေကိုလက်မခံဖို့သတိပေးခဲ့တယ်။ အစိုးရကလည်း Zamihan ရဲ့ဟောပြောမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး သူနေထိုင်တဲ့ Selangor ပြည်နယ် စော်ဘွားကတော့ သူ့ပြည်နယ်အတွင်းမှာ Zamihan အနေနဲ့ တရားဟောခွင့်ပိတ်ပင်ခဲ့ တယ်။

ဂျိုဟိုးစော်ဘွားနဲ့ ကျန်တဲ့စော်ဘွားတွေရဲ့ “ မူဆလင် သီးသန့် ဒိုဘီဆိုင်” ကိစ္စကို တုန့်ပြန်မှုဟာ အကဲပါလွန်းတယ်လို့ပြောသူတွေလည်း ရှိတယ်။ သူတို့က မူဆလင်သီးသန့် ဆိုတာမျိုးကို လက် မခံပေမယ့် မလေးရှားနိုင်ငံမှာ မလေး လူမျိုးတွေကို ကျန်တဲ့လူမျိုးတွေထက်ဦးစားပေးတဲ့ လူမှုရေး၊ စီးပွားရေးမူဝါဒတွေရှိနေတာပဲ၊ ဒိုဘီဆိုင်နဲ့ပတ်သက်ပြီး ဒီလောက်သဲသဲလှုပ်ဖို့မလိုဘူးလို့ထင် တယ်။

မလေးရှား ဒိုဘီဆိုင်အရေးဟာ မကြာခင်က ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ ရွှေတိဂုံဘုရားစောင်းတန်းအခြေ မှာ ငုံးဥရောင်းတဲ့ မူဆလင်ဈေးသည်ရဲ့ အဖြစ်နဲ့သွားတူတယ်။ အဲဒီမူဆလင်ဈေးသည်ကြီးကို တစ်ဦးချင်းကူညီတာ၊ NLD ပါတီက ငွေကြေးထောက်ပံ့တာတွေကို လိုတာထက်ပိုသွားပြီ လို့ဝေဖန် သူတွေလည်းရှိတယ်။ တကယ်တော့ အဲဒီလူတွေဟာ သင်္ကေတနိုင်ငံရေးဆိုတဲ့သဘောတရားကို နားမလည်နိုင်တာပဲ။

၂၁ ရာစု နိုင်ငံရေးမှာ သင်္ကေတနိုင်ငံရေး (Symbolic Politics ) ဆိုတာ အသုံးများလာတယ်။ သင်္ကေတနိုင်ငံရေးဆိုတာက မိမိရဲ့ မူဝါဒ၊ ယုံကြည်ချက်၊ ရည်ရွယ်ချက် တွေကို လူတွေ မြင်လွယ် သိလွယ်တဲ့ ဖြစ်ရပ်၊ လုပ်ဆောင်ချက်၊ အမှတ်တံဆိပ်၊ ဆောင်ပုဒ် စတာတွေနဲ့ တင်ပြ တာဖြစ်တယ်။ တနည်းပြောရရင် ရှုတ်ထွေးရှည်လျားတဲ့ မူဝါဒတွေ၊ စာတမ်းတွေကို လူတွေ လွယ် လွယ်နဲ့ နားလည်အောင်ကိုယ်စားပြုတင်ဆက်တာပဲ။ အေအိုင်ဒီအက်စ် ဝေဒနာရှင် တစ်ယောက်ကို ဒိုင်ယာနာမင်းသမီးက လက်ကလေးကိုင်ပြီးနှစ်သိမ့်စကားပြောတာဟာ သင်္ကေတ နိုင်ငံရေးပဲ။ ပုတ်ရဟန်းမင်းကြီးက အာဖရိက ထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်ယောက်ကို ခြေထောက် ဆေးပေးတာဟာလည်း သင်္ကေတနိုင်ငံရေးပဲပေါ့။
ဒါဟာ လူမှုကွန်ယက်ကို အသုံးများတဲ့ခေတ် မှာ ထိရောက်တဲ့ ပြည်သူ့ ဆက်ဆံရေး နည်းဗျူဟာ လည်းဖြစ်တယ်။

ဒီတော့ ဒိုဘီဆိုင်၊ ငုံးဥပြုတ်တွေနဲ့ပတ်သက်ပြီး အကဲပိုလိုက်တာလို့ပြောနေတဲ့သူတွေက ဒီနေ့ ခေတ်ရဲ့ သင်္ကေတ နိုင်ငံရေးကိုနားမလည်သူတွေပဲ။ သင်္ကေတနိုင်ငံရေးအဖြစ် သုံးလို့ရတဲ့ အခွင့် အရေးရရင် ဘယ်နိုင်ငံရေးသမားမဆို သုံးမှာပဲ။ နိုင်ငံရေးသမားသာမဟုတ် တက်ကြွလှုပ်ရှားသူ တွေ၊ စီးပွားရေးသမားတွေလည်း သုံးမှာပဲ။

တကယ်ကတော့ အပြစ်တင်မယ်ဆိုရင် သင်္ကေတနိုင်ငံရေး သုံးတတ်သူတွေ သုံးနိုင်အောင်  အခွင့် အရေးပေးတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမယ်။ ၂၁ ရာစု နိုင်ငံရေးမှာ သင်္ကေတနိုင်ငံရေးဆိုတာ ကိုမှ နားမလည်ရင်၊ မသုံးတတ်ရင်တော့ ခံရမှာပဲ။

https://m.facebook.com/story.php?story_fbid=1445619258885005&id=100003108354469

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဒိုဘီဆိုင်၊ ငုံးဥပြုတ်နဲ့ သင်္ကေတနိုင်ငံရေး”

Post a Comment

Related Posts Plugin for WordPress, Blogger...