Wednesday, December 6, 2017

သံဃာဂိုဏ်းကွဲမှု

,
ဘုန်းကြီးတစ်ပါးကို အရက်သမားဆိုပြီး ဝိုင်းရိုက်တဲ့ အမှုဟာ မြန်မာပြည် ဗုဒ္ဓသာသနာရဲ့ ဘုန်းကြီးရဟန်းလောကကို လူတွေ ဘယ်လောက်တောင် အယုံအကြည် ကင်းမဲ့နေလဲ ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

ဘာလို့လဲဆိုတော့ ဒီသတင်းကြားရသူ ဗုဒ္ဓဘာသာဝင် အများစုဟာ ရိုက်သူကို မထောက်ခံသော်ငြားလည်း အရိုက်ခံရသူ ဘုန်းကြီးကို နည်းတောင် နည်းသေးတယ်လို့ ထင်မှတ်မိကြလို့ပါပဲ။

တကယ်တော့ ရဟန်းအားလုံး ဝိနည်းကို လိုက်နာစောင့်ထိန်းနေကြလို့ ဒီလိုကိစ္စတွေဟာ ဖြစ်တောင့်ဖြစ်ခဲသာဆိုရင် ဒီသတင်းကြားသိရသူတွေက အရိုက်ခံရတဲ့ ဘုန်းကြီးကို ရဟန်းတု ဒါမှမဟုတ် အရက်သောက်တဲ့ ရဟန်းလို့ ဘယ်သူကမှ အလွယ်တကူ ယုံမှာ မဟုတ်တဲ့အပြင်...

ရိုက်သူကိုသာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိ အဖြစ် တစ်ညီတစ်ညွတ်တည်း ဝိုင်းဆဲကြမှာပါ။

လက်တွေ့မှာတော့ ဘုန်းကြီးလောကမှာ ဒါတွေက မဆန်းတော့တဲ့ ဖြစ်နေကျ မြင်ဖူးနေကျ ကြားဖူးနေကျတွေ ဖြစ်လို့သာလျှင်...

ဒီဘုန်းကြီး အရိုက်အနှက်ခံရတာကို ကြားသိရတဲ့ ဗုဒ္ဓဘာသာဝင်အများစုက မသနားတဲ့အပြင် တကယ့်ကို ဘုန်းကြီးအတု ဒါမှမဟုတ် အရက်သမား ဘုန်းကြီးလို့ အလွယ်တကူ ယုံလိုက်ပြီး ဝိုင်းရှုတ်ချကြတာ ဖြစ်ပါတယ်။

ပိုဆိုးတာက...

အဲဒီဘုန်းကြီးကို အရက်သောက်တယ်လို့ စွပ်စွဲပြီး ရိုက်နှက်သူတွေအထဲက တစ်ယောက်ဟာ...

အရက်သောက်၊ လူမှုရေးရှုပ်လို့ ရပ်ရွာက ကြည်ညိုခြင်း မခံရတဲ့အပြင် ဖေ့စ်ဘွတ်ခ်က ရည်းစားနဲ့ အပြင်မှာ ချိန်းတွေ့ဖို့ လူဝတ်လဲပြီး ထောက်ကြန့်က အရက်ဆိုင်ကို လာရောက်သောက်စားနေတဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဖြစ်နေကြောင်း သိလိုက်ရခြင်းဟာ မြန်မာပြည် ဗုဒ္ဓသာသနာရဲ့ ဘုန်းကြီးရဟန်းလောကမှာ အလဇ္ဇီနဲ့ ဒုဿီလတွေ ဘယ်လောက်တောင် အတွင်းလှိုက်စားနေပြီလဲဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို သိသာထင်ရှားသွားစေပါတယ်။
.
.
.
တကယ်တော့ လူတွေရဲ့ စိတ်ထဲမှာ ရဟန်းသံဃာတွေကို ဒီလို သံသယနဲ့ အဂါရဝ ဖြစ်လာရတာတွေဟာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

