Wednesday, December 6, 2017

ပေဖြစ်တုန်းခံ တူဖြစ်ရင်နှံ

,
NLD လောက် ပေဖြစ်တဲ့ဘဝမှာ အထုခံရတာ မြန်မာ့နိုင်ငံရေးလောကမှာရှိမလား  သေချာလေ့လာကြည့်ရင်မရှိပါဘူး  ပဒေသရာဇ်စနစ်ကုန်းဘောင်ခေတ်ကနေ ကိုလိုနီခေတ် လွတ်လပ်ရေးခေတ်ဦးပါလီမာန်ဒီမိုကရေစီစနစ် မဆလတစ်ပါတီအာဏာရှင်စနစ် စတဲ့ခေတ်အဆက်ဆက်ကိုလိုက်ကြည့်လိုက် NLDလောက် စောက်မြင်ကတ်ပုဒ်မနဲ့အသားလွတ်အဖိနိပ်ခံအတီးခံရတာမျိုးရှိကိုမရှိဘူး

၈၈၈၈ မှာအဆော်ခံရတယ်  ၁၉၉၀ရွေးကောက်ပွဲနိုင်တယ်ဒါပေမဲ့ထောင်ထဲအထည့်ခံရတယ် ဒီပဲရင်းမှာအသေချာအကွက်ချစီစဉ်ပြီးအရိုက်ခံအသတ်ခံအကြမ်းဖက်ခံရတယ် အရိုက်ခံရတဲ့သူတို့ပဲထောင်ချခံရတယ် ၂၀၀၇ရွှေဝါရောင်အဆော်ခံရတာပဲ  စစ်အာဏာရှင်ခေတ်၂၃နှစ်ကျော်လုံးလုံး အမျိုးမျိုးသက်သက်မဲ့အနိုင်ကျင့်စော်ကားခံရတယ် နှိပ်စက်ခံရတယ် ဒေါ်အောင်ဆန်းစုကြည်ဆို အသားလွတ်နေအိမ်အကျယ်ချုပ်ကျခံရတယ်အနှစ်၂၀လောက်

အခု ၂၀၁၅ ရွေးကောက်ပွဲမှာပြည်သူလူထုကမဲပုံပေးလို့ ၇၅ ကျပ်သားအစိုးရဖြစ်လာတယ်  ၇၅ကျပ်သားဖြစ်တော့ တူဖြစ်ပြီလားဆိုတော့ မထုရက်တာလိုလို အမျိုးသားရင်ကြားစေ့ရေးလိုလို  ဘာလိုလိုနဲ့အချိန်ကုန်လာလိုက်တာ ၂နှစ်ကျော်ခဲ့ပြီ

၁၉၈၈ အရေးအခင်းပစ်ခတ်သတ်ဖြတ်မှု့များကစလို့ ၂၃ကျော်လုံးလုံး စစ်အာဏာရှင်အစိုးရနဲ့စစ်တပ်ရဲ့ ပြည်သူလူထုနှင့်တိုင်းပြည်အပေါ်ဖိနှိပ်မှု့ ရက်စက်မှု့ လူ့အခွင့်အရေးချိုးဖောက်မှု့ မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်မှု့များအတွက်  မည်သည့်အရေးယူမှု့ ဝန်ချတောင်းပန်မှု့မှမပြုလုပ်ပဲ  အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စစ်တပ်ကိုဖင်ပေးပေါင်းမှု့ကိုပဲတိုင်းပြည်ကလုပ်နေရတော့မလား

NLD က ပေဖြစ်လဲခံ တူဖြစ်လဲခံ ခံပြီးရင်းခံနေမဲ့ ခံပါတီလား

ဟိုးအရင်က သတ္တိတွေဘယ်ရောက်ကုန်ပြီလဲ  စစ်အစိုးရအလိုကျအပေါ်ကကျလာတဲ့ဥပဒေကြမ်းတွေကိုခေါင်းငြိမ့်ရမဲ့ညောင်နှစ်ပင်အမျိုးသားညီလာခံက ကျောခိုင်းခဲ့တဲ့သတ္တိတွေ  ဂန္ဒီခန်းမကြေငြာစာတမ်းလိုသတ္တိတွေ ၂၀၁၀ရွေးကောက်ပွဲမှာ ဒီ၂၀၀၈အခြေခံဥပဒေနဲ့ရွေးကောက်ပွဲမဝင်နိုင်ဘူးဆိုတဲ့ပြတ်သားမှု့တွေ ဘယ်ရောက်ကုန်ပြီလဲ   ဒီ၂၀၀၈အခြေခံဥပဒေနဲ့ဘာမှလုပ်မရဘူး ဟန်ပြအစိုးရဖြစ်နေတယ်ဆိုရင် ဒီမိုကရေစီသဘောတရားတွေနဲ့လုပ်မရဘူး ခြေချုပ်မိနေတယ်ဆိုရင်လဲ  ညောင်နှစ်ပင်ကိုကျောခိုင်းသလိုသတ္တိမျိုးတွေဘယ်ရောက်ကုန်ပြီလဲ

