Friday, December 1, 2017

NVC နှင့်ပက်သက်၍ ဆရာဦးခင်မောင်ချိုရဲ့တင်ပြချက်

,
NVC နှင့် ပတ်သက်၍ ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) ၏ တင်ပြချက်များ (အကျဉ်း)
🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳

၁။ ရည်ရွယ်ချက်
-------------------
ယင်းသက်သေခံ ကတ်ပြားများထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ -ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ၊ နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် စိစစ်နိုင်ရန် စိစစ်ဆဲကာလအတွင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ်အသိအမှတ်ပြုနိုင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။ နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူ မဟုတ်ဟု ဖော်ပြလာနိုင်ပါသည်။ အသိအမှတ်ပြုနိုင်သည် ဟူသော အချက်ကိုလည်း သတိပြုရပါမည်။

သွေးနှောများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ရာတွင် မိဘနှစ်ပါးရရှိထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားသည် ဥပဒေနှင့်အညီ မှန်ကန်စွာထုတ်ပေးထားခြင်းရှိ-မရှိ အထောက်အထားများကို စိစစ်ပြီးမှသာထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ဖြေကြားချက်သည်လည်း စိတ်ပူပန်စေမှုကို ဖြစ်ပေါ်စေပါသည်။

၂။ NVC ဆိုတာဘာလဲ ?
----------------------------
ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထပ်တွင် ဝှိုက်ကတ်ယာယီ ယာယီသက်သေခံလက်မှတ်များကို (၃၁-၃-၂၀၁၅)ရက်နေ့အထိ သတ်မှတ်လိုက်သောအခါ၊ ဝှိုက်ကတ်အပ်နှံသူများကို လက်ခံရရှိကြောင်း ပြေစာကိုသာထုတ်ပေးနိုင်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတရုံး၏အမိန့်ကြော်ငြာစာ
အမှတ် - ၃၁/၂၀၁၅ အရ ယာယီသက်သေခံလက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ်အကြံပြုရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းကော်မရှင်၏ အကြံပြုချက်အရ အစိုးရအဖွဲ့က သဘောတူပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် တို့ကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။ ဝှိုက်ကတ်အပ်နှံသူများကို NVC အစိမ်းအနုရောင်ကတ် ထုတ်ပေးရန်အတွက်သာ ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။

၃။ ၁၉၄၉၊ ၅၁ ခုနှစ် လ ဝ က ဥပဒေများ
----------------------------------------------
၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးဥပဒေနှင့်၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး နည်းဥပဒေများကိုကိုးကား၍ NVC များထုတ်ပေးလာခြင်း ဖြစ်ပါသည်။ ခုနှစ်များအရ ရှင်းပါသည်။ လွတ်လပ်ရေး ရပြီးကာစက၊ အမျိုးသားမှတ်ပုံတင်များ ထုတ်ပေးရေးနှင့် ပတ်သက်သော ဥပဒေများဖြစ်ပါသည်။

ထိုစဉ်က အမျိုးသားမှတ်ပုံတင်များ ထုတ်ပေးရာတွင် လဝကရုံးများ၌ အလုပ်များနေလျှင်၊ ယာယီကတ်ပြား ထုတ်ပေးထားပြီး၊ ရက်ပိုင်း၊ လပိုင်းအတွင်း အမျိုးသားမှတ်ပုံတင်များ ဆက်လက်ထုတ်ပေးပါသည်။ ၎င်း ယာယီကတ်ထုတ်ပေးလျှင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြောင်း အသိအမှတ်ပြုခြင်းလည်း ဖြစ်ပါသည်။ ယခု NVC ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်တွင် မြန်မာနိုင်ငံအတွင်းနေထိုင်သူဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည်ဟူသည့် အချက်ကို သတိပြုစေလိုပါသည်။

နည်းဥပဒေပုဒ်မ - ၁၂ (၁)အရ အသက် (၁၂)နှစ်ပြည့်သူကို အမျိုးသားမှတ်ပုံတင် ကတ်ပြားထုတ်ပေးပါသည်။

