Wednesday, November 22, 2017

Ratko Mladic ကိုတသက်တကျွန်း စီရင်ချက်ချ

,
ယူဂိုစလားဗီးယားနိုင်ငံ မပြိုကွဲခင် ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်ရာဇ၀တ်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဘော့စ်နီးယားဆဗ်တပ်ဖွဲ့ခေါင်းဆောင် Ratko Mladic ကို နယ်သာလန်နိုင်ငံ the Hague မြို့က ကုလသမဂ္ဂရဲ့ ယူဂိုဆလားဗီးယားဆိုင်ရာ စစ်ရာဇ၀တ်ခုံရုံးက ဒီကနေ့ပဲ တသက်တကျွန်း စီရင်ချက်ချလိုက်ပါတယ်။

အပြစ်ပေးအရေးယူတာတွေ၊ သုတ်သင်ရှင်းလင်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ နေရပ်ကနှင်ထုတ်တာတွေ၊ အရပ်သားတွေအပေါ် ဥပဒေမဲ့ တိုက်ခိုက်မှုတွေ အပါအ၀င် စွဲချက်ပေါင်း ၁၁ ခုအနက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

လူမျိုးတုံးသတ်ဖြတ်မှု၊ သုတ်သင်ရှင်းလင်းမှုတွေ အပါအ၀င် လူသားထုအပေါ် ကျုးလွန်တဲ့ အကျည်းတန်ဆုံး ရာဇ၀တ်မှုတွေထဲမှာ ပါဝင်ခဲ့ကြောင်းလည်း စီရင်ချက်ကို ဖတ်ကြားရာမှာ တရားသူကြီး Alphons Orie ကပြောဆိုလိုက်ပါတယ်။ စစ်ခေါင်းဆောင်ဟောင်း Mladic ဟာ Srebrenica မြို့က ဘော့စနီးယား မူဆလင်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့ကြောင်းနဲ့ Sarajevo မြို့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ လက်ဖြောင့်သေနတ်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ထိတ်လန့်ကြောက်ရွံ့အောင်၊ အရပ်သားတွေ သေဆုံးအောင် ကိုယ်တိုင်ညွှန်ကြားခဲ့ကြောင်းလည်း ခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။

ဘော့စနီးယားဆဗ်လူမျိုးတွေနဲ့ သမ္မတနိုင်ငံတော် ထူထောင်ဖို့ ကြိုးပမ်းလိုတဲ့ သဘောထားတွေကိုလည်း တရားရုံးက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီကနေ့ တရားခွင်ကို Mladic ရောက်လာခဲ့ပေမဲ့၊ စီရင်ချက်ချမှတ်ချိန်မှာတော့ ရှိမနေခဲ့ပါဘူး။ တရားခွင်မှာ စီရင်ချက်ချမယ့်အချိန် သန့်စင်ခန်းသွားဖို့ ခွင့်တောင်းခဲ့တဲ့အတွက် တရားသူကြီးက ၅ မိနစ် အချိန်ပေးခဲ့ပေမဲ့၊ ၄၅ မိနစ်အထိ ကြာမြင့်ခဲ့တာပါ။

တရားခွင်ပြန်စချိန်မှာလည်း အကျိုးဆောင်ရှေ့နေက သူ့အမှုသည်ဟာ စိုးရိမ်ရလောက်အောင် သွေးတိုးနေကြောင်း ပြောဆိုခဲ့ပြီး၊ စီရင်ချက်ကို ဆက်မဖတ်ဖို့ ဒါမှမဟုတ်ဘည်း အဆုံးပိုင်းကို ကျော်ဖတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တရားသူကြီးကတော့ အစီအစဉ်အတိုင်း ဆောင်ရွက်မယ့်အကြောင်း ပြောဆိုခဲ့ရာက ဒေါသပေါက်ကွဲခဲ့တဲ့ Mladic ကို တရားခွင်ကနေ ခေါ်ထုတ်သွားဖို့လည်း အမိန့်ပေးခဲ့ရပါတယ်။

https://m.facebook.com/story.php?story_fbid=10155701832045170&id=351574300169

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ Ratko Mladic ကိုတသက်တကျွန်း စီရင်ချက်ချ”

Post a Comment

Related Posts Plugin for WordPress, Blogger...