Sunday, December 10, 2017

“ ပိတ်နိုင်ကြပါစေကွယ် ” (ထင်လင်းဦး)

,
ဒီဇင်ဘာ(၁) ရက်နေ့ကနေ ၆ ရက် နေ့ အထိ စစ်ကိုင်းတိုင်းမင်းကင်းမြို့ ပေါ်အပါအ၀င် မြို့နယ်အ တွင်းက ကျေးရွာ ၅ရွာ စုစုပေါင်း ၆ နေရာဆက် တိုက် စာပေဟောပြောပွဲ တွေဟောပြောရဖို့  မင်းကင်းမြို့နယ် အမေ့သွေးစက် ပရ ဟိတ လူငယ်များက မောင်ထင့်ကို ဖိတ်ကြားလာပါတယ် ။ အဲဒါကြောင့် ၃၀ ရက်နေ့ညမှာ Elite express နဲ့ ရန်ကုန်က နေမုံရွာကို ခရီးထွက်ခဲ့ပါတယ် ။ မုံရွာမှာ ခဏနားပြီး မင်းကင်းမြို့နယ်ထဲက အစွန်းအဖျားဆုံး ရွာတစ်ရွာဖြစ်တဲ့ တောင်ပြင်ငယ် ရွာကို ခရီးဆက်ခဲ့ရပါတယ် ။

 တောင်ပြင်ငယ်အသွား လမ်းခုလတ်ကျတော့မှ လာကြိုတဲ့ ဆရာမျိုးတို့က ဖုန်းထဲမှာ သိမ်းထားတဲ့စာတစ်စောင်ကိုပြပါတယ် ။ ဘာတဲ့ စာခေါင်းစည်းမှာက ......အဖွဲ့အစည်းတစ်ခုနာမည်နဲ့  မင်းကင်းမြို့တဲ့ ဖုန်းနံပတ်တွေလဲပါရဲ့ ။ လိပ်စာမှာတော့ ဥက္ကဌ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ၊ မင်းကင်းမြို့လို့ တပ်ထားလေရဲ့  ။

 အကြောင်းအရာကိုဖတ်မိတော့မှ မပြုံးဘဲ ၀ါးလုံးကွဲရယ်မိတော့တယ် ။ ဘာတဲ့ မင်းကင်းမြို့နယ်အတွင်း စာပေဟောပြောပွဲသို့လာရောက်ဟောပြောမည့် ဆရာဦးထင်လင်းဦး ၊ ဆရာသားသခင်(မကွေး) တို့အား ကန့် ကွက်ခြင်းဆိုကပဲ ။
 ဖြစ်မှဖြစ်ရလေ ။  ထင်လင်းဦး ပြောတာဟောတာမှာ မှားတယ်ဆိုရင် တရားဥပဒေတွေရှိသားကပဲ ။ နောက်ထပ် ၂၉၅(က)တွေ ဘာတွေနဲ့ထပ်တရားစွဲပေါ့ ။ တရားရုံးမှာ မိန့်မိန့်ကြီးလာထိုင်ပြီး ထင်လင်းဦးကို ထောင်မကျကျအောင် အပြစ်မကြီးကြီးအောင် လုံ့လထုတ်ကြပေါ့ ။ ဘယ်နှယ် မဟောရမပြောရ လိုက်ပြီး ပိတ်ပင်နေပါလိမ့် ။ ခက်ကောင်းခက်ရချည်ရဲ့ ။

မုံရွာထောင်က ပြန်လွတ်ပြီးကတည်းက ထင်လင်းဦးတစ်ယောက် မြန်မာပြည်တရိုး ရွာရိုးကိုးပေါက် ဟောပြောပွဲတွေရောက်ခဲ့တာ ပွဲတစ်ရာ့ငါးဆယ် မကတော့ပါဘူး ။ မလေးရှားကို နှစ်ခေါက် ၊ ဥရောပက ဂျာမဏီ ၊ ဟော်လန် ၊ ဘယ်လဂျီယမ် ၊ ပြင်သစ် ၊ ဖင်လန် ၊ ဆွီဒင် ၊နော်ဝေ ၊ ဒိန်းမတ်ဆိုတဲ့ နိုင်ငံတွေကိုလည်း တွေ့ဆုံဆွေးနွေးဟောပြောပွဲတွေရောက်ခဲ့ပေါ့ ။ ၂၀၁၇ ခုနှစ်ထဲမှာလည်း သြဂုတ် နဲ့ စက်တင်ဘာ နှစ်လ လုံး လုံးအမေရိကန်ပြည်ထောင်စုက မြန်မာတွေထံကို စာပေဟောပြော ပွဲတွေရောက်ခဲ့ပေါ့ ၊ ပြည်နယ်ပေါင်း (၃၀)ကျော် ဟောပြောပွဲက ၁၆ ပွဲ ၊ ကဲ…. နည်းသလား ။

