Wednesday, December 6, 2017

" ဦးထင်ကျော် နုတ်ထွက်မလား ဦးရွှေမန်း ဟာ NLD သမ္မတ ဖြစ်နိုင်လား ? သို့မဟုတ် .. ကျွန်တော်ချတွက်မိသော နိုင်ငံရေး ဟော့ ဂဏန်းများ "-***သီဟသွေး***

,
သမ္မတ ဦးထင်ကျော် နုတ်ထွက်တော့မယ် တဲ့ .., ထွက်စာက လွှတ်တော်ကို ပို့ဖို့ အသင့်ဖြစ်နေပြီ  တဲ့ ...... NLD က ဦးရွှေမန်းကို သမ္မတတင်ဖို့ အစီအစဉ်ရှိတယ် တဲ့ ... ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား ခရီးစဉ် ထွက်တာ နဲ့ ဘာသာရေး လူမျိုးရေး ပြဿနာတွေ အချိန်ကိုက်ဖြစ်နေသလိုပဲ .... ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ဆင်နွှဲတော့မယ် တဲ့ ..., စသည်ဖြင့် တိုင်းတုန် ပြည်တုန်မယ့် သတင်းတွေဟာ အွန်လိုင်းစာမျက်နှာပေါ်တွေကနေတဆင့် သတင်းစာ ဂျာနယ် စက္ကူ စာမျက်နှာ ၊ စက္ကူစာမျက်နှာတွေပေါ်ကနေ အွန်လိုင်း သတင်း နဲ့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်ကို ခေါက်တုတ်ခေါက်ပြန် သွားလာလျှက်ရှိပါတယ် ။ လှုပ်လှုပ်ရှားရှားဖြစ်စေမယ့် နိုင်ငံရေး သတင်း အတော်များများဟာ အင်တာနက် အွန်လိုင်းစာမျက်နှာတွေ ကနေပေါ်ထွက်လာတတ်ပါတယ် ။ များသောအားဖြင့် နိုင်ငံရေး အကျော်အမော် ပုဂ္ဂိုလ်တွေ ၊ အဖွဲ့ အစည်းတွေ ၊ သူတို့ နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ က အသုံးပြုတဲ့ Facebook လို လူမှု ကွန်ယက်တွေကနေ သတင်း အစအနလေးတွေ ၊ ဆောင်းပါးရိပ်ခြေ အရေးအသား တွေကနေ စပြီး သတင်းအနံ့ တွေပေါ်ထွက်လာတတ်ပြီး အဲဒီ သဲလွန်စ နောက်ကို သတင်း မီဒီယာတွေက လိုက်လံဖေါ်ထုတ်ပြီး ခိုင်မာတဲ့ သတင်း၊ ဆောင်းပါးတွေ အဖြစ် ရေးသားဖေါ်ပြကြလေ့ရှိပါတယ် ။
ဒါကြောင့် သတင်းကုန်ကြမ်းတောကြီးလည်းဖြစ် ၊ သတင်းအချောထည် စားသုံးရာ ဈေးကွက်ကြီးလည်းဖြစ်တဲ့ အင်တာနက် လူမှုကွန်ယက်တွေဟာ နိုင်ငံရေး ဂိုဏ်းဂန တွေ ၊ ထောက်လှမ်းရေး နဲ့ ဝါဒဖြန့်ချိရေး ဆိုင်ရာ အဖွဲ့တွေအတွက် လှည့်လည် ကျက်စားရာ ၊ အထိုင်ချပြီး စစ်ဆင် လှုပ်ရှားဆောင်ရွက်ရာ ပစ်မှတ် စားကျက်မြေလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ် ။ ဒါကြောင့် လူမှုကွန်ယက်ပေါ်တက်လာတဲ့ အချို့သော သတင်းတွေ ထင်မြင်ယူဆချက်တွေမှာ  နောက်ကွယ်က နိုင်ငံရေး ရည်မှန်းချက်တွေ ၊ လိုလားချက်တွေ ပါဝင်နေတတ်ပါတယ် ။ နောက်ကွယ် က နိုင်ငံရေး ရည်ရွယ်ချက် လိုလားချက်ဆိုတာကတော့ ဒီ သတင်းကို အမှန် ထင် ပြီး လူထု စိတ် နှလုံးမှာ ဖြစ်ပေါ်လာစေမယ့် ချစ်ခြင်း မုန်းခြင်း ခံစားချက်၊ဆန့်ကျင်ကန့်ကွက်ခြင်း ၊ ထောက်ခံ အားပေးခြင်း ဝေဖန်ချက်တွေ နောက်ဆက်တွဲ အနေနဲ့ ဖြစ်ပေါ်စေခြင်းပဲဖြစ်ပါတယ် ။ ဒါကြောင့် အွန်လိုင်းပေါ်က အလွန် အကဲဆတ်ပြီး ဂိုဏ်းဂနထူပြောလှတဲ့ နိုင်ငံရေး သိုင်းလောက ထဲမှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေ ဟာ ချိန်ကိုက်ဗုံးတွေ သဖွယ် ပေါက်ကွဲ လာတတ်ပါတယ် ။ Facebook ခေါ် အင်တာနက် လူမှုကွန်ယက်ဟာလည်း လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဆယ်ကျော်သက်လူငယ်လူရွယ်တွေ မှ စတင်ပြီး အသက် ၆၀ ကျော်လူကြီးပိုင်း အထိ သန်းနဲ့ ချီတဲ့ နိုင်ငံသားတွေ စွဲစွဲမက်မက် အသုံးပြုနေကြတာဖြစ်တဲ့ အတွက်  နိုင်ငံရေး လောက ရဲ့ စင်မြင့်ဖြစ်လာသလို နိုင်ငံရေး ၊ ဘာသာရေး ၊ လူမျိုးရေးချိန်းပွဲတွေ ကစားရာ ကွင်းပြင်တစ်ခုဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့်သတင်းတွေ၊ ဝေဖန်ချက်တွေ ကို လူမှုကွန်ယက်တွေပေါ်မှာတွေ့ ရှိတဲ့ အခါ အသေအခြာ ဆင်ဆင်ခြင်ခြင် စဉ်းစားတွေးခေါ် တွက်ချက် ချိန်ဆနိုင်မှ အခြေအနေမှန် အဖြစ်မှန်ကို နားလည်သိရှိနိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် အခုတလော အွန်လိုင်း လူမှုကွန်ယက် မှာ သတင်းထွက်ပေါ်နေတဲ့ သမ္မတ ဦးထင်ကျော် နုတ်ထွက်မယ့် သတင်း ၊ဦးရွှေမန်းကို သမ္မတ တင်မယ့် သတင်းတွေ နဲ့ပတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင် ၊ ယုံကြည်သင့် မယုံကြည် သင့် ဆိုတာကို ကျွန်တော့ရဲ့ အမြင် တွက်ချက် သုံးသပ်ချက်ကိုတင်ပြလိုပါတယ် ။

အမှန်တော့ ဒီ ဦးထင်ကျော်ထွက် ဦးရွှေမန်း ဝင် ဆိုတဲ့ သတင်းဟာ နိုင်ငံရေး နဲ့ သတင်းလောက မှာ ထွက်ပေါ်နေတာ ကြာလှပြီဖြစ်ပါတယ် ။ မေ့လောက်ရှိတဲ့ အချိန်မှာ ပြန်လည်ထွက်ပေါ်လာတတ်တာကိုလည်း သတိထားမိပါတယ် ။ အထူး သဖြင့် NLD က ရွေးကောက်ပွဲ နိုင်ပြီး အစိုးရဖွဲ ခါနီး အချိန် သမ္မတလောင်း ဘယ်သူဖြစ်မလဲ လို့ အမျိုးမျိုးတွက်ချက်ခန့်မှန်းကြစဉ်တုန်းကတည်းက ဦးရွှေမန်းကို NLD ရဲ့ သမ္မတလောင်း အဖြစ် ပြောဆိုနေခဲ့ကြတာရှိပါတယ်။ တကယ်တော့ ဦးရွှေမန်းကို NLD က သမ္မတ အဖြစ်တင်မြှောက်လိမ့်မယ်ဆိုတဲ့ အချက်ဟာ သတင်း အချက်အလတ်ပေါ်မှာ အခြေခံထွက်ပေါ်လာတာမဟုတ်ပဲ အဆိုးဆုံးဖြစ်နိုင်ခြေဆိုင်ရာ တွက်ချက်မှု တွေ၊ ရွေးချယ်နိုင်သော နည်းလမ်းများဆိုင်ရာတွေးခေါ်မှုတွေကနေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပထမဆုံး ဒီသတင်း အမှန်အမှား အကြောင်းမပြောခင် သမ္မတ ဦးထင်ကျော် အနေနဲ့ နိုင်ငံရဲ့ ရှေ့မျက်နှာစာမှာ ထွက်ပေါ်မလာတာ ၊ မီဒီယာတွေကနေ တိုင်းပြည်ကို ပြောဆို ထိတွေ့မှု နည်းပါးလွန်းတာနဲ့ ပတ်သက်ပြီးဝေဖန်ပြောဆိုနေကြတဲ့ အပေါ်မှာ တစ်ခုလောက် သတိပေးပြောပြချင်တာလေးရှိပါတယ် ။ တကယ်တော့ လူ အတော်များများမေ့နေတဲ့အကြောင်းကတော့ မူလ အစကတည်း က ဦးထင်ကျော်ဟာ အခြေခံ ဥပဒေ အကန့် အသတ် ကြောင့် သမ္မတဖြစ်ခွင့် မရနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် အစား ကိုယ်ပွား အနေ နဲ့ သမ္မတ ဖြစ်လာတယ် ဆိုတာကိုပါပဲ ။ နဂိုကတည်းက ဒေါ်အေင်ဆန်းစုကြည် ကိုယ်တိုင် " သူမအနေနဲ့ သမ္မတ ဖြစ်နိုင်ခွင့် မရှိပေမယ့် သမ္မတ ဘေးနားမှာထိုင်ပြီး တိုင်းပြည်ကို အုပ်ချုပ် စီမံ မယ်" လို့ ပြောခဲ့ပြီးသားဖြစ်ပါတယ် ။ ဒါကြောင့် အချို့တွေက ဒါကို မေ့လျော့ပြီး ဒေါ်အောင်ဆန်းစုကြည် ကို မြင်နေတွေ့နေလျက် နဲ့ သမ္မတ ကို လွမ်းဆွတ် နေမိတာဖြစ်ပါတယ် ။ အချို့တွေကတော့ သမ္မတ ကို ရုပ်သေး သမ္မတ ၊ အရည်အချင်းမပြည့်မှီ တဲ့ သမ္မတ အဖြစ် ထင်ရှားစေချင်တဲ့သဘော ၊ ဒေါက်ဖြုတ်လိုတဲ့သဘော နဲ့ တမင်အကြောင်းလုပ်ပြောဆိုနေကြတာပဲဖြစ်ပါတယ် ။ ဒါကြောင့်  ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရင် သမ္မတ ကိုတွေ့တယ်လို့မှတ်ပါ၊ သမ္မတ ကိုတွေ့ ရင် ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့တယ်လို့ မှတ်လိုက်ပါ လို့ ကျွန်တော့ အနေနဲ့ ပြောချင်ပါတယ် ။ ကဲဒါဆို ဦးထင်ကျော်ထွက် ဦးရွှေမန်း ဝင် ဆိုတဲ့ ကိစ္စ တကယ် ဖြစ်လာနိုင်သလားဆိုတာ တွက်ချက်ကြည့်ရအောင် .... ။

ပထမဆုံး ဦးထင်ကျော် အနေနဲ့ သမ္မတ ရာထူး က နုတ်ထွက်မှာလား  နုတ်ထွက်ဖို့ အကြောင်းရှိနိုင်လားဆိုတာ ကို အရင် ဆန်းစစ်ကြည့်ပါမယ် ။ ဦးထင်ကျော် ဟာ တတ်လွန်းလို့ နေရာရယူလာတဲ့ သမ္မတ တစ်ယောက်မဟုတ်ပဲ နဂို မူလကတည်းက အခြေအနေက ရွေးချယ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ တာဝန်တွေကို စုပေါင်းတိုင်ပင်ညှိနှိုင်း ပြီး ဦးဆောင်မှု နဲ့ ထမ်းဆောင်မယ့် သမ္မတဖြစ်တဲ့ တွက် သမ္မတ ရဲ့ တာဝန်တွေကို မနိုင်နင်း လို့ နုတ်ထွက်မှာလားဆိုတဲ့ အချက်ဟာမဖြစ်နိုင်တာမို့ အဲဒီအချက်ကို အရင်ဆုံး ပယ်လိုက်ပါတယ် ။ နောက်အရေးကြီးဆုံးအချက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးထင်ကျော် နှစ်ဦးအကြားမှာ လုပ်ငန်းတာဝန်တွေကိုအကြောင်းပြုလို့ဖြစ်စေ လူမှုဆက်ဆံရေး ကြောင့်ဖြစ်စေ အဆင်မပြေမှုတင်းမာမှုတွေကြောင့် နုတ်ထွက်ဖို့ အကြောင်းရှိသလားဆိုတဲ့အချက်ပဲဖြစ်ပါတယ် ။ ဒီလိုဖြစ်စဉ်မျိုးရှိခဲ့ရင်တောင် ကျွန်တော်တို့ အပြင် လူတွေ အနေနဲ့ သိရှိနိုင်ဖို့ ခက်ခဲလှတဲ့ အတွက် ပြဿနာရှိတယ် မရှိဘူး လို့မပြောနိုင်ပေမယ့် လူ့သဘောသဘာဝ တွေအရ ဒီလို သဘောတရားတွေဖြစ်ပေါ်ခဲ့မယ်ဆိုရင်တောင် နှစ်ဦးစလုံးဟာ အလုပ်ဝတ္တရားကိုစွန့်ပယ် ရတဲ့ အထိ စိတ်သဘောထား ပြင်းထန်လှုပ်ရှားတတ်တဲ့ အရွယ် တွေမဟုတ်ဖူးဆိုတဲ့ အချက်ကို ထောက်ပြလိုပါတယ် ။ နောက်တစ်ချက် က ဦးထင်ကျော် ဟာ အယူဆရေးရာ အရပြင်းထန်တဲ့ ဝါဒကြီး နိုင်ငံရေးသမား မာနကြီးနိုင်ငံရေး သမား မဟုတ်ဖူးဆိုတဲ့ အချက်ပါ ။ ဒါကြောင့် ဦးထင်ကျော် ဟာ မလွန်ဆန်နိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ အကြောင်းအချက်တွေကြောင့်မဟုတ်ရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းပြည်ကို မျက်နှာမထောက်ပဲ နုတ်ထွက်ကျောခိုင်းသွားမယ့်သူတစ်ယောက် မဟုတ်ဖူးလို့ ပဲ သုံးသပ်မိပါတယ် ။ ကဲဒီလိုဆိုရင် ကျန်းမာရေး အကြောင်းရင်းတစ်ခုကြောင့် ဦးထင်ကျော်အနေနဲ့ ရာထူးက အနားယူဖို့ အကြောင်းရှိခဲရင် အစားထိုး ခန့်ထားမယ့် သမ္မတလောင်းဟာ ဘယ်သူဖြစ်နိုင်မလဲ ၊ ဦးရွှေမန်းရော ဖြစ်နိုင်သလား ဆိုတဲ့ အချက်ကို စဉ်းစားကြည့်ရအောင် ။

ဦးထင်ကျော် နုတ်ထွက်ရင် NLD က ဘယ်သူ သမ္မတ ဖြစ်လာနိုင်လဲဆိုတာ ခန့်မှန်းရခက်ခဲပါတယ် ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိရုံမက  နိုင်ငံရေးအရပါ အပြန်အလှန်  ကူညီထောက်ပံ့ မှုတွေ အနီးကပ်ဆက်ဆံမှု တွေ ရှိတဲ့ ဦးရွှေမန်း ဟာ NLD ရဲ့ သမ္မတလောင်း ဖြစ်နိုင်တယ် ဆိုတဲ့အချက်ကို စဉ်းစားစရာ သတင်းတရပ် အဖြစ် အောင်အောင်မြင်မြင် ပြန့်နှံစေခဲ့တာလည်း ဖြစ်ပါတယ် ။ပထမဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးရွှေမန်းကို သမ္မတအဖြစ်တင်ဖို့ စိတ်ကူးရှိတယ် ဆိုရင်တောင်လက်တွေ့လုပ်ဖို့ ခဲယင်းတယ်ဆိုတာကို ထောက်ပြချင်ပါတယ် ။ လက်ရှိ သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားခဲ့လို့ သမ္မတ အသစ်ပြန်လည်တင်မြှောက်တဲ့ အခါမှာ ဒီအတိုင်း လူသစ်တစ်ယောက်ကို အစားထိုးတင်မြှောက်လိုက်လို့ မရပါဘူး ။ လွှတ်တော် မှာ သမ္မတရွေးကောက်ပွဲကို အစကနဦးတုန်းကလိုပဲ လွှတ်တော်အတွင်း ဒုတိယ သမ္မတရွေးကောက်ပွဲကို အဆင့်ဆင့် ပြန်လည်ကျင်းပရပါတယ် ။အဲဒီလိုကျင်းပတဲ့ အခါ ထွက်ပေါ်လာတဲ့ ဒုတိယ သမ္မတလောင်း တစ်ယောက်ကို လက်ရှိ အစိုးရအဖွဲ့မှာ ကျန်ရှိနေတဲ့ ဒုသမ္မတ ၂ ယောက်နဲ့ အတူ သမ္မတ ရွေးချယ်ပွဲ ကို ပြည်ထောင်စုလွှတ်တော်မှာပြန်လည်ကျင်းပရမှာဖြစ်ပါတယ်။ ဒီနေရာမှာ NLD က ဦးရွှေမန်းကို သမ္မတလောင်းအဖြစ်တင်သွင်းခဲ့မယ်ဆိုရင် NLD အတွင်း မှာရော ၊ NLD ကိုထောက်ခံတဲ့ ပြည်သူအတွင်းမှာရော ရ၊ လွှတ်တော်ထဲက NLD ကိုယ်စားလှယ်များ အတွင်းမှာပါကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေ ငြင်းခုန်မှုတွေဖြစ် မှာမလွဲပါ ပဲ ။ NLD ပါတီဝင်တွေ ၊ ပါတီကိုထောက်ခံသူတွေ ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုလေးစားထောက်ခံကြပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်းဖြစ် ၊ ဦးသန်းရွှေ ရဲ့ သစ္စာခံတစ်ဥိးဖြစ်ခဲ့ပြီး အခုထိ ဦးသန်းရွှေ ကို ကျေးဇူးရှင်တစ်ယောက်အဖြစ် ခံယူထားသူလည်းဖြစ် ၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဦးရွှေမန်းကို သူတို့ ဆန္ဒပြု ရွေးချယ်တဲ့ သမ္မတဖြစ် လာဖို့တော့ လက်ခံကြလိမ့်မယ်မထင်ပါ။ ဒါကြောင့် ပါတီအတွင်ရုန်းကန်မှုအကြီးအကျယ်ပေါ်ပေါက်လာနိုင်ပါတယ် ။ ဒီ ရိုက်ခက်မှုဟာ လွှတ်တော်တွင်း သမ္မတရွေးကောက်ပွဲ အပေါ်ရိုက်ခက်မှုရှိလာနိုင်ပါတယ် ။ စဉ်းစားကြည့်ပါ ၊ အဲဒီ သမ္မတရွေးကောက်ပွဲဟာ ဦးရွှေမန်းရယ် ၊ဦးမြင့်ဆွေရယ် ၊ ဦးဟန်နရီဗန်ထီးယူရယ် ၃ ယောက်ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ၃ ဦးစလုံးဟာ စစ်တပ်က အရာရှိဟောင်းတွေဖြစ်ကြပါတယ်။ ဒီ သမ္မတ ရွေးကောက်ပွဲဟာ ဘယ်လောက်ထိ လူထုရဲ့ မျှော်လင့်ချက် ယုံကြည်ကိုးစားမှုကို ရက်ရက်စက်စက် ရိုက်ချိုး နှိပ်စက် လိုက်သလိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်နိုင်ကြပါတယ် ။ ဒီလိုအမှန်တကယ်ဖြစ်လာခဲ့ရင် NLDပါတီရော ဒေါ်အောင်ဆန်းစုကြည်ပါ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ကို အထိုက်အလျှောက်ဆုံးရှုံး စွန့်လွှတ်လိုက်ရမှာပဲဖြစ်ပါတယ် ။ နောက်တစ်ချက် က NLD ပါတီအနေနဲ့ ဦးရွှေမန်း ကို သူတို့ရဲ့ သမ္မတအဖြစ် ရွေးချယ်လိုက်ရမယ်ဆိုရင် နိုင်ငံရေး အရ ၊အရည်အချင်းအရ တပ်မတော် အပေါ်မှာရော ၊ ကြံ့ခိုင်ရေးပါတီအပေါ်မှာပါ  ဒူးထောက်လိုက်ရတာဖြစ်ပါတယ် ။ ဘယ်ပါတီဝင်မှ ဒါကို လိုလားနှစ်သက်ကြမှာမဟုတ်ပါဘူး ။ ဒီလို အခြေအနေမျိုးမှာအလွန်သတိထားရမယ့် အချက်တစ်ချက်ရှိပါတယ် ။ အဲဒါကတော့ လွှတ်တော်အတွင်း ဦးရွှေမန်း ကို သမ္မတ လောင်းအသစ်အဖြစ် ကျန်တဲ့ ဒုသမ္မတ နှစ်ယောက်နဲ့ ယှဉ်ပြိုင်ရွေးတဲ့အခါ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲတွေဟာ ဦးရွှေမန်းဆီမှာ တည်တည်ငြိမ်ငြိမ်ရှိပါမလားဆိုတဲ့အချက်ပါပဲ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးထင်ကျော်နဲ့ ဦးမြင့်ဆွေရတဲ့ မဲဟာ ၁၄၇ မဲကွာပါတယ် ။ အကယ်၍ ဦးထင်ကျော်နေရာမှာ ဦးရွှေမန်းဖြစ်ခဲ့မယ်ဆိုရင် ဒီမဲအရေအတွက်ရပါ့မလားဆိုတာစဉ်းစားစရာရှိသလို ၊ မူလ NLD သမ္မတလည်းဖြစ်တဲ့ ဦးဟန်နရီဗန်တီးယူ ဆီကို