နည်းဥပဒေပုဒ်မ - ၁၃ (၁)အရ (က)မှတ်ပုံတင်စာရင်း နည်းလမ်းတကျပြုစုပြီးလျှင်(ခ)အရ ပျောက်ဆုံး/ပျက်စီး/မထင်ရှား၍ သက်သေခံကတ်ပြားအသစ် လျှောက်ထားလျှင်(ဂ)မှတ်ပုံတင်အရာရှိချုပ် က ယေဘုယျ သို့တည်းမဟုတ် အထူးအမိန့်ဖြင့် သီးခြားဖော်ပြသည့်အကြောင်းရှိလျှင်၊ ယာယီသက်သေခံလက်မှတ် ထုတ်ပေးနိုင်ပါသည်။ ပုဒ်မ-၁၃ (၁)အရ ထုတ်ပေးသည်ဟုဆိုလျှင် မလုံလောက်ပါ (က) (ခ) (ဂ) ဖော်ပြရန် လိုအပ်ပါသည်။

နည်းဥပဒေ - ၁၃ (၂)ကိုလည်း လေ့လာရန်လိုအပ်ပါသည်။ ယာယီသက်သေခံလက်မှတ်ကို ပုံစံ - ၃ အတိုင်း ဖြစ်ရမည်ဟု ဖော်ပြထားပါသည်။ ယခုထုတ်သော ယာယီသက်သေခံလက်မှတ်တွင် ပုံစံ - ၃ ပါ အမှတ်စဉ် (၆) မည်သည့်အတွက် ဤသက်သေခံလက်မှတ်ကို ထုတ်ပေးသည်မပါဝင်ခဲ့ပါ။ ၁၉၄၉ ခုနှစ်၊ အက်ဥပဒေပုဒ်မ - ၅ (၂) (ဂ)ပါ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်ကြောင်းကိုးကား၍ ယခု NVC ကတ်ကို ထုတ်ပေးခြင်း ဖြစ်ပါသည်။ အမှန်မှာ ပုဒ်မ-၅ (၂) (ဂ)သည်သက်သေခံ ကတ်ပြားပုံစံကို ပြဌာန်းနိုင်သည့် နည်းဥပဒေဖြစ်ပါသည်။ ထို့ကြောင့် ယခုထုတ်ပေးသည့် NVC ကတ်သည် ၎င်းဥပဒေများနှင့်ညီညွတ်မှုရှိသော ကတ်ပြားများမဟုတ်ကြောင်း ထင်ရှားပါသည်။

နည်းဥပဒေပုဒ်မ - ၁၃ (၄)ကိုလည်း သတိပြုဖို့ လိုအပ်ပါသည်။ ၎င်းပုဒ်မအရ ဝှိုက်ကတ်ကို ရုပ်သိမ်းသကဲ့သို့ NVC ကို ရုပ်သိမ်းနိုင်ပါသည်။ သက်တမ်းစေ့လျှင် နောက်အရောင်တစ်မျိုးနှင့် ကတ်လဲလှယ်နိုင်ပါသည်။ အကြိမ်ကြိမ်လဲနိုင်ပါသည်။ နောက်ဆုံး ၎င်းကတ်ပြားပေါ်မှာ
Extension Date ကို လက်ရေးနှင့်ရေး၊ လက်မှတ်ထိုးပြီး ထပ်ထုတ်နိုင်သော ဥပဒေကို ကိုးကားထားပါသည်။ မူလက ၁၉၄၉၊ ၁၉၅၁ ခုနှစ်များအရ ဆောင်ရွက်ပုံနှင့်မတူပါ။

၎။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ - ၆၅
--------------------------------------------------------
NVC ကိုင်ဆောင်သူများအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ - ၆၅ အရ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိသည်ဆိုလျှင် NVC တစ်ဆင့်ခံထားရန် မလိုအပ်ပါ။ ၎င်းဥပဒေပုဒ်မ - ၆၅ ပြဌာန်းချက်ရှိပါသည်။ ဒွိဟ သံသယမကင်းလျှင် လျှောက်ထားနိုင်သည့် ပုဒ်မဖြစ်ပါသည်။

 ပုဒ်မ - ၆၅ ။ ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ။ပြုခွင့်ရသူ ဟုတ်-မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စပေါ်ပေါက်ပါက၊ ဗဟိုအဖွဲ့သို့လျှောက်ထားနိုင်သည်။ နိုင်ငံသားအရည်အချင်းအလိုက် နိုင်/ဧည့်/ပြု တစ်မျိုးမျိုး ရရှိပါလိမ့်မည်။မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် အသိအမှတ်ပြုလျှင်၊ နိုင်/ဧည့်/ပြု တစ်မျိုးမျိုးပေးရပါလိမ့်မည်။

