Monday, December 18, 2017

ကေအိုင်အိုငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးကို ဝင်ရောက်ရှာဖွေခြင်းက ငြိမ်းချမ်းရေးလမ်းစဉ်ကို ထိခိုက်စေနိုင်ဟု ကေအိုင်အိုပြော

,
၂၀၁၇ ဒီဇင်ဘာ ၁၄

မြစ်ကြီးနားမြို့ရှိ  ကေအိုင်အို၏ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးအား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး
ခြင်းကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ယုံကြည်မှု တည်ဆောက်ရာတွင် ခက်ခဲလာနိုင်ကြောင်း ကေအိုင်အိုက ပြောသည်။

"ဒီလိုအချိန်မှာ အစိုးရက ကောင်းကောင်းစုံစမ်းပြီး စစ်ဆေးသင့်တာပေါ့။ ငြိမ်းချမ်းရေးလမ်းစဉ်က တစ်နိုင်ငံလုံးကို မလွှမ်းခြုံဘူးပဲ ပြောရမယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဘက်က ငြိမ်းချမ်းရေးလမ်းစဉ်လို့ပြောဖို့ နည်းနည်းခက်လာပြီ ဒီ NLD လက်ထက်မှာကြတော့။ ဒါကြောင့် လှုပ်ရှားမှုတွေက ပုံစံတစ်မျိုးဖြစ်နေတယ်လို့ ယူဆရပါတယ်" ဟု ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၁ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့ရှိ KIO ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ခြံဝင်းအတွင်းသို့ ဝင်ရောက်၍ မူးယစ်ဆေးဝါးအမှုအပြင် မြဝတီမြို့တွင် ဖမ်းဆီးရမိသည့် လေယာဉ်ပစ်ကျည်များ တွေ့ရှိခဲ့သည့် အမှုနှင့် ဆက်စပ်၍ တစ်နာရီကျော်ကြာသည်အထိ ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးဒေါင်းခါးက အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

"သူတို့ ရရှိထားတဲ့ သတင်းကတော့ သတင်းထောက် ဂျွန်စံလင်း ကိစ္စနဲ့ ချိတ်ဆက်ပြီးတော့ ရှာဖွေစရာရှိတယ်ဆိုပြီးလာကြတာပဲ။ လာပုံလာနည်းက သာမန်မူးယစ်ဆေးဝါးရှာဖွေတဲ့ ပုံစံမျိုးမဟုတ်ဘူး။ ရာဇဝတ်ကောင်ကို ဖမ်းတဲ့ ပုံစံမျိုး မဟုတ်ဘဲ ဝင်ဆီးတဲ့ပုံစံမျိုးနဲ့ ရှာသွားတာ။ ဒါက KIO ပိုင်ဆိုင်တဲ့ ခြံဝန်း၊ TAT ရုံးနဲ့ ဆိုင်တယ်။ TAT ဝန်းထမ်းတွေရှိတယ်ပြောမှ သူတို့က ကျွန်တော်တို့ မသိဘူးနော်လို့ ပြန်ပြောတယ်။ သူတို့ရှာတဲ့ပစ္စည်းတွေ မတွေ့တော့ မူးယစ်ဆေးဝါးကင်းရှင်းကြောင်းဆိုတဲ့ အတည်ပြုချက်စာ လက်မှတ်ထိုး ပြီးတော့ အဆုံးသတ်သွားတာပေါ့။ သိလို့ပဲ လုပ်လုပ် မသိလို့ပဲလုပ်လုပ် အခြေအနေက ဖြစ်ပြီးသွားပြီ။ ဒီကိစ္စက ပုံရိပ်မကောင်းစေဘူး" ဟု ဦးဒေါင်းခါးက ထပ်မံပြောဆိုသည်။

TAT ရုံးသို့ ရဲတပ်ဖွဲ့များ ဝင်ရောက်ရှာဖွေရာတွင် ဝရမ်း မပါခြင်း ၊ ခွင့်ပြုချက် တောင်းခံမှု မရှိဘဲ ထိုသို့ ဝင်ရောက်ရှာဖွေခြင်းမှာ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု တည်ဆောက်ရာတွင် ပျက်ပြားစေကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာကပြောသည်။

