Friday, December 1, 2017

တက်ညီလက်ညီ ခိုးကြသည်

,
တံတားတွေဆောက်မယ်ဆိုပြီး မဆောက်ဘဲနဲ့ပိုက်ဆံတွေဘုန်းလိုက်တာကိုမှ ခိုးတယ်လို့ခေါ်တာမဟုတ်ဘူး။
ဆောက်တော့ဆောက်တယ်။ ချပေးတဲ့ဘတ်ဂျတ်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲသုံးပြီးဆောက်ထားတဲ့ဟာတွေမှ အများကြီးရယ်။

ဆိုပါစို့..။သိန်းတစ်သောင်းတန် ပရောဂျက်တစ်ခုကို ကန်ထရိုက်ရဖို့တင်ဒါဝင်ပြိုင်ကြတယ်။ဘယ်သူ့ကိုရွေးမလဲဆိုတဲ့ လုပ်ပိုင်ခွင့်က
သူတို့လက်ထဲမှာ။အဲဒီတော့ ရွေးမယ့်သူဆီပဲ တင်ဒါပြိုင်တဲ့လုပ်ငန်းရှင်ကကပ်ရတော့တာပေါ့။

"ဟာ.. လုပ်လို့မရပါဘူး။ အဖွဲ့နဲ့ရွေးရတာ။ တစ်ဦးတည်းဆန္ဒနဲ့လုပ်လို့ရတာမဟုတ်ဘူး " လို့တော့ လာမပြောလိုက်နဲ့။
လုပ်လို့ရလို့ကို လုပ်နေကြတာ။ အားလုံး အားလုံးပဲ..။

အဲဒီလုပ်ငန်းရှင်ကလည်း ရွေးမယ့်လူကြီးဆီဝင်လို့ရအောင် ကြားပွဲစားနဲ့အရင်ကပ်ရသေးတယ်။ထားပါတော့..။
(၁) ကြားပွဲစားက ၅%
(၂) ရွေးမယ့်လူကြီးက ၁၀%
(၃) ဆောက်ထားတဲ့ပရောဂျက်ကို ကွာလတီစစ်ပြီး လက်မှတ်ထိုးပေးရမယ့်အဖွဲ့ကိုက ၁၀%
(၄) စာရင်းစစ်အဖွဲ့ကိုက ၅%
(၅) သူကနေတဆင့် ဆတ်ကန်ထရိုက်ပြန်ချပေးတဲ့သူက ၁၀%
(၆) ရင်းထားတဲ့ပိုက်ဆံတွေအတွက် ဘဏ်တိုးက ၁၀%
(၇) သူ့အတွက်အမြတ်က ၂၅%
(၈) ပရောဂျက်ပြီးလို့ ပိုက်ဆံထုတ်ဖို့ အဆောက်အအုံအပ် လက်မှတ်ထိုးပေးရမယ့်လူကြီးကိုက ၅%
(၉) ဟိုပေးဒီပေး စာရင်းပျောက်နေတာက ၁၀%ဆိုတော့...ပရောဂျက်ကြီးရဲ့တကယ့်တန်ဖိုးအစစ်အမှန်က ၁၀ % ပဲ..။

အပေါ်ကတွက်ပြထားတဲ့ ရာခိုင်နှုန်းတွေရဲ့အဆင့်တိုင်းကိုကြည့်လိုက်။ သူ့နေရာနဲ့သူ အရေးပါတဲ့သူတွေချည်းပဲ။

(၁) ကြားပွဲစားမပါဘဲ လူကြီးဆီကပ်လို့မရဘူး
(၂) လူကြီးဆီမကပ်ဘဲ ပရောဂျက်မရဘူး
(၃) ကွာလတီစစ်တဲ့အဖွဲ့က ပတ်စ်မပေးရင် ပရောဂျက်ကြီးတခုလုံးဂွမ်းပြီ
(၄) စာရင်းစစ်က အမှန်အတိုင်းစစ်လိုက်လို့ အလိမ်တွေပေါ်ရင်လည်း ဂျေးအောင်းရမှာ
(၅) ကိုယ်တိုင်လုပ်တဲ့ လုပ်ငန်းရှင်ဆိုတာခပ်ရှားရှား။ ဆတ်ကန်ထရိုက်ချပေးရတယ်။ ဆတ်ကန်ထရိုက်ကလည်း ၁၀% မကျန်ရင် မလုပ်ဘူး။
(၆) စီးပွားရေးသမားတိုင်း ဘဏ်တိုးထည့်တွက်ကြတယ်။
(၇) ကိုယ့်အတွက် လေးပုံတစ်ပုံမှမကျန်ရင် မလုပ်ချင်ကြဘူး။
(၈) အဆောက်အဦးပြီးလို့ လက်ခံတဲ့လူကြီးကမကြိုက်ပါဘူးဆိုရင်လည်း သေပြီပဲ။
(၉) နယ်မြေခံလက်နက်ကိုင်တွေ၊ ဟိုအဖွဲ့အစည်း
 ဒီအဖွဲ့အစည်းတွေ၊ ဟိုကောင်ဒီကောင်တွေလာရင် ကျွေးရမွေးရနှုတ်ပိတ်ရတာတွေက စာရင်းပျောက်။

ကဲ ပြောပြီးပါပကော။သိန်း တစ်သောင်းတန်ပရောဂျက်ကြီးက သိန်းတစ်ထောင်ဖိုးဆောက်ထားရင် ကံကောင်းပါဆို..။

တကယ်လို့သာ သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်က အမှန်အကန်လုပ်မယ်၊ ပရောဂျက်ရတဲ့
ကုမ္ပဏီကလည်း တကယ့်နိုင်ငံတကာအဆင့် နံမည်ပျက်မရှိတဲ့ကုမ္ပဏီကြီးဆိုရင်တော့ အဲ့ဒီအဆင့်တွေတော်တော်များများကိုကျော်ပြီး
ပရောဂျက်ထဲကိုငွေများများဝင်ပြီး ကွာလတီကောင်းကောင်းရနိုင်တယ်။ဒါပေမယ့်....ဆုတောင်းလေ.. ဆုတောင်း ဆုတောင်း။

အပေါ်ကစကားကို ပြန်ကောက်ပါမယ်။ပရောဂျက်တစ်ခုလုပ်မယ်ဆိုပြီး မလုပ်ဘဲနေတာကမှ ခိုးတယ်လို့မခေါ်ပါဘူး။
လုပ်တော့လုပ်ပါရဲ့။ ပရောဂျက်ကြီးကတော့ ရုပ်လုံးပေါ်လာပါရဲ့။ဒီလို အဆင့်ဆင့်အကျင့်ပျက်ခြစားနေတာကိုမသိချင်ယောင်ဆောင်ပြီးလုပ်နေတာကိုလည်း ခိုးတယ်လို့ခေါ်ပါတယ်ခင်ဗျား...။

ကဲ..
သူခိုးကြီး သူခိုးလေးတွေ တန်းစီ.....။

credit :  Okka Kyi Winn
သိန်း ဝင်း သူ

https://m.facebook.com/story.php?story_fbid=363059957472845&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တက်ညီလက်ညီ ခိုးကြသည်”

Post a Comment

Related Posts Plugin for WordPress, Blogger...