၅။ NVC ကို ဘာကြောင့်လက်မခံသလဲ ?
-----------------------------------------------
(၁) မြန်မာနိုင်ငံကုန်းတွင်း မြို့ကြီးများ၊ မြို့များတွင်နယ်စပ်များကဲ့သို့ နှစ်နိုင်ငံလူမျိုး ရောထွေးမှုပြဿနာ မရှိပါ။ BP ဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်/ထွက် သွားလာရန် အကြောင်း လုံးဝမရှိပါ။
(၂) ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေများတွင်NVC ကိုင်ထားပြီးမှ နိုင်ငံသားစိစစ်မှုခံယူရန် ပြဋ္ဌာန်းထားခြင်းမရှိပါ။ ယခု မြန်မာနိုင်ငံအတွင်း နိုင်/ကတ် (ပန်းရောင်) ရရှိပြီးသူများသည်လည်း NVC ကိုင်ဆောင်ပြီးမှ ရရှိခဲ့ကြသူများ မဟုတ်ကြပါ။ ယခုအခါ နိုင်ငံသားစိစစ်မှုခံယူသူအားလုံး၊ လူမျိုး/ဘာသာ မခွဲခြားဘဲ NVC ထုတ်ပေးခြင်းမဟုတ်ပါ။
(၃) ယခင် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဝှိုက်ကတ် အပ်နှံသူများကိုသာ NVC (အစိမ်းနုရောင်)ကတ်ပြားထုတ်ပေးခြင်း ဖြစ်ပါသည်။ ဝှိုက်ကတ်မကိုင်ဆောင်သူများနှင့် မသက်ဆိုင်ပါ။
(၄) နိုင်ငံသားအရည်အချင်း စိစစ်ရာတွင် အထောက်အထားပြုမှု အားနည်းလျှင် (သို့) ဒွိဟဖြစ်လျှင်လျှောက်ထားသူ (အလွှာရှင်)သည် ၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ - ၆၅ နှင့် အညီလျှောက်ထားနိုင်ခွင့်ရှိပါသည်။ ထိုသို့ဥပဒေပြဌာန်းချက် ရှင်းရှင်းရှိပါလျက်၊ တစ်ဆင့်ခံရန်မလိုအပ်ပါ။
(၅) ခရီးသွားလာခွင့်နှင့် ပတ်သက်၍ ကန့်သတ်ခံရပါလိမ့်မည်။ သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်၊ ညွှန်ကြားချက်များ ကန့်သတ်ခံရပါလိမ့်မည်။ ရခိုင်မွတ်စလင်မ်များ ရခိုင်ပြည်ပအပြင် တိုင်း/ပြည်နယ်များတွင် ခရီးသွားသကဲ့သို့ ခွင့်ပြုချက်များရယူပြီးမှ သွားရပါလိမ့်မည်။ ရခိုင်တွင်ဗီဇာယူရသည်ဟု ပြောကြပါသည်။
(၆) NVCကိုင်ထားပြီး၊ ခရီးသွားလျှင် သက်ဆိုင်ရာ လဝကများသို့ အကြောင်းကြား၊ ခွင့်ပြုချက်ရယူပြီးမှသွား၍ ရပါသည်။ အကြောင်းကြားရန် ပျက်ကွက်လျှင် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ - ၆ (၂) (၃) အရ အရေးယူခံရမည်။ ထောင်ဒဏ်နှစ်နှစ်ထိ ငွေဒဏ်ချမှတ်နိုင်ပါသည်။ ထောင်ဒဏ် နှစ်နှစ်အပြည့်ချသော အမှုအခင်းရှိနေပါပြီ။
(၇) နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူသည် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ (ဒေါ်အောင်းဆန်းစုကြည်)
(၈) အမျိုးသားမှတ်ပုံတင် (သုံးခေါက်ချိုး) ကိုင်ဆောင်သူများလည်း NVC လဲလှယ်ရန်မလိုအပ်ပါ။ (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ)
(၉) ဝှိုက်ကတ်ကို ရုပ်သိမ်းသကဲ့သို့ NVC ကို ရုပ်သိမ်းနိုင်သည်။ အကြိမ်ကြိမ်အရောင်အမျိုးမျိုးနှင့် ကတ်ပြားများလဲလှယ်နိုင်ပါသည်။ သက်တမ်း (၂)နှစ်ပြည့်လျှင် မည်သို့ဆောင်ရွက်မည်ဖြစ်ကြောင်းအာမခံချက် မရှိပါ။ ၁၉၉၅ ခုနှစ်တွင် ထုတ်ပေးသော ဝှိုက်ကတ်ကို နှစ်ပေါင်း (၂၀)ကြာပြီးမှ NVC ကတ်ထုတ်ပေးသည်ကို သတိပြုစေလိုပါသည်။
(၁၀) မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသော အစ္စလာမ်ဘာသာဝင် အများအပြားသည် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ - ၃၊ ၆၊ ၇ တို့အရ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ကြသည်။
(၁၁) NVC ကိုင်ဆောင်သူများမှ မွေးဖွားသူများလည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရနိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားနိုင်သည်ဆိုလျှင် NVC ထုတ်ပေးရန် မလိုအပ်တော့ပါ။ ၎င်းဥပဒေနှင့်အညီ လျှောက်ထားခွင့်ပြုသင့်ပါသည်။ နိုင်/ဧည့်/ပြု တစ်မျိုးမျိုး ရရှိပါလိမ့်မည်။