အမိတိုင်းပြည် ပြန်ရောက်လာတော့လည်း အိမ်မှာ နှစ်ရက်လားနေရပြီး မကွေးပွဲကစလို့ လူထု ထောက်ခံပွဲတွေ လိုက်ပြီးဟောပြောရပြန်တာ မြန်မာပြည်တစ်နံတစ်လျားပါဗျာ ။ ဒီကြားထဲ ဆောင်းပါးက တစ်ပတ်ကို နှစ်ပုဒ်အနည်းဆုံး မဖြစ်မနေရေးရသေး ။ ပဉ္စမ မြန်မာနိုင်ငံတော် နိဒါန်း စာအုပ်က လက်စသတ်ပြီး အချောပြန်ဖတ်နေရ ။ လားရှိုးမှာ စစ်ဘေးသင့်မိဘမဲ့ကလေးများ ဂေဟာ ဆောက်လုပ်နေတဲ့ လုပ်ငန်းဆီ အပြေးအလွှားသွားရသေး ၊ မြန်မာစာရေးဆရာကလပ်မှာ ကျရာတာဝန်ထမ်းဆောင်နေရသေး ။


ဒီလောက်မအားတဲ့ လူတစ်ယောက်မှာ ရောက်လေရာအရပ်က ပြည်သူတွေကို ကိုယ်သိထားတာတွေ မျှဝေပေးဖို့ပဲ မနည်းအားထုတ်ရပါတယ် ။ ပေါက်တတ်ကရ အလေနတောစကားတွေမပြောနိုင်ပါဘူး ။ ပြည်သူ ပရိသတ်တွေရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို အားနာလို့ရယ် ၊ ဆရာတော်အရှင်သူမြတ်များရဲ့ ဆုံးမ စကား တွေ ကို မနာခံရာကျမှာစိုးလို့ရယ်ကြောင့် ပြောစရာရှိလာရင်တောင်မှ လည်ချောင်းထဲမှာပဲ ပြန်မျိုချခဲ့ပါတယ် ။

“#သူ့ဘာသာသူလုံးထွေးနေတဲ့အညစ်အကြေး ကိုယ့်မပေစေနဲ့” ဆိုတဲ့သဘောပေါ့ဗျာ ။

အဲဒါကြောင့် မုံရွာထောင်ကပြန်လွတ်လာကတည်းက မိမိသူတစ်ပါး အကျိုးများစေမဲ့စကားတွေကိုပဲ ပြောပါဟောပါတယ် ။ ဟောတဲ့ခေါင်းစဉ်တွေကလည်း “ကမ်းသာမှာခိုနိုင်ကြစေဖို့” ၊ “ပဉ္စမ မြန်မာနိုင်ငံ တော်နိ ဒါန်း” ၊ “သူရဲကောင်းတို့ရဲ့ နှလုံးသား” စတဲ့ခေါင်းစဉ်တွေချည်းပါပဲ ။ အဲဒီဟောပြောချက်တွေကလည်း သံ တော်ဆင့် တို့ ဆဲဗင်းဒေး သတင်းစာတို့မှာ ထည့်သွင်းဖော်ပြခဲ့ပြီးတဲ့ ဆောင်းပါးတွေဖြစ်သွားခဲ့ပါပြီ ။

အဲဒီဟောပြောချက်တွေထဲက ပဉ္စမ မြန်မာနိုင်ငံတော်နိဒါန်း ဟာဆိုရင် မြန်မာပြည်မှာရော အမေ ရိက မှာပါ အများပြည်သူသဘောကျလက်ခံကြတဲ့ ဟောပြောချက်တွေဖြစ်ပါတယ် ။ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သူ မင်းမြတ် အနော်ရထာ နဲ့ အဲဒီနိုင်ငံတော်ကြီးကို ပျက်ပြားစေခဲ့သူ နရသီဟပတေ့ (တရုတ်ပြေး မင်း) တို့အကြောင်းကို နှိုင်းယှဉ်ပြောပြတော့ လူတွေက သဘောကျကြသဗျ ။ ဒုတိယ မြန်မာနိုင်ငံတော်ကြီးဟာ မင်းဆက်နှစ်ဆက်သာ တည်တံ့ခဲ့ကြောင်း ပြောပြတော့ လူတွေက အံ့သြကြသဗျ ။

