Friday, August 3, 2018

တရုတ်​ကျူး​ကျော်​စစ်​....၂

,
ဒီတတိယအကြိမ်​တရုတ်​ကျူး​ကျော်​မှုဟာ မြန်​မာနိုင်​ငံရဲ့ ပြည်​နယ်​ကြီးတစ်​ခုဖြစ်​တဲ့ အင်​မတန်​လှပတဲ့ရှမ်း​တောင်​တန်းကြီးတစ်​ခုလုံးကို ​စိုးမိုးထားလိုက်​နိုင်​တယ်​။ဒီကျူး​ကျော်​မှုမှာ ရှမ်းပြည်​နယ်​ဟာ အဓိကအခန်းက​နေပါဝင်​ပက်​သက်ခဲ့ပါတယ်​။

ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတဲ့ နာမည်နဲ့ ခေတ်သစ် မြန်မာပြည် ပေါ်ထွန်းမလာမီ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာ ၁၆၄၈ ခုနှစ်တုန်းက ရှင်ဘုရင်ဖြစ်လာတဲ့ ပင်းတလဲမင်း (မင်းရဲနန္ဒ မိတ်)ဟာ ရှင်ဘုရင်၊ ရေမြေ့ရှင် (နိုင်ငံ့ ခေါင်းဆောင်) ဆိုတာ ဘာတွေ တာဝန်ယူ ရတယ်၊ ဘာတွေ လုပ်ဖို့ လိုတယ်၊ ဘာတွေ တတ်အပ်တယ်၊ ဘာတွေ သိအပ်တယ်လို့ ဘ၀တစ်သက်လုံး တစ်ခါမှ စဉ်းစားခဲ့ဖူးပုံမရပါ။ သူ့အဖေ သာလွန်မင်းမှာ မိဖုရား မရှိဘူး။ သူ့သားသမီးနှစ်ဆယ်ရဲ့ မိခင်တွေ ဖြစ်တဲ့ မယား ၁၂ ယောက်စလုံးကို ကိုယ်လုပ်တော်လို့သာ သတ်မှတ်ခေါ်ဝေါ်ပြီး အားလုံး အဆင့်အတန်း တန်းတူထားတယ်။ သူတို့က မွေးလာတဲ့ သား ၁၁ ယောက် ရှိရာမှာ ငယ်စဉ်ကတည်းက နှစ်ယောက် ကွယ်လွန်သွားပြီး ၉ ယောက် ကြီးပြင်းလာတယ်။ သားတော် အသီးသီးဟာ မြို့စားမင်းသားတွေ ဖြစ်ကြပေမယ့် တိုင်းကြီး၊ နယ်ကြီး အပိုင်စား ပေးအပ် ခန့်ထား အုပ်ချုပ်ရတဲ့ ဘုရင်ခံတွေ မဟုတ်ဘူး။ ဒါကြောင့် နေပြည်တော် (အဖေ့မျက်စိအောက်)မှာသာ နေကြရတာပါ။

 ဘယ်စစ်မြေပြင်မှာ ဘယ်သားတော်ကြီးကို သေနာပတိအဖြစ် ဦးစီး ချီတက်စေတာဖြစ်ဖြစ်၊ တပ်တစ်တပ်နဲ့ လိုက်ပါ ချီတက်စေတာဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူး။ ဒါကြောင့် သူ့ သားတွေဟာ အင်းဝကနေ ဟံသာဝတီ၊ ဟံသာဝတီကနေ အင်းဝကို နေပြည်တော် ပြောင်းလို့ လိုက်ပါ ပြောင်းရွှေ့ရတာကလွဲပြီး ဘယ်မှ သွားဖူး၊ ရောက်ဖူးပုံလည်း မရဘူး။ ဒါကြောင့် သူ့အဖေကို ဆက်ခံတဲ့ ပင်းတလဲမင်း က “ရုံလှီဥတည်ဘွားသည် ငါ့နိုင်ငံတော်ကို အခွန်တောင်းရမည်အတွက် ရှိသလော” လို့ ဆိုပေမယ့် အဲဒီ တရုတ်ဘုရင်က အခွန်တောင်း လာတယ်ဆိုတဲ့ အရှေ့မြောက် နယ်စပ် အစွန် အဖျား တောင်တန်းပေါ်က ရှမ်းပြည်ထောင်တွေ ရှိရာကို သူကိုယ်တိုင် တစ်ခါမှ သွားမကြည့်ဘူး။ မဟာရာဇ၀င်ကြီးတွေထဲက ဖော်ပြပါရှိချက်တွေ ပေါ်မှာ ကောက်ချက် ဆွဲကြည့်တဲ့အခါ ရှင်ဘုရင် ကိုယ်တိုင် အင်အား အလုံးအရင်းနဲ့ စစ်ချီ ထွက်သွားရင် နေပြည်တော်ကို လွှဲအပ်ခဲ့ဖို့ သူ့စိတ်ထဲမှာ ယုံကြည် စိတ်ချတဲ့သူ မရှိတာ လည်း ဖြစ်နိုင်တယ်။ ဒါဖြင့် တစ်စုံတစ်ယောက် ကို ခန့်အပ် တာဝန်ပေးလိုက်ပြန်ရင်လည်း လွှဲအပ်ခံရသူ (ညီတော်တစ်ယောက်ယောက်) ရဲ့ လက်ထဲကို အင်အား အလုံးအရင်းကြီးစွာ ထည့်ပေးလိုက်ရမှာကိုလည်း စိုးရိမ်နေပုံရတယ်။