အခု ဘုန်းကြီးအရိုက်ခံရမှုကို ခုတုံးလုပ်ပြီး နိုင်ငံရေး အောက်လုံးထိုးဖို့ အမျိုးယုတ်တစ်သိုက်က ကြိုးစားလာရင်းက ညောင်မြစ်တူး ပုတ်သင်ဥပေါ်ပြီး အုတ်အော်သောင်းတင်း ဖြစ်လာလို့သာ အထူးအဆန်းလို ဖြစ်နေပေမဲ့ အမှန်က မြန်မာပြည် သာသနာမှာ ဒီလို ငါးခုံးမဘုန်းကြီးတွေကို နေရာတကာမှာ ရှောင်မရလောက်အောင် မြင်တွေ့နေရတာဟာ စစ်အစိုးရအဆက်ဆက် လက်ထက်တွေကတည်းက ဖြစ်လို့ ရိုးတောင် ရိုးနေပါပြီ။

ရှုလော့ မိတ်ဆွေ...

ရွှေမြန်မာပြည်ကြီးမှာ သင်ကိုးကွယ်ဖို့ အောက်ပါ ဘုန်းကြီးများထဲမှ သင်ကြိုက်ရာ ရွေးနိုင်ပါပြီ။

သင်္ကန်း ဖိုသီဖတ်သီနဲ့ မျက်စိ အိနြေ္ဒမရ ကျီးကန်းတောင်းမှောက် ကြည့်ရင်း ဖုန်းတော် တက်ဘလက်တော်တို့ကို ကိုင်ကာ ဆောင့်ကြွားကြွား ကြွမြန်းတော်မူသော ဘုန်းကြီးယူမလား?

လမ်းတကာ ဆိုင်တကာ လှည့်ပြီး ဖုန်းတောင်းယာစကာနဲ့မခြား တောင်းရမ်းနေသော ဘုန်းကြီးယူမလား?

လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်၊ နေ့လွဲညစာစား၊ ဆေးလိပ် အရက်သောက်ပြီး မူးယစ်ဆေးဝါးပါ မှီဝဲတဲ့ ဘုန်းကြီးယူမလား?

လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့်၊ ဘောလုံးပွဲလောင်းတဲ့ ဘုန်းကြီးယူမလား?

ချဲဂဏန်းတွက်၊ ကိုယ်တိုင်လည်းထိုး၊ ဒကာ ဒကာမတွေကိုလည်း နံပါတ်ပေးတဲ့ ဘုန်းကြီးယူမလား?

အပြာကား၊ အပြာစာအုပ်၊ အပြာပုံတွေကို သမာဓိဆိုက်လောက်အောင် အထပ်ထပ် စီးဖြန်းနေသော ဘုန်းကြီးယူမလား?

ဒကာမ ငယ်ငယ်လေးတွေနဲ့ လူမြင်ကွင်း၊ လူကွယ်ရာ မိုးမမြင် လေမမြင် တွဲခုတ်၊ ကျိတ်ပုန်းခုတ်နေသော ဘုန်းကြီးယူမလား?

ကျောင်းဝင်းထဲ အရက်သောက်၊ ဖဲရိုက်၊ ဒကာမတွေနဲ့ ထွေးရောယှက်တင် သီတင်းသုံးသော ဘုန်းကြီးယူမလား?

ပရိယတ္တိ ဘာမှ မသိသော်ငြား သီချင်း၊ ဗီဒီယို၊ ရုပ်ရှင်၊ multimedia ရှိသမျှ ဒိုးလိုမွှေ၊ ရေလိုနှောက် နှံ့စပ် အာဂုံဆောင်နိုင်သော ဘုန်းကြီးယူမလား?

ပဋိပတ္တိ ကျင့်ကြံချိန် မရှိလောက်အောင် ဖုန်းကို ကလိနေရသော၊ အင်တာနက်သုံး facebook သုံးနေသော ဘုန်းကြီးယူမလား?

ဘုရားဟောကို ဟုတ်တိပတ်တိ နားမလည်သော်လည်း ဗေဒင်၊ အင်္ဂဝိဇ္ဇာ၊ ဆန်းကျမ်းနဲ့ ဗိန္ဓောအတတ်တွေကို တစ်ဖက်ကမ်းခပ်လျက် ဒကာဒကာမများကို ယတြာပေး၊ ဆေးကုသော ဘုန်းကြီးယူမလား?