 အလောင်းမင်းတရားကြီးရဲ့ လက်ရုံးရည် နှလုံးရည်နဲ့ မင်းကြီး ရဲ့ သွေးသောက်တွေရဲ့ ရဲရင့်မှု သစ္စာစောင့်သိမှုတွေကြောင့် တတိယမြန်မာ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ခဲ့ပုံနဲ့ သီပေါမင်းရဲ့ နန်းတွင်းအကွဲအပြဲတွေ မှူးမတ်ဗိုလ်ပါတွေအကြား စိတ်ဝမ်း ကွဲပြားမှုတွေကြောင့် တတိယ မြန်မာနိုင်ငံတော်ကြီး နိဂုံးချုပ်ခဲ့ရပြီး ကျွန်သဘောက်ဘ၀ ရောက်ခဲ့ရတာတွေ ကို နှိုင်းယှဉ်ပြပြောတဲ့အခါ ပရိသတ်တွေက စုတ်တသတ်သတ်နဲ့ စိတ်မကောင်းဖြစ်ကြသဗျ ။
အဲဒီနောက် သူ့ကျွန်မခံချင်ကြတဲ့ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်ကြီးတွေအကြောင်း  ၊ အဲဒီ တော်လှန်ရေးတွေ တဖြည်းဖြည်းအရေးနိမ့်ခဲ့ရပြီးတဲ့နောက် ၁၉၀၆ ခုနှစ်မှာပေါ်ပေါက်လာတဲ့ ၀ိုင်အမ်ဘီအေ အသင်းများအကြောင်း ၊ ဂျီစီဘီအေ အသင်းကြီးနဲ့ ဖေပုရှိန်တို့အကြောင်း သမိုင်းကြောင်းတွေ ၊ ဒို့ဗမာ အစည်း အရုံးကြီးပေါ်ပေါက်လာပုံတွေ ၊ သခင်အောင်ဆန်း အလောင်းဘုရားခေတ်က ၀ါးရင်းတုတ်ကို ပြန်တမ်း တ မနေဘဲ လက်နက်ရှိတဲ့ နယ်ချဲ့ကို တန်းတူရည်တူ လက်နက်နဲ့တော်လှန်ဖို့ တွေး ခေါ်မျှော် မြင်ခဲ့ပုံ တွေ၊ ညဏ်ပ ညာကြီးခဲ့ပုံတွေကိုရှင်းပြတော့ ပရိသတ်တွေက သဘောတွေကျလို့ပေါ့ ။

အဲဒီမှာမှ ၂၁ ရာစု ခေတ်မှာ သူများ တွေ နယ်စပ်ခြံစည်းရိုးကို ဒရုန်းလေယာဉ်နဲ့ ကာကွယ်နေကြချိန်မှာ အရိုးနဲ့ စည်းရိုးထိုး ချင်သေးတဲ့ ညဏ် ပေတုံးတွေအကြောင်းကလေးများ ညှပ်ညှပ်ပြောတော့ အလွန်သဘောကျကြသပေါ့ ။

 အဲဒီလို ဗိုလ်ချုပ် အောင်ဆန်းနဲ့ ရဲဘော်ရဲဘက်တွေ ပြည်ထောင်ဘက်တွေ ၀ိုင်းဝန်းကြိုးပမ်းကြလို့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့မှာ သူ့ကျွန်ဘ၀က လွတ်မြောက်လို့ စတုတ္ထမြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာ တယ်မဟုတ်လား လို့ ရှင်းပြတော့ ပရိသတ်တွေက ခေါင်းတညိတ်ညိတ်နဲ့ပေါ့ ။
အဲဒီနောက်မှာတော့ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းတို့ စစ်ဗိုလ်ကြီးတွေက တော်လှန်ကောင်စီဆိုတာကို ဖွဲ့ပြီး တိုင်းပြည်အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ စတုတ္ထမြန်မာနိုင်ငံတော်ကြီး နိဂုံးချုပ်ခဲ့ရတဲ့ အကြောင်းပြောပြရတာပေါ့ ။ အဲဒီစစ်ဗိုလ်ချုပ်ကြီးများဟာ တိုင်းသူပြည်သားတွေရဲ့ လုပ်ငန်း တွေကို ပြည်သူပိုင်သိမ်းတယ်ဆိုပြီး အနုကြမ်းစီးခဲ့တာတွေကို ပြောပြရတာပေါ့ ။ တောင်သူလယ်သမားတွေဟာ အစိုးရကို တာဝန်ကြေစပါး/သီးနှံရောင်းရမယ် ။ တာဝန်မကြေရင် ဖမ်းဆီးချုပ်နှောင်တာကို ခံရတဲ့ အကြောင်း တွေပြောရတာပေါ့ ။ ငွေစက္ကူတွေကို အကြိမ်ကြိမ် တရားမ၀င် ကြေညာတဲ့ အကြောင်းတွေပြောရတာပေါ့ ။ နောက်ဆုံး မခံမရပ်နိုင်တော့တဲ့ အခါ တစ်နိုင်ငံလုံး အုံကြွေ တ်ာလှန်ကြလို့ ဦးနေ၀င်းတို့ရဲ့ မဆလ တစ်ပါတီ အာဏာရှင်စနစ်ကြီး ပြိုလဲခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြ ရတာပေါ့ ။