 လုံခြုံ ခိုင်ခံ့တဲ့ အုတ်မြို့ရိုးကြီး၊ တံခါးကြီးတွေနဲ့ ကျုံးနဲ့ နေပြည်တော်ကြီးထဲ မှာသာ ကိုယ့်အသက်၊ စည်းစိမ်အတွက် အာမခံချက် ရှိမယ်လို့ ထင်နေတဲ့ လူစားမျိုး ဖြစ်မှာပါ။ ၁၇ ရာစုတုန်းကတော့ တွင်းတူးချင် ရင် ပေါက်ချွန်း၊ ဂေါ်ပြား၊ တူရွင်းထက် အစွမ်းထက်တဲ့ဟာ ဘာမှ မရှိသေးဘူး။ အကယ်၍များ ၂၀ ရာစုမှာသာ ဆိုရင်တော့ လောကဓာတ်ပညာကို ကိုယ်တိုင်က နကန်း တစ်လုံးမှ မသိပေမယ့် သစ်ပင်နဲ့ ကျောက်ခဲတွေ ရောင်းလိုက်ရင် လိုဏ်ခေါင်းဖောက်တဲ့ ယန္တရားဆိုတာကြီးလောက်တော့ လွယ်လွယ် ၀ယ်လို့ ရနိုင်မှန်း သူလည်း သိမှာပါ။ အဲဒီလို ယန္တရားမျိုး အားကိုးနဲ့ နန်းတော်အောက်ကို လိုဏ်ခေါင်းတွေ ဖောက်ပြီး လေးမီတာလောက် ထူတဲ့ သံကူကွန်ကရိအောက်မှာ သူလည်း တွင်းအောင်းမယ့် ခေါင်းဆောင်ကောင်းပဲ ဖြစ်နိုင်ပါတယ်။ သတ္တိအရာမှာ စံထားရတဲ့ ဟစ်တလာတို့၊ ဆဒမ်ဟူစိန်တို့၊ ကိုဟ၀ှါတို့လို နေမှာပေါ့။

 ကျိုင်းရုံးကို နောက်ထပ် လိုက်သွားစေတဲ့ စစ်ကူ တပ်မနှစ်ခုကို ပင်းတလဲမင်းက ၁၆၅၂ ခုနှစ် နိုဝင်ဘာလဆန်းမှာ စေလွှတ်လိုက်တာပါ။ ပွင့်လင်းရာသီ အချိန်အခါကောင်း ဖြစ်တဲ့ အတွက် ခပ်သွက်သွက် ချီတက်သွားနိုင်ပါတယ် ဆိုရင်တောင် နှစ်ကုန်ခါနီးမှ ရှေ့ချီတပ်နဲ့ ပေါင်းမိနိုင်မယ်။ ဒါကြောင့် တရုတ်ပြည်ပြေး တပ်နဲ့ မိုင်းလျဉ်မှာ ပက်ပင်းတွေ့ကြတဲ့အခါ မှာတော့ နွေဦးရာသီဖြစ်နေလောက်ပြီ။ အင်းဝ တပ်တော်ကြီးဟာ ရန်သူကို မယှဉ်ပြိုင်နိုင်လို့ ဆုတ်ခွာခဲ့ရတာဖြစ်တဲ့အတွက် စစ်မြေပြင်မှာ မိမိ စိတ်ကြိုက် စီစဉ် ပြင်ဆင်ခွင့်မရနိုင်ဘူး။ အထူးသဖြင့် စုဆောင်းပြီးသား ရိက္ခာများစွာ ဆုံးရှုံးခဲ့နိုင်တယ်။ အပြန်လမ်းမှာ ဒဏ်ရာနဲ့ စစ်သည်တွေ၊ လူဖျားလူနာတွေ ပါတဲ့အပြင်၊ အင်အား လေးသောင်းကျော်အတွက် ရိက္ခာ ဖူလုံအောင် အချိန်ယူပြီး စီစဉ်ရင်း အုပ်စီး မပျက်စေဖို့ ရှေ့နောက်မှီအောင် စောင့်ရင်း ဖြည်းဖြည်းချင်း ဆုတ်ခွာရမှာဖြစ်လို့ မိုးဦးကျမှ နေပြည်တော်ကို ပြန်ရောက်နိုင်မှာပါ။ ဒါကြောင့် အာဟာရ မပြည့်စုံ၊ လုံခြုံနွေးထွေးမှု မရှိတဲ့ လမ်းမှာ ခရီးပန်းလွန်းတဲ့ စစ်သည်တွေဟာ ငှက်ဖျားလို ပြင်းထန်တဲ့ အဖျားရောဂါတွေရယ်၊ ရာသီဥတု အပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေရယ်ကြောင့် အသက် ဆုံးရှုံးကြရတာက တိုက်ပွဲမှာ ကျဆုံးတာထက် ပိုများပါလိမ့်မယ်။ တာဝန်ယူစိတ်ရှိတဲ့ ညီတော် သေနာပတိ ကိုယ်တိုင်လည်း အပြန်လမ်းမှာပဲ ကွယ်လွန်ခဲ့ရပါတယ်။