"ပထမကတော့ သူတို့ပြောတာက မူးယစ်ဆေးဝါးလာရှာတယ်လို့ ပြောတယ်။ နောက်ပိုင်းကြတော့ ကေအိုင်အို ရုံးမှန်းမသိလို့တဲ့။ ကေအိုင်အို ရုံးဆိုတော့ ဂျွန်စံလင်းနဲ့ ပတ်သက်ပြီး အဆက်အစပ်ရှိတယ်ဆိုပြီး လာရှာတယ်တဲ့။ ဘာပဲဖြစ်ဖြစ် သူတို့လည်း ကေအိုင်အေနဲ့ ပက်သက်တဲ့ ရုံးမှန်းမသိလို့ဆိုပြီး ပြောသွားတယ်။ တကယ်လို့ ရုံးပဲဖြစ်ဖြစ်၊ အိမ်ပဲဖြစ်ဖြစ် ရဲက သေချာဝင်ရှာဖွေရမယ် ဝရမ်းပြရမယ်။ အိမ်ရှင်တွေကို သေချာအသိပေးပြီးတော့ ဝင်ရှာရမှာပေါ့။ အခုဟာက ဘာမှမပြောမဆိုနဲ့ လုပ်လိုက်တော့ ပတ်ဝန်းကျင်ရော အဖွဲ့အစည်းတစ်ဖက်နဲ့ တစ်ဖက် မျက်နာပူစရာတွေ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ ပျက်ပြားစေတဲ့ ဟာမျိုးတွေဖြစ်လာနိုင်တယ်။ အဲဒါတွေကို သတိထားဖို့ အရေးကြီးပါတယ်" ဟု ဦးလမိုင်ဂွမ်ဂျာက ဆက်လက်ပြောသည်။

ဒီဇင်ဘာလ ၄ ရက်တွင် မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ လေယာဉ်ပစ်ကျည် အတာင့် ၁၀၀၀ ကျော် တွေ့ရှိမှုဖြင့်  ဖမ်းဆီးခံထားရသည့် အယ်လ်ဂျာဇီးရာ သတင်းထောက်ဟောင်း ဂျွန်စံလင်းအား ၎င်းသတင်းသမားဘဝတွင် သတင်းကိစ္စရပ်များနှင့် ပတ်သက်၍သာ ပြောဆိုဆက်ဆံဖူးပြီ ပုဂ္ဂိုလ်ရေးအရ KIO နှင့် မည်သို့မျှ ပတ်သက်မှု မရှိကြောင်း ဦးဒေါင်းခါးက ပြောသည်။
 "အလွတ်တန်းသတင်းသမားတစ်ယောက်နေနဲ့ သတင်းတွေ လိုက်တယ်၊ အလွတ်တန်းဆိုတဲ့ အားလျှော်စွာ အဖွဲ့အစည်းတိုင်းနဲ့ ဆက်သွယ်မှု ရှိနိုင်တယ်။ သတင်းထောက်ဖြစ်တဲ့အတွက်ကြောင့် ကေအိုင်အေနဲ့တော့ ဆက်သွယ်မှာပဲလေ။ ရုံးမှာ သတင်းတွေ လာမေးတယ်။ ပြောပြသင့်တဲ့ အပိုင်း ပြောပြတယ်။ ပုဂ္ဂိုလ်ရေးအရ ဘာမှ ဆက်သွယ်တာ မရှိပါဘူး" ဟု ပြောသည်။

အစိုးရအဖွဲ့နှင့် ကေအိုင်အေတို့အကြား  ငြိမ်းချမ်းရေး လမ်းစဉ် တည်ဆောက်နေသည့် အခိုက်အတန့်တွင် ယခုကဲ့သို့ ကိစ္စရပ်များ ပြုလုပ်ခြင်းသည် ငြိမ်းချမ်းရေးနှင့် အဖွဲ့အစည်း တစ်ဖက် နှင့် တစ်ဖက်အကြား ယုံကြည်မှုအား အလွန်ထိခိုက်စေသည်ဟု မြင်ကြောင်း ဦးလမိုင်ဂွမ်ဂျာက သုံးသပ်သည်။

အဆိုပါ ကေအိုင်အို ဆက်ဆံရေးရုံးကို KIO ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ကူညီနေသည့် အဖွဲ့ (TAT) ၊ တပ်မတော်နှင့်  KIA အကြားတိုက်ပွဲများ လျော့ချရန် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ( CRT)ရုံး အဖြစ်  ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ညှိနှိုင်းဆွေးနွေးရေးသဘောတူညီချက်များဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

https://m.facebook.com/story.php?story_fbid=524574287908830&id=130813733951556

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ကေအိုင်အိုငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးကို ဝင်ရောက်ရှာဖွေခြင်းက ငြိမ်းချမ်းရေးလမ်းစဉ်ကို ထိခိုက်စေနိုင်ဟု ကေအိုင်အိုပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...