မဲတွေပြန့်သွားခဲ့မယ်ဆိုရင် ဦးမြင်ဆွေ မဲတွေတတ်လာနိုင်တဲ့ အတွက် NLD အတွက်အန္တရယ်ကြီးလှပါတယ် ။ လွှတ်တော်တစ်ခုလုံးမှာ တပ်မတော် ကိုယ်စားလှယ် အပါအဝင် NLD မဟုတ်တဲ့ ကိုယ်စားလှယ် အားလုံးပေါင်း ၂၆၅ မဲရှိပါတယ် ။ လွှတ်တော် ထဲမှာ NLD ပါတီက ကိုယ်စားလှယ်ပေါင်း ၃၈၈ ယောက်ရှိတဲ့ အတွက် ၂၆၅ ကို နိုင်ဖို့ ဆိုတာ NLD ကိုယ်စားလှယ်တွေ မဲ မကွဲဖို့လိုပါတယ်။ ဒါပေမယ့် ကိုယ်ရွေးရမယ့်သူက ဦးရွှေမန်းဖြစ်နေလို့ စိတ်ဆန္ဒတွေကွဲကြပြီဆိုရင်တော့ မဲကွဲဖို့ဆိုတာ ဖြစ်နိုင်ခြေအလွန်များပါတယ်။ ဒီထက် စိုးရိမ်စရာအကောင်းဆုံး ဇတ်ညွှန်းတစ်ခုကတော့ ဒီလိုတကယ် ဖြစ်လာခဲ့မယ်ဆိုရင် တပ်မတော်အနေနဲ့ သမ္မတနေရာကို ရယူဖို့ အချိန်ကောင်းတစ်ခုပဲလို့ သုံးသပ်ပြီး ကစားလာနိုင်တဲ့အခွင့်အလမ်းတစ်ခုရှိနေပါတယ်။ အဲဒါကတော့ သူတို့တင်ထားတဲ့ ဦးမြင့်ဆွေကိုပါ အနားယူခိုင်းပြီး လူအများလက်ခံနိုင်တဲ့ နာမည်ကောင်းရှိတဲ့ ကြားလူကိုယ့်ဘက်သား အရပ်သား တစ်ယောက်ကို သမ္မတလောင်းအဖြစ်ဝင် အရွေးခံစေနိုင်တာပဲဖြစ်ပါတယ် ။ ဒီလိုတွေဖြစ်လာရင် ဦးရွှေမန်း အနေနဲ့ လွှတ်တော် အတွင်းမှာ မဲ အပြတ် နဲ့ သမ္မတအဖြစ်အရွေးချယ်ခံရဘို့ဆိုတာ ကြီးမားတဲ့ စွန်းစားခန်းတရပ်ပါပဲ ။ အမှန်တကယ် မှာလည်း လက်တွေ့ ဦးဆောင် လှုပ်ရှားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်ပိုင်းက ကျွန်တော်တို့ထက် ဒီအချက်တွေကိုစဉ်းစားသိမြင်ပြီးသားဖြစ်နေပါလိမ့်မယ် ။ဒါကြောင့်လက်ရှိ သမ္မတ ဦးထင်ကျော် အနေနဲ့ အမှန်တကယ် ကျန်းမာရေး အရ အနားယူဖို့ အကြောင်းမရှိပဲနဲ့တော့ NLD အနေ နဲ့ အားအားယားယား ဦးရွှေမန်းကို လူစားထိုး ကစားခိုင်းဖို့ အကြောင်းမရှိဘူးလို့မြင်ပါတယ် ။

နောက်ဆုံး ထောက်ပြချင်တဲ့အချက်က ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် နဲ့ ဦးရွှေမန်းတို့ရဲ့ အပြန်အလှန် ဆက်ဆံရေး အနေအထားတွေပဲဖြစ်ပါတယ် ။ ဒါဟာ တိုင်းပြည်အတွက် တစ်စိတ်တစ်ပိုင်း အရေးပါလှပါတယ် ။ ၂၀၁၅ ခုနှစ်အတွင်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းအကွဲအပြဲ ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD ပါတီအတွက် ရွေးကောက်ပွဲအနိုင်ရရှိမှု အထိ ဖြစ်ပေါ်စေခဲ့ပြီး တိုင်းပြည်မှာ ကြီးမားတဲ့ အာဏာ လက်ပြောင်းလက်လွှဲကိုဖြစ်ပေါ်စေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ် ။ အဲဒီနောက်ပိုင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် နေရာက နေထွက်ခွာ လာခဲ့ရတဲ့ ဦးရွှေမန်းဟာ တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ပါ ဆက်ဆံရေး မကောင်းတော့တာကို သတိထားမိခဲ့ပါတယ်။ ဦးရွှေမန်းဟာ ကြံ့ခိုင်ရေးအပေါ် သစ္စာဖေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ပူးပေါင်းကူညီသူအဖြစ် သတ်မှတ်ထားတဲ့သဘောကိုလည်း ကြားသိနေရပါတယ် ။ ဒီလိုဖြစ်ခဲပြီးနောက်မှာ NLD အနေနဲ့ အစိုးရဖွဲ့တဲ့ အခါ ဦးရွှေမန်းကို နေရာပေးမှာ ကို တပ်မတော်အနေနဲ့ စိုးရိမ်မကင်းမှုတွေရှိဆိုတဲ့သဘောကိုကြားသိခဲ့ရပါတယ် ။ ဘာကြောင့် တပ်မတော်အနေနဲ့ ဦးရွှေမန်းအပေါ် လိုလားခြင်းမရှိတာလည်းဆိုတာကို အဖြေအတိအကျ မသိရပေမယ့် ဦးရွှေမန်း ဟာ အခါအားလျော်စွာ တပ်မတော်ကို ဝေဖန်သလို ပြောဆိုတာတွေရှိနေတာကိုတော့ သတိထားမိပါတယ် ။ ဒီနေရာမှာ တပ်မတော်နဲ့ ယုံကြည် နားလည်မှုရဖို့ ၊ တပ်မတော်ရဲ့ ပူးပေါင်းကူညီမှုရရှိဖို့ ကျိုးပမ်းနေရဆဲဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီ ကျိုးပမ်းမှုတွေ အချည်းအနှီးဖြစ်ကုန်အောင်တော့ တပ်မတော်က လိုလား နှစ်သက်ခြင်းရှိပုံ မရတဲ့ ပုဂ္ဂိုလ်တစ်ဦး ကို လိုအပ်တာထက်ပိုပြီး အခွင့်အလမ်းတွေ ဖန်တီးပေးပါ့မလားဆိုတာ စဉ်းစားဆင်ခြင်ကြည့်မိပါတယ် ။ တကယ်တန်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ တိုင်းပြည် တည်ဆောက်ရေး ၊ ငြိမ်းချမ်းရေး ၊ အခြေခံ ဥပဒေပြင်ဆင်ရေး လမ်းခရီးမှာ အမှန်တကယ် လိုအပ်နေတာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ရှိနေတာ ဦးရွှေမန်းမဟုတ်ပါဘူး၊ တပ်မတော် ပဲဖြစ်ပါတယ် ။ ဒါကြောင့် တပ်မတော် နဲ့ နိုင်ငံ့ ဦးဆောင် ကဏ္ဍ ရဲ့ လက်တွဲဖေါ်ဆက်ဆံရေး ကို အထိခိုက်ခံပြီး ဦးရွှေမန်းကို အမြင့်ဆုံးနေရာထိ တွန်းတင်ပေးပါ့မလားဆိုတာ စဉ်းစားစရာပါ။ ကျွန်တော့ အမြင်မှာတော့  ဦးရွှေမန်းဟာ အခါအားလျော်စွာဒေါ်အောင်ဆန်းစုကြည် ပြောနေသလို မိတ်ဆွေကောင်းပဲဖြစ်ပါတယ် ၊ ကောင်းမွန်တဲ့ တန်ဖိုးရှိတဲ့ အကြံဉာဏ်တွေ ပေးနိုင်တဲ့သူတစ်ယောက်လည်းပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အထက်မှာနေပြီး NLD အစိုးရကို ဦးဆောင်သင့်တဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး ၊ မဖြစ်လည်း မဖြစ်သင့်ပါဘူး ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဲဒီလိုတွေးမှာ လက်ခံမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ် ။ ဒါဆိုရင် အခုလို ဦးထင်ကျော်ထွက်မယ် ဦးရွှေမန်းတက်မယ် ဆိုတဲ့ သတင်း တွေ ဘာကြောင့် ထွက်ပေါ်နေတာလဲ " လို့မေးရင် အစပိုင်းမှာ ကျွန်တော် တင်ပြခဲ့သလိုပဲ နိုင်ငံရေး ရည်ရွယ်ချက်နောက်ကွယ် နဲ့ ဒီသတင်းကို