 ၁၆၅၃ ခုနှစ် ကုန်ချိန်မှာတော့ ရှင်ဘုရင်ရဲ့ ညီတော်လည်းဖြစ်၊ အပြန်အလှန် ယူထားတဲ့ ယောက်ဖလည်း ဖြစ်တဲ့ အိမ်ရှေ့မင်း ကွယ်လွန်သွားပါတယ်။ [အိမ်ရှေ့မင်းတို့ကို သင်္ဂြိုဟ်သည့်နည်း ကိုယ်တော်တိုင် လိုက်၍ သင်္ဂြိုဟ်တော်မူသည်။ တပို့တွဲလဆန်း ၁၃ ရက် သောကြာနေ့ အိမ်ရှေ့မင်း သားအကြီး နရာဇေယျကို အိမ်ရှေ့အိမ်တော်နှင့် ဝေါပလာ ရွှေချက်နှစ်စင်း၊ ခမည်းတော် အလုံးအရင်းကို ပေးတော်မူသည်။ စလင်းမြို့ကို ကံကျွေးခံရသည်] လို့ ရာဇ၀င်တော်ကြီး အားလုံးမှာ တညီတည်း ဖော်ပြထားတယ်။ ဒါဟာ မှတ်သားဖွယ်ရာ ထူးခြားကွဲလွဲတဲ့ ချီးမြှင့် အပ်နှင်းခြင်းပါပဲ။

 တကယ်တော့ အိမ်ရှေ့ ဥပရာဇာ ဆိုတာ နောက်တစ်ဆက် ထီးနန်း ဆက်ခံခွင့်ရထား ပြီးသား ဖြစ်နေတဲ့ ရှင်ဘုရင်လောင်းလျာပါ။ ဒါကြောင့် အနော်ရထာက စရေတွက်ရမှာ ဖြစ်တဲ့ ဧရာဝတီ အင်ပိုင်ယာ သမိုင်းမှာ မြန်မာ ရှင်ဘုရင် အဆက်ဆက်ဟာ မိမိ သားအကြီးကို ဖြစ်စေ၊ ညီတော်ရင်းကို ဖြစ်စေ ဥပရာဇာအဖြစ် နေရာပေးလေ့ရှိကြတယ်။ အခုလို အမေကွဲ ညီအရင်းက မွေးတဲ့ တူတော်ကို အိမ်ရှေ့မင်းရဲ့ အဆင့်အတန်းနဲ့အညီ အပ်နှင်းတယ်လို့ တစ်ကြိမ်တစ်ခါမှ မရှိဖူးဘူး။ သာလွန်မင်းဟာ သူ့အဖေ ညောင်ရမ်းမင်း နောက်ဆုံး မှာကြား ခဲ့တဲ့ အစီအစဉ်အတိုင်း လိုက်​နာပြီး အမေတူ သူ့ညီအရင်း မင်းရဲကျော်စွာကို ဥပရာဇာ ပေးပါတယ်။ ဒါပေမဲ့ မင်းရဲကျော်စွာက သူ့အရင် ကွယ်လွန်သွားတဲ့အတွက် အိမ်ရှေ့မင်းရဲ့ သားနှစ်ယောက်ထဲက တစ်ယောက်ယောက်ကို အရိုက်အရာ မအပ်နှင်းခဲ့ဘူး။ သက်ရှိထင်ရှား သူ့သား ၉ ယောက်ထဲက အသက် အကြီးဆုံး ဖြစ်တဲ့ ပင်းတလဲမင်း မင်းရဲနန္နမိတ်ကိုသာ ဥပရာဇာ နေရာပေးခဲ့တာပါ။