အချုပ်အားဖြင့် တင်ပြရလျှင်၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များကိုလေးစားလိုက်နာ၍ ပြဋ္ဌာန်းထားသော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်လျှင်၊ဥပဒေနှင့်ညီညွတ်ပါလိမ့်မည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသော အစ္စလာမ်ဘာသာဝင်အများအပြားသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ရပ်က အသိအမှတ်ပြုထားသော နိုင်ငံသားဖြစ်ပြီးသူများဖြစ်ပါသည်။ လဝက ဥပဒေများအရလည်း ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ကြ၍ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ - ၃၊ ၆၊ ၇ တို့အရ နိုင်ငံသားများ ဖြစ်ကြပါသည်။ အခြားလူမျိုး/ဘာသာဝင်များကဲ့သို့ တစ်ပြေးညီ နိုင်ငံသားစိစစ်မှု ခံယူနိုင်ကြပါသည်။

၆။ သွေးနှောဥပဒေ
---------------------------
မြန်မာနိုင်ငံတွင် သွေးနှောဥပဒေဟူ၍ ပြဌာန်းထားခြင်း မရှိပါ။  "သွေးနှော"အသုံးအနှုန်းသည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေများတွင် မပါဝင်သော ဥပဒေနှင့်မညီညွတ်သည့် အသုံးအနှုန်းဖြစ်ပါသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေးတွင် ဒဂုံ (မြောက်ပိုင်း) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က ''သွေးနှော" ဟူ၍ ဥပဒေပြဌာန်းချက် ရှိ-မရှိ မေးမြန်းချက်အပေါ် ညွှန်ကြားချက်ဖြစ်ကြောင်း ဖြေကြားထားပြီး ဖြစ်ပါသည်။ မူရင်းဥပဒေတွင် မပါဝင်လျှင် ယင်းအချက် ဥပဒေသဘောအရ ညွှန်ကြားချက် မထုတ်နိုင်ပါ။ ညွှန်ကြားချက်သည် မူလဥပဒေကို မကျော်လွန်နိုင်ပါ။

၇။ ခွဲခြားခံရခြင်း
-----------------------
ယခုအခါ နိုင်ငံသားကိစ္စနှင့် ပတ်သက်၍ အစ္စလာမ်ဘာသာဝင်များအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေပါသည်။ ကျောင်းများတွင် နိုင်/ကတ် ထုတ်ပေးရာ၌ သွေးနှောဆိုလျှင် ကျောင်းများတွင် ဆောင်ရွက်မပေးဘဲ၊ ငယ်ရွယ်သောကျောင်းသူ/သားများကို ခွဲခြားလာပါသည်။မှတ်ပုံတင်မရှိသဖြင့်၊ ဆ/မ ထုတ်၍ မရသော ဆေးကျောင်းဘွဲ့ရများ၊ ဘွဲ့လက်မှတ်မရရှိသူများ၊အသက်မွေးကျောင်း တက္ကသိုလ်များသို့ တက်ရောက်ပညာသင်ကြားခွင့် မရရှိသူများ အများအပြားရှိနေပါသည်။ NVC ထုတ်ပေးလျှင် အခြေအနေ ပိုဆိုးလာပါလိမ့်မည်။

၈။ တရားဝင်ကြေညာပေးပါ
--------------------------------------
နားလည်မှုလွဲမှားခြင်းဖြစ်သည်ဆိုလျှင် အများပြည်သူသိအောင် တရားဝင်ကြေညာပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
Cfedit  MMM

https://m.facebook.com/story.php?story_fbid=535526240131080&id=100010211252163

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ NVC နှင့်ပက်သက်၍ ဆရာဦးခင်မောင်ချိုရဲ့တင်ပြချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...