အဲဒီလို ဦးနေ၀င်းတို့ မဆလ လက်အောက်က ရုန်းထွက်နိုင်ခဲ့ကြပေမဲ့ န၀တ ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးများ အဖွဲ့ရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရပြန်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ ကံကြမ္မာကို အင်္ဂလိပ်လက်အောက်က လွတ် ပေမဲ့ ဂျပန်လက်အောက်ကို ကျရောက်သွားခဲ့ရတဲ့ ကံကြမ္မာနဲ့လည်း နှိုင်းယှဉ် ပမာပြုပြရသေးတာပေါ့ ။  အဲဒီ စစ်အာဏာရှင်ခြေဖ၀ါးအောက်ကနေ အများပြည်သူတွေ လွတ်မြောက်ဖို့ အတွက်  ကျောင်းသားခေါင်း ဆောင် တွေကထောင်အကျခံပြီး ဆန့်ကျင်ခဲ့ကြတာတွေ ၊ ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ်နေ အိမ်အ ကျယ်ချုပ်အကျခံ ၊ အကြိမ်ကြိမ် အသက်ကို ရန်ရှာခံရတဲ့အထိ  စစ်အာဏာရှင်တွေကို အာခံ အံတုခဲ့တာတွေ ကိုနောက်ကြောင်းပြန်ရတာပေါ့ ။ အဲဒီလို ပေးဆပ်ခဲ့သူတွေကြောင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈) ရက်နေ့မှာ ရွေး ကောက်ပွဲ အောင်နိုင်ခဲ့ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်အများစုနဲ့ အရပ်သားအစိုးရကို တင်မြှောက်နိုင်ခဲ့ကြောင်း ၊ အဲဒီ အစိုးရသစ်မှာ နိုင်ငံတော်မှာ အာဏာရတာနဲ့ ကိုယ်ကျိုးရှာတဲ့လူတွေပါမလာကြောင်း ၊   စနစ်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ၊  တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းတချို့ ဒေသဆိုင်ရာရံပုံငွေတွေကို မမှန်မ ကန်လုပ်ထားခဲ့တာတွေ ပြန်လည် ရယူနိုင်ခဲ့ကြောင်း တွေကိုလည်း သတင်းစာတွေက သတင်းတွေကို ကိုး ကားပြီး ပြောပြရသဗျ ။

 နိုင်ငံသားတွေအတွက် ပညာရေးကျန်းမာရေး လူမှုရေးအသုံးစာရိတ်တွေကို ပိုမိုသုံးစွဲ လာ နေကြောင်း ၊ နိုင်ငံတော်အတွက် အလွန်အရေးကြီးလှတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း အချိန်မဆိုင်း ကြိုး ပမ်း အားထုတ်နေကြကြောင်း ၊ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင် ကြိုး ပမ်း နေတဲ့ ၂၁ ရာစုပင်လုံညီလာခံကြီးအောင်မြင်ခဲ့ပြီးရင် နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်မှု တည် ဆောက်မှု တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းတွေကိုလည်း အားပါးတရ ရှင်းပြရပါသဗျ ။