 ထူးခြားချက်က ပင်းတလဲမင်းရဲ့ မဟေသီ မိဖုရားကြီးဟာ ကွယ်လွန်သွားတဲ့ အိမ်ရှေ့မင်းနဲ့ အမေတူ မောင်နှမ အရင်း ဖြစ်နေတယ်။ သူတို့ဟာ သာလွန်မင်းရဲ့ ကိုယ်လု​ပ်တော် မိုးနဲ Mong Nai မင်းသမီး ခင်သက်နှင်းက မွေးတဲ့ သားနဲ့ သမီးပါ။ မဟေသီမှာ အရွယ်ရောက်တဲ့ သမီးတော်ကြီး (သီရိဘုန်းထွတ်) သာ ရှိပြီး သား မရှိဘူး။ ဒါကြောင့် ရှင်ဘုရင်ရဲ့ အမေကွဲ ညီတော် လေးယောက် ကျန်နေသေးတဲ့အနက် က အကြီးဆုံးဖြစ်တဲ့ တောင်ငူဘုရင်ခံ မင်းရဲကျော်ထင် (သခင်ညို)ကို ဥပရာဇာ နေရာပေးမှသာ အစဉ်အလာကို ထိန်းသိမ်းရာ ရောက်ပြီး မကျေနပ်ချက်တွေ ပေါ်ပေါက်လာ နိုင်မှာ မဟုတ်ပါ။ ကန့်ကွက်စရာ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိလို့ သူတစ်ပါးကြားဝင်ပြီး ခြေထိုးဖို့၊ သွေးခွဲဖို့ လမ်းစ ရှာမရနိုင်ဘူး။ အထူးသဖြင့် နရာဇေယျဟာ သား မရှိတဲ့ မဟေသီရဲ့ အမေတူ မောင်ကြီးက မွေးတဲ့ တူတော်ရင်း ဖြစ်နေတယ်။ ဒါကြောင့် ရှင်ဘုရင်ရဲ့ သဘောက အဓိက မဟုတ်ဘဲ မိဖုရားကြီးက ကြိုးကိုင်ပြီး တူကို အိမ်ရှေ့အရာပေးတယ်လို့ အဓိပ္ပာယ်သက်ရောက်နေပြီ။ ဒါကို မကျေနပ် ရင်လည်း ကန့်ကွက် ဆွေးနွေး ငြင်းခုံလို့ ရတာ မဟုတ်တဲ့အတွက် အငြိုးအတေးကြီးစွာ ဖြစ်စေတယ်။ ဒါဟာ ရေမြေ့ရှင် ထင်ရာလုပ်ဖို့ ခွင့်ပြုပေးထားသလို ဖြစ်နေတဲ့ အာရှ ပဒေသရာဇ် အာဏာရှင်စနစ်ရဲ့ ကိုယ့်တွင်း ကိုယ်တူးရာမှာ အထိရောက်ဆုံး ပေါက်ပြား ချက်ပဲ ဖြစ်ပါတယ်။

 ပင်းတလဲမင်းဟာ ထီးနန်းရတဲ့ ၁၆၄၈ ခုနှစ်မှာ အသက် ၄၁ နှစ် ရှိနေပြီ။ လူ့ဘ၀မှာ ရင့်ကျက်တည်ငြိမ်၊ မြော်မြင် ဆင်ခြင်နိုင်စွမ်း အား မြင့်မားလာပြီဖြစ်တဲ့ အရွယ်ကောင်းပါ။ နရသီဟပတေ့တို့၊ တပင်ရွှေထီးတို့လို မလိမ်မိုး မလိမ္မာနဲ့ ထင်ရာစိုင်းမယ့် အရွယ်မျိုး မဟုတ်လို့ သူလို လူကြီးသူမ လက်ထဲမတော့ နိုင်ငံတော် ပြည်အရေးသာလှမယ်လေးလို့များ ပုံသေ မမှတ်လိုက်ပါနဲ့။(အ​နော်​ရထာ ၃၃နှစ်​၊တပင်​​ရွှေထီး၁၅နှစ်​) အသက်အရွယ်နဲ့ မျှတဲ့ ဘ၀ အတွေ့အကြုံရှိဖို့ လိုသလို၊ ငါ ဘာလုပ်ရင်
 ဖြစ်နိုင်တယ်၊ မလွှဲမရှောင်သာတာ လုပ်ရတော့ မယ် ဆိုရင်လည်း မဖြစ်ဖြစ်အောင် လုပ်မယ် လို့ အတွေးအခေါ်အရ ပြင်ဆင်ပြီး၊ စိတ်ခွန်အား ဖြည့်ဆီးထားဖို့လည်း လိုပါတယ်။ အရွယ် ကောင်း၊ အချိန်အခါကောင်း ဖြစ်ရုံနဲ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်တာ မဟုတ်ပါ။