သာသနာ့ စာမေးပွဲတွေမှာ လာဘ်ထိုးပြီး အောင်မြင်သူ၊ လာဘ်ယူပြီး အအောင်ပေးသူ ဘုန်းကြီးယူမလား?

စစ်အာဏာရှင်တွေနဲ့ နီးစပ်အောင်လုပ် သံဃာ့နာယကမှာ ရာထူးယူ၊ အာဏာပြတတ်သော ဘုန်းကြီးယူမလား?

အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်၊ ဘွဲ့တံဆိပ်ပြိုင်၊ ကျောင်းပြိုင်၊ ကားပြိုင်၊ အလှူပြိုင်သော ဘုန်းကြီးယူမလား?

မလိုအပ်ဘဲ ဘုရားတည်၊ ကျောင်းဆောက်ရန်၊ ဒကာ ဒကာမတွေကို နောက်ဘဝကောင်းစားရေး မက်လုံးပေးပြီး လှူရန်ဆွယ်သော ဘုန်းကြီးယူမလား?

ကျောင်းလု မြေလု ဇရပ်လုပြီး ရုံးရောက် ဂတ်ရောက် ကျော်မကောင်း ကြားမကောင်း တရားရင်ဆိုင်နေတဲ့ ဘုန်းကြီးယူမလား?

ဒကာ ဒကာမတွေနဲ့ ငွေရေး ကြေးရေး လူမှုရေး အရှုပ်အရှင်းတွေ ဖြစ်ပြီး တုတ်တပြက် ဓားတပြက် ဖြစ်ရတဲ့ ဘုန်းကြီးယူမလား?

.................. ဘုန်းကြီးယူမလား?

.................. ဘုန်းကြီးယူမလား?

.................. ဘုန်းကြီးယူမလား?

ပြောရရင်တော့ မကုန်တော့ဘူးဟရို့!
.
.
.
အထက်က အကြောင်းအရာတွေဟာ စစ်အစိုးရခေတ်တွေတုန်းကတည်းက သာသနာ့အသက်ဖြစ်တဲ့ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓကို ဘာတစ်ခုမှ မြှင့်တင်ခြင်း မပြုဘဲ အနေအစားချောင်လို့ သာသနာ့ဘောင် ဝင်လာပြီး အနေအထိုင်ပိုင်း၊ ဝိနည်းပိုင်း လော်လီတဲ့ ဘုန်းကြီးတွေအကြောင်းပဲ ရှိပါသေးတယ်။

စစ်အာဏာရှင်ခေတ်အလွန် စစ်တစ်ပိုင်းအစိုးရ လက်ထက်မှာတော့ အထက်ပါ ဘုန်းကြီးမျိုးတွေ ပပျောက်မသွားတဲ့အပြင်...

ဘုရားရှင် ချီးမွမ်းတော်မူတဲ့ မေတ္တာတရားကို ဥပေက္ခာပြုပြီး ဘာသာခြားတွေကို သေစေချင်တဲ့

ဘုရားရှင် ရှုတ်ချတော်မူတဲ့ ဃရာဝါသ လူ့လောကရဲ့ အရှုပ်အပူတွေကိုမှ တစ်ဆင့်ထပ်တိုးပြီး ခွေးနဲ့ ဘိန်းစားနဲ့ အိမ်ထောင်ပြုခိုင်းတဲ့

ဘုရားရှင် ရှောင်ကြဉ်စေချင်တဲ့ ပါဏာတိပါတ သိက္ခာပုဒ်ကို ချိုးဖောက်သူတွေကို ဘုရားလောင်းအလား စန်းတင်ဟောပြောနေတဲ့

ဘုရားရှင် ဟောကြားတဲ့ ဝစီဒုစရိုက် လေးပါးဖြစ်တဲ့

"မုသာဝါဒ" ဆိုတဲ့ လိမ်လည်ပြောဆိုခြင်း (ဖွတ်ပါတီဟာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မယ့်ပါတီလို့ ဟောပြောခြင်းမျိုး)

"ပိသုဏဝါစာ" ဆိုတဲ့ ချောပစ် ကုန်းတိုက်ခြင်း (ဒီချုပ်အာဏာရရင် သာသနာ ပျောက်မယ်လို့ ဟောပြောခြင်းမျိုး)

"ဖရုဿဝါစာ" ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း (ကုလ သံတမန်ကို ဖာသည်မကြီး ဟု ဆဲဆိုခြင်းမျိုး)

"သမ္ဖပ္ပလာပ" ဆိုတဲ့ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း (လက်အေးကြီးတရားလို အကျိုးမဲ့ ရန်တိုက်စကား ဆိုခြင်းမျိုး) တွေကို ဘုရားသားတော် မပီသစွာ တစ်လုံးတစ်ဝတည်း ဖောက်ဖျက်ကျူးလွန်နေတဲ့

ဘာသာခြားတွေအပေါ် ထားရှိတဲ့ ကိုယ့်ပုဂ္ဂလိက အာဃာတတစ်ခုကို အာသာဖြေဖို့အတွက် ဆွမ်းရှင် ပြည်သူတွေကို စစ်ဖိနပ်အောက် ဆွဲသွင်းပြီး တိုင်းပြည်ကို စစ်ကျွန်ဘဝက တစ်သက်မလွတ်အောင် ကြံစည်တဲ့ "ကတုံးကို သင်္ကန်းပတ် ခေတ်သစ်ဒေဝဒတ်" ဘုန်းကြီးမျိုးတွေ...

ဘာသာ သာသနာကို နိုင်ငံရေးနဲ့ရောယှက်ပြီး အသုံးချနေတဲ့ သာသနာ့ အလဇ္ဇီ ဒုဿီလ အာဇာနည် ဘုန်းကြီးမျိုးတွေကိုပါ ကိုးကွယ်ဖို့ ရွေးချယ်နိုင်ခွင့်တွေ တိုးလာပါတော့တယ်။
.
.
.
မြန်မာပြည်မှာ ဘုန်းကြီး ငါးသိန်းခန့် ရှိတယ်လို့ ကြားသိရပါတယ်။ (မှားနေရင် ပြင်ပေးပါ)

ဘုန်းကြီးဆိုတာက ယောက်ျားသားတွေချည်းဖြစ်လို့ လူဦးရေ သန်း ၅၀ ကျော်ကျော်ပဲ ရှိတဲ့ ဒီနိုင်ငံမှာ အလုပ် လုပ်နိုင်ကိုင်နိုင်တဲ့ ယောက်ျားသား ငါးသိန်းက သာသနာ့ဘောင်ထဲ ရောက်နေတယ်ဆိုရင် လူငါးသိန်းစာ လုပ်အားဆုံးရှုံးနေတဲ့ သဘောဖြစ်နေပါတယ်။

ဒီလို လုပ်အားဆုံးရှုံးရုံတင်မက အဲဒီ ငါးသိန်းသော ဘုန်းကြီးရဟန်းတွေကို ကျန်ပြည်သူလူထုကြီးက ဆွမ်းကွမ်းဝေယျာဝစ္စ လုပ်ကျွေးနေရတယ်ဆိုတော့ ဘုန်းကြီးတွေက ရဟန်းအလုပ်ကို ဖိဖိစီးစီး မလုပ်ရင်၊ ရဟန်းစည်းကမ်းကို သန့်သန့်ရှင်းရှင်း မလိုက်နာရင် ဆွမ်းရှင် ပြည်သူတွေနဲ့ တိုင်းပြည်ဟာ မိအေး နှစ်ခါနာ ဆိုသလို ဖြစ်ရပါတယ်လို့ ပြောရင် လွန်အံ့မထင်။

ဒါပေသိ အနှီရဟန်းတွေဟာ သာသနာ့ဝန်ကို စွမ်းစွမ်းတမံ ထမ်းတော်မူကြတယ်ဆိုရင်ဖြင့် ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်သော၊ ဆရာ ဒကာ နှစ်ဖက်လုံးအတွက် အကျိုးရှိသော လုပ်ကျွေးမှုပဲလို့ဆိုရပါလိမ့်မယ်။

ဘာလို့တုံးဆိုရင် ရဟန်းက ဆွမ်းအတွက် ကုန်သွယ်လယ်လုပ်စတာတွေ မလုပ်ရဘဲ ရဟန်းအလုပ် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓတွေကို နောက်ဆံမတင်းရဘဲ အချိန်ပြည့်ထမ်းဆောင်နိုင်ဖို့ ဒကာ၊ ဒကာမတွေက ပံ့ပိုးပေးပြီး အဲဒီ အကျိုးကို ဒကာ၊ ဒကာမတွေက ကုသိုလ်အဖြစ် ပြန်ရတဲ့အပြင် ဘုရားဟော တရားတော်တွေကို နာကြားရ၊ ကျင့်ကြံဖို့ နည်းလမ်းတွေ သိရှိနားလည်ကြရတယ်ဆိုရင် ကြည်နူးဝမ်းသာစရာကောင်းတဲ့၊ သာဓုခေါ်စရာကောင်းတဲ့ သာသနာဖြစ်မှာ မုချပါ။

လက်တွေ့မှာတော့ သာသနာဟာ အလွှာနှစ်လွှာ ကွဲနေပြီး သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ စာတတ်ပေတတ် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေ အပါအဝင် မများလှတဲ့ စာချ စာသင်သား ရဟန်းကောင်း ရဟန်းစစ် အလွှာကလွဲရင် အရပ်ထဲ၊ လမ်းထဲမှာ တွေ့နေရတဲ့ ဘုန်းကြီးဆိုတာမျိုးက အနေအစားချောင်လို့ သင်္ကန်းခြုံ၊ ကတုံးတုံးထားတဲ့ သာမာန် လူဝတ်ကြောင်သာသာ ဖြစ်နေပါပြီ။
.
.
.
ဒါတွေကိုပြောနေတာဟာ သာသနာနဲ့ သံဃာကို စော်ကားလိုစိတ်နဲ့ ပြောနေတာ မဟုတ်ပါဘူး။

ဒီငါးသိန်းသော ဘုန်းကြီးတွေ အားလုံးဟာ သာသနာတော် အကျိုးအတွက် တကယ့်ကို အားထုတ်ကြိုးပမ်း ရွက်ဆောင်လိုစိတ်နဲ့ ရဟန်းဝတ်လာကြတာ ဆိုရင်ဖြင့် အပါးငါးသိန်း မပြောနဲ့၊ ငါးသန်းဆိုရင်လည်း ဒီစာရေးသူ အပါအဝင် ဗုဒ္ဓဘာသာဝင်တွေက ကိုယ်အငတ်ခံပြီး ပစ္စည်းလေးပါး ထောက်ပံ့ဖို့ လုံးဝ ဝန်လေးမယ့်သူတွေ မဟုတ်ပါဘူး။

ခုများတော့ "ချီးထုပ်က တစ်ရာ နှစ်ရာ၊ စန္ဒကူးက တစ်ပင်တည်း" ဆိုသလို ရဟန်းကောင်းတွေရဲ့ ဂုဏ်သတင်းရနံ့ဟာ များပြားလှတဲ့ သာသနာ့ အနံ့ဆိုးတွေအောက်မှာ ပျောက်ကွယ်နေရပြီး သံဃာတွေလည်း သင်းကွဲ၊ ဒကာတွေလည်း သင်းကွဲကုန်တဲ့ အခြေအနေကို ရောက်နေပြီဆိုတာကို စိတ်မကောင်းခြင်းကြီးစွာ သိမြင်နေရပါတယ်။

ဟိုးရှေးယခင်က သံဃာဂိုဏ်းကွဲမှုဟာ ဘာသာရေးကို အခြေခံတာမို့ မကောင်းသော်လည်း မထောင်းတာလှပေမဲ့...

အခုစစ်အာဏာရှင်တွေ ခလောက်ဆန်ထားတဲ့ ခေတ်မှာတော့ နိုင်ငံရေးအရပါ သံဃာတွေ သင်းကွဲနေရပါပြီ။

ဒကာတွေဘက်မှာလည်း ရတနာနှစ်ပါးကဲ ကိုးကွယ်တော့မယ်ဆိုတဲ့ လစ်ဘရယ် အစွန်းတစ်ဖက်နဲ့...