နိဂုံးချုပ်မှာတော့ ဒီအစိုးရသစ်တက်လာနိုင်ခဲ့ခြင်းဟာ ပဉ္စမ မြန်မာနိုင်ငံတော်သစ်ကို နိဒါန်း ပျိုးနိုင်ခဲ့ ခြင်းဖြစ်ကြောင်း ၊ အဲဒီ ပဉ္စမ မြန်မာနိုင်ငံတော်သစ်ကိုတည်ဆောက်သူဟာ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း တည်ဆောက်နေခြင်းမဟုတ်ကြောင်း ။ သူမအတွက် လုပ်ပိုင်ခွင့်တွေရလာအောင် ပြည်သူတွေက တခဲနက်မဲပေးခဲ့ကြကြောင်း ။ ဒါကြောင့် ဒီနေ့ ဒေါ်အောင်ဆန်း စုကြည်က ပဉ္စမ မြန်မာနိုင်ငံတော်သစ်ကို ဦးဆောင်တည်ဆောက်နေနိုင်ခြင်းဟာ အဲဒီနိုင်ငံ တော်သစ်နိဒါန်းကို ပြည်သူတို့က မှင်စွန်းထားတဲ့ လက်သန်းတွေနဲ့ ရေးထိုးပေးခဲ့ကြလို့ ဖြစ်ကြောင်း တွေ အားရ ပါးရရှင်းပြ ၊ ပြီးတော့မှ ကဲ အဲဒီလို ရဟန်းရှင်လူပြည်သူတွေ သွေးမြေကျခံ ထောင်ကျခံပြီး တည်ဆောက်ခဲ့ရတဲ့ ပဉ္စမ မြန်မာနိုင်ငံတော်နိဒါန်းကို စောစောနိဂုံးချုပ်မသွားရအောင် ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတော့ ပရိ သတ် ကြီး က ငါတို့တာဝန်လို့အားပါးတရဖြေကြသဗျ ။ အဲဒါဆိုရင် ပြည်သူတွေရဲ့ ငွေတွေသိမ်းတဲ့ အစိုးရ မျိုးတွေ ၊ တောင်သူလယ်သမားတွေရဲ့ မြေတွေသိမ်းတဲ့ အစိုးရမျိုးတွေ တိုင်းပြည်အာဏာပြန်ရအောင် မဲပေးကြ ဦးမလား လို့ မေးတော့ …. ပရိသတ်ကြီးရဲ့ အဖြေက “ဒို့ကတော့ နိုး” ပါ တဲ့ဗျ ။

မောင်ထင်ခမျာ အမြို့မြို့အနယ်နယ်က ပြည်သူတွေကို အဲဒီလို သမိုင်းအချက်အလက်တွေ ၊ စာ တွေပေတွေ ၊ အထောက်အထားတွေနဲ့ ပြောရဟောရတာ အချိန်တောင်မလောက်မှာစိုးရလို့ သဘော နဲ့ အလုပ် မဟုတ်မညီတဲ့သူတွေအကြောင်း ထည့်ပြောဖို့တောင် အချိန်မရပါဘူးဗျာ ။ အဲဒါကို ဘယ်နဲ့များ လိုက်ပြီး မဟောရ မပြောရ နဲ့ ကန့်ကွက်နေကြတယ်မသိပါဘူး ။

မင်းကင်းပွဲတွေကို ကန့်ကွက်တာမှာတော့ ဆရာတော်ကြီးတစ်ပါးက ကျောင်းဝင်းထဲ နေ ရာပေး ၊ မြို့ နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေကလည်း ပြေလည်အောင် ဆောင်ရွက်ပေးလို့ အနှောက်အယှက် ကင်းကင်းနဲ့ ဟောခဲ့ရပါသဗျ ။ နောက်နေ့မနက်ကျတော့ အဲဒီကျောင်းတိုက်နားက ပုဂ္ဂိုလ်တစ်ယောက်က ဖေ့စဘုတ်ပေါ်မှာ ခွေးသံတွေဆူနေလို့ အိပ်မရဘူး ဆိုပြီး ပို့စ်တင်သဗျ ။ အဲဒီညက ဟောပြောပွဲမှာ လွှတ် တော် ကိုယ်စားလှယ် ဦး ကျော်ဆန်း ၊ အမေ့သွေးစက်ပရဟိတ အသင်းက ဒေါက်တာသိန်းဇော်တို့က အမှာစကားပြောပြီး သား သ ခင်နဲ့  မောင်ထင်တို့က အလှည့်ကျပြောဟောကြတာပေါ့ဗျာ ၊ အောက်မှာနားထောင်နေတဲ့ပရိသတ်က လဲ ခွေး တွေ ဘာတွေ ခေါ်လာတာ မမြင်မိပါဘူး ။