ဘာ​ကြောင့်​ပြောတာလဲဆို​တော့သူ့​ဘေးတော် မဟာဘုရင့်နောင် ဆိုရင်​ အရွယ် ရောက်စကတည်းက မနားတမ်း လှုပ်ရှား ချီတက်ရင်း၊ သက်စွန့် ကြိုးပမ်း အားထုတ်ရင်းနဲ့ပဲ အသက် ၆၆ နှစ် အထိ နေသွားရတာဖြစ်လို့ သူ့သားတော်ကြီးနန္ဒဘုရင် ထီးနန်းဆက်ခံချိန်မှာ အသက် ၄၇ နှစ်ထဲတောင် ရောက်ခဲ့ပြီ။ အဲဒီလို ရင့်ကျက်တဲ့ အရွယ်ကောင်း ဖြစ်နေပေမယ့် နန္ဒဘုရင်ဟာ နိုင်ငံတော်ကြီးကို တည်ငြိမ်အောင် ဖွံ့ဖြိုးစည်ပင်အောင် မလုပ်နိုင်ခဲ့ဘူး ဆိုတာက ပကတိ လက်တွေ့ အခိုင်အမာ ရှိနေတဲ့ သမိုင်း သက်သေပါပဲ။

 သူဟာ လူလားမမြောက်ခင်ကတည်းက စစ်မြေပြင်မှာ နေသားကျပြီးသူ ဖြစ်တယ်။ စစ်တိုက်တာကလွဲပြီး ဘာတစ်ခုမှ မကြံစည် မလှည့်ပြောင်းတတ်လို့ အင်ပိုင်ယာကြီး တစ်ခုလုံး အဖတ်ဆယ်မရအောင် ဇာတ်သိမ်း သွားရတဲ့အထိ အောင်မြင်စွာ ပြည်ဖုံးကား ချပေးခဲ့သူပါ။ နန္ဒဘုရင်ရဲ့ တူ သာလွန်မင်းက မွေးလို့ သူ့မြေးတော်တဲ့ ပင်းတလဲမင်းဟာလည်း ရင့်ကျက်စ အရွယ်ကောင်းမှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်တာပါပဲ။ ဒါပေမဲ့ သူ့ကျတော့ သူ့အဖေ “သာလွန်မင်း” က စစ်မြေပြင် တစ်ခါမှ ခေါ်မသွားလို့ စစ်အကြောင်း နားမလည်ဘူး။ ကိုယ်တိုင်လည်း စစ်မြေပြင်ကို မသွားရဲဘူး။ မလွှဲမရှောင်သာလို့ သူစေလွှတ်လိုက်တဲ့ တပ်က သေနာပတိပါ ဆုံးရှုံးပြီး တပ်ခေါက်ပြန်လာ ရတော့လည်း သူဘာဆက်လုပ်ရမှန်း မသိဘူး။

 တကယ်တော့ တိုက်ပွဲတစ်ပွဲအတွက် စစ်သည် တစ်သောင်းကျော် ဆုံးရှုံးတယ်ဆိုတာ အလွန်များပြားတဲ့ ထိခိုက်မှုပါ။ ဒါပေမဲ့ အဲဒီ အချိန်က အင်းဝ အင်ပိုင်ယာရဲ့ အင်အားနဲ့ ချိန်ထိုးရင် မပြောပလောက်ဘူးလို့ ဆိုနိုင်တယ်။ ကြီးမားတဲ့ အောင်ပွဲတစ်ခု ရဖို့အတွက်ဆိုရင် ဒီထက် သုံးလေးဆ ရင်းချင်ရင်းရစေဦး အင်းဝ က တုန်လှုပ်မှာ မဟုတ်ပါ။ ဒါပေမဲ့ ၁၆၅၃ ခုနှစ် “ရှစ်ဆောင် ပန္နား " နယ်က မုန်းလျဉ် (Mong Lian)မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ပြည်ပြေး တရုတ်တပ်နဲ့ ပထမဆုံး ရင်ဆိုင်ရတဲ့ ထိတွေ့မှု ဖြစ်တယ်။ ဒီအခြေအနေမျိုးမှာ အထိနာတယ်ဆိုတာ စစ်ဦးကျိုးတာပါပဲ။ ဒီတိုက်ပွဲဟာ အဆုံးအဖြတ် မဟုတ်သေးပေမယ့် စစ်ကြီးတစ်ခုရဲ့ အသက် တမျှ အရေးကြီးတယ်။ စစ်တို့ရဲ့ သဘော အရတော့ အောင်တံခွန်လဲရင်​ ချက်ချင်း
 ကောက်ယူပြီး ပိုမြင့်မြင့် လွှင့်ထူရမယ်။ ရွှေ့ဆိုင်းသင့်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ အချိန်ကြာသွားရင် စစ်တပ်က စိတ်ဓာတ် ကျဆင်းတဲ့ ဂယက်ဟာ ပြည်သူလူထုကိုပါ ကူးဆက်ပြီး နိုင်ငံတော် အနှံ့အပြားမှာ အားငယ် စိုးရိမ်စိတ်တွေပျံ့နှံ့သွားနိုင်တယ်။