ဘုန်းကြီးဘာလုပ်လုပ် သင်္ကန်းခြုံထားတာနဲ့ မျက်စိမှိတ် ကိုးကွယ်သင့်တယ်ဆိုတဲ့ မဘသ အစွန်းတစ်ဖက် အဖြစ် ကွဲပြဲကုန်ကြပါပြီ။

အစွန်းတရားတွေရဲ့ သဘာဝအတိုင်း ဒီနှစ်ဖက်လုံးဟာ အမှန်တရားနဲ့ ကင်းကွာပါတယ်။

ဒီကနေ့ သာသနာ တည်တံ့နေတာဟာ ခေတ်အဆက်ဆက် သံဃာတော်တွေ လက်ဆင့်ကမ်း သယ်ဆောင်လာလို့ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ ရဟန်းတစ်ပါးချင်းဆိုတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်တာမဟုတ်ဘဲ သံဃာထုကို ရည်မှန်းကိုးကွယ်တာမို့ အလဇ္ဇီရဟန်းတွေကို အာရုံနောက်တာနဲ့ သံဃာထုကို မပစ်ပယ်သင့်သလို စော်ကားမော်ကား ရိုင်းရိုင်းစိုင်းစိုင်းလည်း မပြောသင့်ပါဘူး။

အခြားတစ်ဖက်ဖြစ်တဲ့ သင်္ကန်းစ လက်မှာပတ်ထားရင်တောင် ကိုးကွယ်ရသေးတာ သင်္ကန်းအပြည့်ခြုံထားတဲ့ ဘုန်းကြီးတွေ ဘာလုပ်လုပ် ခွင့်လွှတ်တယ်ဆိုတဲ့ မျိုးညစ် အရိုင်းအစိုင်းတွေလည်း မှားပါတယ်။

သင်္ကန်းစ လက်မှာပတ်ထားရုံနဲ့ ရှိခိုးရတယ် ဆိုတာဟာ သာသနာပ ကာလမှာ ဖြစ်ပါတယ်။

သာသနာတွင်းမှာတော့ ပါရာဇိက ကျသေးတာမှ မဟုတ်တာ၊ အာပတ်ဖြေလို့ ရတာပဲဆိုပြီး ဝိနည်းနဲ့ အညီ နေထိုင်ကျင့်ကြံတဲ့ ဘုန်းတော်ကြီး မဟုတ်မှန်း သိသိနဲ့ ကိုယ့်ဆရာ၊ ကိုယ့်ဒကာ ကိုယ့်အသိုင်းအဝိုင်းလေးနဲ့ကိုယ် ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး မဟုတ်ကို အဟုတ်လုပ်နေကြမယ်ဆိုရင်...

ငါဘုရား သာသနာကို ငါ့သားတော်တွေ ဖျက်မှ ပျက်မယ် ဆိုတဲ့ ဘုရားမိန့်တော်မူချက်အတိုင်း သာသနာ ဆုတ်ယုတ်ကြောင်း ဖြစ်လာနိုင်ရုံသာမက...

ကိုးကွယ်သူတွေအတွက် နိဗ္ဗာန်ရောက်ကြောင်းနဲ့ ကုသိုလ်တရား မျိုးစေ့တွေကို စိုက်ပျိုးနိုင်မယ့် လယ်ယာမြေပမာ ဖြစ်ရမယ့်အစား  အကြည်ညိုပျက်ပြီး ပြောမိဝေဖန်မိတဲ့ ဘာသာဝင်တွေကို အကုသိုလ် ဖြစ်စေခြင်း...

ဘာသာခြားတွေရဲ့ အမြင်မှာ အထင်ကြီးစရာ တစ်ကွက်မှ မရှိသော ရေပေါ်ဆီ သာသနာကြီး အဖြစ်မြင်သွားစေခြင်း စတဲ့ အဆိုးတရားတွေနဲ့ ပြည့်နှက်နေတဲ့...