 ဗုဒ္ဓစာပေတွေထဲမတော့  လောဘ၊ ဒေါသ၊ မောဟ တွေများ လွန်း ၊ အဘိဇ္ဈာတရားတွေ အားကြီးလွန်းသူတွေဟာ  လားရမဲ့ ဂတိ အပယ်လေးရွာသေချာနေတော့  ငရဲခွေးတွေရဲ့ အသံကို နားထဲကြားနေရတတ်တယ်လို့ ဆိုသဗျ  ။

အဲ နောက်တနေ့ မင်းကင်းမြို့နယ်ထဲက မယ်မဲကျေးရွာမှာဟောပြောဖို့သွားတဲ့ အချိန်မှာပဲ မြ၀တီမှာ မောင်ထင်တို့ ဟောပြောမဲ့ပွဲကို အပြင်းအထန်ကန့်ကွက်တယ်ဆိုပြီး သတင်းကြားရပြန်ရောဗျ ။ ဘယ်နှာတုံး ။ ဘယ်နှယ် လက်နက်ကိုင်ဦးဆောင်ဆရာတော်တဲ့ လား ။ ဆရာတော်ဆိုတဲ့ အသုံးအနှုန်းမှာ လက်နက်ကိုင် ဦး ဆောင် ဆိုတဲ့ဝိသေသနက ဘာကြောင့်ပါလာရတုံး ။ ဘယ်လို စိတ်တွေနဲ့  လွတ်လပ်စွာဟောပြောခွင့်ကို့  အသဲ အသန်လိုက်ပိတ်ပင်နေရတာတုံး လို့ စိတ်က ထောင်းကနဲ ဖြစ်သွားမိတာပေါ့ဗျာ ။ ပုထုဇဉ်ပေကိုး ။

စိတ်နှလုံးမသာဖြစ်နေတုံး ဇိနတ္တပကာသနီကျမ်းထဲက ဘုရားရှင် တန်ခိုးပြာဋိဟာပြတော်မူခန်း ကို သတိရမိပါတယ် ။  စာအုပ်ကို ဖွင့်ဖတ်မိပါတယ် ။ အဲဒီမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး တာဝတိံ သာနတ်ပြည်ကိုကြွပြီး အဘိ ဓမ္မာတရားဟော တော်မမူခင် မှာ သရက်ဖြူပင်ရင်းမှာ  တန်ခိုးပြာဋိ ဟာပြ မယ်ဆိုတော့ အယူလွဲလှတဲ့ အမိုက် ကောင်တွေ ပုရာ ဏကဿပတို့ ၊ နိဂဏ္ဍနာဋပုတ္တတို့ တစ်တွေမှာ သာဝတ္ထိ တစ်ပြည်လုံးက သရက်ဖြူ ပင်မှန်သမျှ အဲဒီ နေ့ပေါက်တဲ့အပင်ကအစ ခုတ်လိုက်ကြ လှဲလိုက်ကြ ပိုင်း လိုက်ကြနဲ့ မြတ်စွာဘုရား တန်ခိုး မပြနိုင်အောင် ဖျက်လိုဖျက်ဆီးလုပ်ခဲ့ကြတဲ့အကြောင်းကလေး ဖတ်လိုက်ရ တော့ မောင်ထင်စိတ်ထဲ နောက်နေတာတွေ ကြည်လင်သွားသဗျ  ။

ဟုတ်တယ်လေ ..သုံးလောက ထွဋ်တင် မြတ်ဘုန်းရှင်ကိုတောင်မှ တန်ခိုးပြာဋိဟာပြခွင့်မရအောင် အယူ လွဲကောင်တွေက ကန့်လန့်တိုက်ခဲ့ကြသေးတာ၊ အနှောက်အယှက်ပေးခဲ့ကြသေးတာ၊ မောင်ထင်တို့လို သာမ ညောင်ည နိုင်ငံရေးအသိအမြင် ကြည်လင်အောင် အသိ တရားမျှဝေတဲ့ စာရေးဆရာကလေး ကို ဒီလို မဟောရ မပြောရဖို့ အားထုတ်ကြ တားမြစ်ပိတ်ပင်ကြ ၊ ဖျက်လိုဖျက်ဆီးလုပ်ကြတာများ ဘာများဆန်းလို့လဲဗျာနော ။  ။

ထင်လင်းဦး (Wisdom Villa) 5.12.2017

https://www.facebook.com/htinlinoo.wisdomvilla/posts/315378585628346

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ “ ပိတ်နိုင်ကြပါစေကွယ် ” (ထင်လင်းဦး)”

Post a Comment

Related Posts Plugin for WordPress, Blogger...