 ဒီထက် ပိုအရေးကြီးတဲ့ တိုက်ရိုက် ထိခိုက်မှုကတော့ မဲခေါင်
 မြစ်ဝှမ်းက “ရှစ်ဆောင် ပန္နား” ရှမ်းပြည်ထောင်ဟာ ပြည်ပြေး တရုတ်တပ်ရဲ့ လက်ထဲမှာ အုပ်စီးချယ်လှယ် အနိုင်ကျင့်သမျှ ခံနေရပြီ။ နယ်ချင်း ထိစပ်နေတဲ့  ကျိုင်းတုံမှာ လုံခြုံမှု မရှိနိုင်တော့ဘူး။ မြောက်ဘက် ရွှေလီ မြစ်ဝှမ်းက “မိုင်မော” ရှမ်းပြည်ထောင်လည်း ဖရိုဖရဲ ဖြစ်ပြီး အကာ အကွယ်မဲ့သွားတဲ့အတွက် သိန္နီမှာလည်း စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားပြီ။ ပြည်သူလူထုလည်း နီးစပ်တဲ့ လုံခြုံရာရှာပြီး ပြေးလွှား ပုန်းရှောင်ကြရမှာပဲ။

ကျုံးနဲ့ အုတ်မြို့ရိုးကြီး အတွင်းမှာ နေကြရတာ မဟုတ်တဲ့ ကျေးလက်က ပြည်သူတွေ အဖို့တော့ အလုံးအရင်း ကြီးစွာနဲ့ အဝေးက ချီလာတဲ့ လူမျိုးခြား စစ်တပ်ကြီး တစ်တပ် ကိုယ့်ရပ်ရွာကို ဖြတ်သန်းသွားတာထက် စစ်ရှုံးပြီး တပ်ပျက် ပြိုကွဲ ထွက်လာတဲ့ လက်နက်ကိုင် အုပ်စုတွေ၊ တပ်ပြေးတွေက ပိုကြောက်စရာကောင်းကြောင်း ခေတ်အဆက်ဆက်၊ ထပ်ဖန်တလဲလဲ သိခွင့် ရခဲ့ကြပြီးသားပါ။ မြန်မာ့ တောင်တန်းတွေ ပေါ်မှာတော့ “ခွေးအ” တစ်အုပ်ထက် ဆိုးတဲ့ လက်နက်ကိုင် အုပ်စုငယ်တွေကို ကြောက်လို့ ရပ်ရွာကို စွန့်ခွာ ပြေးရတဲ့ ဒုက္ခ ဒီနေ့အထိလည်း ခံစားနေကြရဆဲပါပဲ။ ဒီအဖြစ်​ပျက်​​တွေကို အမြဲတမ်းကြုံ သလို​ပြောပြ​နေတတ်​တဲ့ ရှမ်းအမျိုးသမီး​ရဲ့ ရင်​ထဲမှာ ဗမာတပ်​ကိုဘယ်​​လောက်​မုန်း​နေတယ်​ဆိုတာ နား​ထောင်​​နေတဲ့ကိုယ့်ပါလာရိုက်​ခတ်​မိတဲ့အထိပဲ။

 ပင်းတလဲမင်း ကတော့ သူလည်း တစ်ခါမှ မရောက်ဖူးတဲ့၊ ဒီလောက် ဝေးလံတဲ့ ရှမ်းပြည်ထောင်တွေမှာ ဖြစ်ပျက်သမျှဟာ သူနဲ့ မဆိုင်ဘူးလို့ သဘောထားလေသလား၊ စစ်ဦး ကျိုးလာခဲ့တာကိုလည်း ပြီးခဲ့တာ ပြီးပြီ ဘယ်တတ်နိုင်မလဲလို့ ယူဆတာများ ဖြစ်လေ မလားပဲ။ တကယ်တော့ ရှင်ဘုရင် ကိုယ်တိုင်က ဘာဆက်လုပ်ရမှန်းကို မသိတာပါ။ ခန့်မှန်း ကြည့်ရသလောက်တော့ သူဟာ နေပြည်တော် မှာပဲ နေဖူးတဲ့အတွက် သူ့အဖေ လက်ထက် တစ်လျှောက်လုံး နေပြည်တော်မှာ လုပ်ခဲ့သမျှ မင်းခမ်းမင်းနားနဲ့ ပွဲလမ်းသဘင် ကျင်းပပုံ တွေကို ဘယ်သူမှ သင်ပြစရာ မလိုဘဲ အလွတ် ရနေပြီးသား ဖြစ်နိုင်တယ်။ ဒါကြောင့် သူ မသိတဲ့ စစ်ရေး၊ နိုင်ငံရေးတွေကို မေ့ထား လိုက်ပြီး သူ တတ်သိ ကျွမ်းကျင်တာတွေ ပေါ်မှာပဲ စိတ်ဝင်စားတာ တွေ့ရတယ်။ စစ်ကိုင်းက ဘုံသာတုလွတ်ကျောင်း၊ အင်းဝက ငါးထပ်ကျောင်း စတဲ့ ကျောင်းတိုက် ကြီးတွေ တည်ဆောက်ပြီး ဆရာတော်တွေကို ကိုယ်တိုင် တင်လှူတာ၊ နန်းတော်ထဲမှာ တပင်တိုင် နန်းဆောက်ဖို့ စီစဉ်တာ၊ နန်းတော် ထဲမှာ အခမ်းအနား ကြီးကျယ်စွာ ကျင်းပပြီး သမီးတော်ကြီး သီရိဘုန်းထွတ်ကို တူတော် စလင်းမင်းကြီးနဲ့ ထိမ်းမြားပေးတာ၊ ဘကြီးတော် အနောက်ဘက်လွန်ရဲ့ မိဖုရားကြီး “အတုလစန္ဒာ ဒေ၀ီ” ကွယ်လွန်လို့ မိဖုရားကြီးတို့ အဆင့် အတန်းနဲ့အညီ သင်္ဂြိုဟ်တာတို့ စသည်ဖြင့် သာရေး၊ နာရေး၊ အလှူအတန်းနဲ့ အစဉ်အလာ ရာသီပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ ကိုသာ အားတက်သရော စီစဉ် ဆောင်ရွက် နေတာ တွေ့ရတယ်။ ဒီလိုနဲ့ ကျိုင်းရုံး မှာ စစ်ရှုံးခဲ့ပြီးနောက် ခြောက်နှစ်ကြာတဲ့အခါ ၁၆၅၈ ခုနှစ် ကုန်ခါနီးမှာတော့ ပင်းတလဲမင်း လို ပြီးခဲ့တာတွေ ပြီးပါစေတော့လို့ သဘော မထားနိုင်တဲ့ မန်ချူးရှင်ဘုရင် က စေလွှတ် လိုက်တဲ့ တပ်တော်ကြီး တစ်ခုဟာ ရန်ဆူး ရန်ငြောင့်ကို အပြီးသတ်နုတ်ဖို့ မြန်မာ့နယ်စပ် က တရုတ်ပြည်ပြေး အခြေစိုက်စခန်းကို ဦးတည် တိုက်ခိုက်လာပါတော့တယ်။