ဗုဒ္ဓရဲ့ အဆုံးအမတွေကို ဗုဒ္ဓရဲ့ သားတော်တွေကိုယ်တိုင် မလိုက်နာ၊ မကျင့်သုံးကြတဲ့အတွက် ဒကာ ဒကာမတွေက အမုန်းခံ မထိန်းသိမ်းတဲ့အပြင် မြှောက်ထိုးပင့်ကော်လုပ်တဲ့အတွက်  ညစ်နွမ်းပြီး အကျဘက်ကို သွားနေတဲ့ သာသနာကြီး ဖြစ်သွားပါလိမ့်မယ်။
.
.
.
အချုပ်ဆိုရရင်...

မြန်မာပြည်မှာ စာတတ်ပေတတ် သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာ သုံးပါးနဲ့ ပြည့်စုံတဲ့ ရဟန်းကောင်း ရဟန်းမြတ်တွေ များစွာရှိကြသေးတာ မှန်ပေမဲ့...

ငါးခုံးမ တစ်ကောင်တည်းကတောင် တစ်လှေလုံးကို ပုပ်စေနိုင်တယ်ဆိုထားတာမို့ များလှစွာသော ဘုန်းကြီးငါးခုံးမတွေကြောင့် သာသနာတော်ကြီးနဲ့ ရဟန်းမြတ်တွေပါ ရောယောင်နာမည်ပျက် ဂုဏ်သိက္ခာကျရမယ့် အရေးကိုတော့ဖြင့် သွေးအေးလို့ မနေသင့်တော့ဘဲ သာသနာသန့်စင်ရေးကို မနှေးအမြန် ဓမ္မစက် အာဏာစက်တွေနဲ့ ဆောင်ရွက်သယ်ပိုးသင့်ပြီ ဖြစ်ကြောင်းပါ။

ဆွေဥဖောင်း
.
.
.
မှတ်ချက်။      ။

သံဃာထုနှင့် ရန်တိုက်ပေးလာနိုင်သည့်အတွက် ကြိုတင်ပြောထားလိုသည်မှာ ဒီစာရေးသူသည် သံဃာရတနာအား မစော်ကားပါ။ ရတနာသုံးပါးသာလျှင် ဘဝရဲ့ အားကိုးရာအဖြစ် ကလေးဘဝမှ ဒီအရွယ်အထိ သရဏဂုံသန့်သန့် ဆောက်တည် ကိုးကွယ်လာခဲ့ပါသည်။

ရဟန်းသီလလောက် အဆင့်မမြင့်သော်လည်း၊ သာမန်လူတစ်ယောက်အနေဖြင့် ငါးပါးသီလလုံအောင်၊ သရဏဂုံ မကျိုးပေါက်အောင် အတတ်နိုင်ဆုံး ကျင့်သုံးနေထိုင်လာခဲ့သည့် အမာခံ အထက်တန်းစား ဗုဒ္ဓဘာသာဝင် ဖြစ်ပါသည်။

သာသနာတွင်း ရဟန်းများထဲတွင် အကောင်းရော အဆိုးရော ရှိသည့်အထဲမှ သာသနာ သန့်ရှင်းတည်တံ့ ပြန့်ပွါးရေးအတွက် ထိထိရောက်ရောက် ဘာမှမလုပ်ဘဲ လွှတ်ထားသည့်အတွက် ပြောရခြင်း ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပဲ ဒုဋ္ဌဂါမဏိမင်းလို သာသနာပြုသင့် ပြုရမှာဖြစ်ကြောင်း ရဟန်းတန်မဲ့ ဟောပြောနေမှုများလည်း ခေတ်စားနေတာကြောင့် အပြင်ရန် မတိုက်ခင် ခြစားပျက်စီးနေသော အတွင်းပိုင်းကို အရင်ပြုပြင်နိုင်ရန် အမုန်းခံ ရေးသားလိုက်ရပါ၏။

Swe Yu

https://m.facebook.com/story.php?story_fbid=364876460624528&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သံဃာဂိုဏ်းကွဲမှု”

Post a Comment

Related Posts Plugin for WordPress, Blogger...