ထုတ်လွှင့်ဖြန့်ဖြူးနေတာဖြစ်နိုင်ပါတယ် ။ ဘယ်လို နိုင်ငံရေး ရည်ရွယ်ချက်တွေလဲ" လို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်း တပ်မတော် တို့ သုံးဘက်အကြားဆက်ဆံရေး မှာ လှုပ်ရှားမှုတွေဖြစ်ပေါ်အောင် ရည်ရွယ်ကြံဆောင်တာဖြစ်နိုင်သလို NLD ပါတီတွင်းကနေ ဦးရွှေမန်းအပေါ် မလိုလားမှုတွေ ဆန့်ကျင်မှုတွေ ပြသလာပြီး ဦးရွှေမန်းကို NLD ကနေ ခွာသွားအောင်လုပ်ဖို့ ရည်ရွယ်သလားလို့လည်းတွေးမိပါတယ်။ တကယ်တမ်း ဒီ သတင်းတွေဟာ သေးငယ်တဲ့ အခြေခံအချက်အလတ်ပေါ်မှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းလွှင့်တိုက်ခိုက်မှု တစ်ခုပဲဖြစ်နိုင်ပါတယ် ။ သို့သော်လည်း ဦးရွှေမန်း အနေနဲ့ စာရေးစဉ်ရေးတိုင်း ကိုယ့်ကိုယ်ကို ညွှန်းဆိုဖို့ အစဉ်အမြဲလို သုံးစွဲနေခဲ့တဲ့ ကိုယ်ပိုင်ဆောင်ပုဒ် သင်္ကေတဖြစ်တဲ့ " ပြည်သူနဲ့ အတူ" ဆိုတဲ့ စာသားလေးကို မကြာသေးမီက  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရဲ့ ဆောင်ပုဒ် ၊ အစိုးရသစ်ရဲ့ ဆောင်ပုဒ် အဖြစ် တလေးတစား တမြတ်တနိုး ယူဆောင်သုံးစွဲလိုက်တာတွေ့လိုက်ရပြန်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးရွှေမန်းအပေါ်ထားရှိတဲ့ မျှော်လင့်အားထားမှု နဲ့ ပတ်သက်ပြီးကျွန်တော့ အနေနဲ့ တွေဝေ စိတ်တွေဖြစ်ပေါ်ခဲ့ရပြန်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အထက်မှာ ရေးသားဖေါ်ပြခဲ့ပြီးဖြစ်သလိုပဲ ကျွန်တော့ရဲ့ အမြင် ၊ကျွန်တော့ရဲ့ ကိုယ်ပိုင် တွက်ချက်မှုတွေ အရတော့ ဦးရွှေမန်း ဟာ NLD က တင်မယ့် သမ္မတ ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ဟာ မှန်နိုင်သလားလို့ မေးရင် ကျွန်တော် ကတော့ မှားပါတယ် လို့ပဲပြောပါရစေ ၊ အကယ်၍များ နောင်တချိန်မှာ ဒီသတင်းကမှန်ပြီး ကျွန်တော်က မှားခဲ့ပြီဆိုရင်တော့ ၊ ကျွန်တော်တင် မဟုတ်ဘူး တစ်တိုင်းတစ်ပြည်လုံး မှားသွားပြီ လိုသာ ဆိုရတော့မှာဖြစ်ပါတယ် ။
(၁-၅-၂၀၁၇)

Ref: သမ္မတ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက် ရည်ညွှန်း = ပွင့်လင်း မြန်မာ့ရှေ့ဆောင် ထုတ်ပြန်ချက်

The Speaker Vol.1 No 22
သိဒ္ဓိ စိုး

https://m.facebook.com/story.php?story_fbid=364582163987291&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ " ဦးထင်ကျော် နုတ်ထွက်မလား ဦးရွှေမန်း ဟာ NLD သမ္မတ ဖြစ်နိုင်လား ? သို့မဟုတ် .. ကျွန်တော်ချတွက်မိသော နိုင်ငံရေး ဟော့ ဂဏန်းများ "-***သီဟသွေး*** ”

Post a Comment

Related Posts Plugin for WordPress, Blogger...