အမျိုးသားရင်ကြားစေ့ရေးဆိုတာဘာလဲ  စစ်တပ်ကအမြဲတူကိုင်ထားတာကို အများပြည်သူလူထုနဲ့တိုင်းပြည်က ပေအဖြစ်နဲ့ကျေကျေနပ်နပ်ခံပေးနေဖို့လား

စစ်တပ် စစ်အစိုးရ တိုင်းပြည်နဲ့လူထုအပေါ် ကျူးလွန်ခဲ့မှု့ မှားယွင်းခဲ့မှု့ တိုင်းပြည်မွဲတေချွတ်ခြုံကျသွားမှု့တွေအတွက် အရေးယူမှု့ စွပ်စွဲပြစ်တင်မှု့တစ်စုံတစ်ရာကတော့ တစ်ချိန်ချိန်မှာရှိကိုရှိနေရမှာပဲ  အသက်ပေးလိုက်ရသူ ဘဝပေးလိုက်ရသူတွေကမနဲမနောပဲလေ  ဒါကိုဘယ်သူကမှကြားဝင်ခွင့်လွှတ်ပေးလို့မရဘူး

အမျိုးသားရင်ကြားစေ့ရေးအတွက်ပဲဆိုဆို စစ်တပ်ကိုချော့မြူရေးပဲဆိုဆို ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုဖိနှိပ်ခဲ့ ကျူးလွန်ခံခဲ့ရသမျှအတွက်ပဲ သူခွင့်လွှတ်ပေးလို့ရမယ်  သူများတွေကျူးလွန်ခံခဲ့ရသမျှတွေကို သူကလိုက်ပြီးခွင့်လွှတ်ပေးလို့မရဘူး  သူ့ရဲ့နာကျင်မှု့အတွက်ပဲသူခွင့်လွှတ်ပေးလို့ရမယ်  သူများတွေရဲ့နာကျင်မှု့ကို  အားလုံးသိမ်းကျုံးကာ သူကကိုယ်စားခွင့်လွှတ်ပေးလို့မရဘူး

ဒီပုံစံနဲ့ရှေ့ဆက်သွားနေရင် စစ်တပ်ပေးထားချက် စစ်တပ်ခင်းတဲ့လမ်း စစ်တပ်ပေးတဲ့ဘောင်ထဲကနေပဲ လုပ်နေရတဲ့ ရွှေရည်စိမ်ဒီမိုကရေစီနဲ့ ရွှေရည်စိမ်အစိုးရအဖြစ်ရှိနေတော့မှာပဲ   ပြည်သူလူထုက သူတို့ကိုယ်စား NLDကိုမဲပေးကာ တူအပ်ခဲ့တယ်  အခုထိ မထုရက်တာလိုလို မထုတတ်တာလိုလို လုပ်နေတာဟာ အံ့သြစိတ်ပျက်စရာပါ

အကုန်မရရင် လုံးဝမယူနဲ့  ဘာမှလုပ်မရရင်ပြန်ထွက်လာခဲ့ အရင်ကလိုတိုက်ပွဲပြန်ဝင်ဖို့ဦးဆောင်ပါ   လုံးဝလွတ်လပ်ရေးဖြစ်သော တင်းပြည့်ကျပ်ပြည့်စံချိန်မှီဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြပါ

ဒီစစ်တပ်ရဲ့အသာစီးယူလိုတဲ့စိတ်အခြေခံနဲ့ ဘယ်စားပွဲဝိုင်းမှာမှလဲအဖြေရှာမရဘူး ဘယ်လိုငြိနိုင်းမှု့နဲ့မှလဲမရနိုင်ပါဘူး အပြတ်တိုက်မှရမယ်  နိုင်ငံရေးနည်းအရရော  လက်နက်ကိုင်တိုက်ပွဲနည်းအရပါ နည်းမျိုးစုံနဲ့အပြတ်တိုက်မှပဲရမယ်  အခံသက်သက်ဝါသနာအထုံကြီးနဲ့တော့ ရှေ့မဆက်ပါနဲ့တော့

Hlwan Wai Lwin


https://m.facebook.com/story.php?story_fbid=364735707305270&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပေဖြစ်တုန်းခံ တူဖြစ်ရင်နှံ”

Post a Comment

Related Posts Plugin for WordPress, Blogger...