 ရုံလိ လည်း ရှိသမျှ လက်ကျန် တပ်အင်အားနဲ့ စုရုံး ခုခံနေဆဲမှာ “မိုင်းဆည်” ကို စွန့်ခွာပြီး တာပိန်မြစ်ကြောင်း လမ်းကနေ “ဗန်းမော်” နယ်ထဲကို ပြေးဝင်ခဲ့ရတယ်။ အဲဒီ အချိန်ကစပြီး တရုတ်နန်းကျ ဘုရင်ဟာ ရွေးစရာ ပြန်လမ်း မရှိတော့တဲ့ ဘ၀ကို ရောက်သွားပါပြီ။ ပင်းတလဲမင်းကိုယ်တိုင်ကတော့ ရှေ့ဆက် ဘာလုပ်ရမှန်းမသိ၊ ပြတ်ပြတ်သားသား လည်း မလုပ်ဝံ့လို့ သာရေး၊ နာရေး၊ ဘာသာရေး တွေ လုပ်ပြနေရပေမယ့် မလွှဲမရှောင်သာလို့ သူ့တိုင်းပြည်ထဲ ပြေးဝင်လာရတော့မယ် “ရုံလိ” ကတော့ အင်းဝရဲ့ အင်အားကို မခန့်လေးစား မလုပ်ဝံ့ဘူး။ သူ့နောက်ပါ တပ်နဲ့တကွ ၀င်သွားလျှင် အင်းဝက ဆီးကြိုတိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် ၁၆၅၈ ခုနှစ် ကုန်ခါနီးမှာ အတွင်းတော်သားတွေ၊ ငယ်ကျွန်တော်တွေ၊ “မိုင်းဆည်” စားနဲ့တကွ နောက်ပါ အရင်းအချာ တွေပါ ခေါ်ယူပြီး လူ ခုနစ်ရာလောက်နဲ့သာ ဗန်းမော် စော်ဘွားဆီမှာ လက်နက်ချ ၀င်ရောက် လာပါတော့တယ်။ ပင်းတလဲ မင်းကလည်း လက်နက်ချရင် ဖောင်တွေ ကောင်းမွန်စွာ လုပ်ပြီး တရုတ်နန်းကျ ဘုရင်ကို နောက်ပါ အခြွေအရံနဲ့တကွ ဧရာဝတီမြစ်ကြောင်းကနေ ခေါ်ယူလာစေလို့ ဆုံးဖြတ်ပြန်ကြားလိုက် ပါတယ်။

ဒါဟာ ၁၆၀၁ ခုနှစ်တုန်းက ရခိုင်နဲ့ တောင်ငူကြား ဆက်သွယ်ရေး လမ်းကြောင်း လုံခြုံစေဖို့ သန်လျင်မှာ ရခိုင်က တပ်စွဲထားမှ ဖြစ်မယ်ဆိုတဲ့ တောင်းဆိုချက်ကို “တောင်ငူ ရွှေနန်းတည်မင်း” က ချက်ချင်း လက်ခံ သဘောတူလိုက်တာထက် ပိုဆိုးတဲ့ ဆင်ခြင်တုံတရား ကင်းမဲ့မှုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အင်အား ငါးသောင်း ခန့်ရှိတဲ့ ကိုယ့်စစ်တပ်နဲ့ ချီတက် နှိမ်နင်းလို့ မနိုင်တဲ့ ပြည်ပြေး ရှင်ဘုရင်ကို ခိုလှုံခွင့် ပေးလိုက်တယ် ဆိုတာဟာ အထဲမှာ မြွေပွေး တစ်ကောင်မက ပါနေတဲ့ ပြဿနာထုပ်ကြီးကို အေးအေးဆေးဆေး ခါးပိုက်ထဲ ကောက်   ထည့် လိုက်တာနဲ့ အတူတူပါပဲ။ အဲဒီ တရုတ်ဘုရင် “ရုံလိ” နဲ့ သူ့နောက်ပါ စစ်တပ် တွေ ကိုယ့်တိုင်းပြည်ထဲကို ဖရိုဖရဲ ပြေးဝင်လာ ရ လောက်အောင် နောက်က လိုက်လံ ချေမှုန်းနေတဲ့ မန်ချူးအင်အားကို ဘယ်သူ မဆို အလွယ်တကူ မှန်းဆကြည့်လို့ ရပါတယ်။  ဒါဖြင့် ရုံလိ ကို လက်ခံလိုက်ရင်​ အဲဒီ မန်ချူးတပ်တော်ကြီး တစ်ခုလုံးကို ကိုယ်က ထမင်းခေါ်ကျွေးချင်လွန်းလို့ ဖိတ်စာကမ်းလိုက် သလို ဖြစ်သွားပြီပေါ့။ အင်းဝ ရှင်ဘုရင်ဟာ ဒါ​လေးတောင်​ မစဉ်းစားမိဘူးဆိုတာ ဟုတ်ပါ့မလားလို့တောင် ထင်စရာ ရှိပါတယ်။

လောလောလတ်လတ် ရင်ဆိုင်လိုက်ရတဲ့ ပြဿနာကတော့ မျှော်လင့်နိုင်တာထက် ပိုဆိုးပါသေးတယ်။ ရုံလိနဲ့ နောက်ပါအဖွဲ့ ဗန်းမော်ကနေ ဧရာဝတီကို စုန်ဆင်းသွား ပြီးတာနဲ့၊ နောက်က သူ့တပ် လက်ကျန် ရှိသမျှဟာလည်း သိန္နိ၊ သီပေါလမ်းကြောင်း တစ်လျှောက် မြင်မြင်သမျှ လုယက် စားသောက်ရင်း မြန်မာပြည် အလယ်ပိုင်းကို စုန်ဆင်းလာကြတာပါပဲ။ အမြော်အမြင်နည်းပြီး ကြောင်းကျိုး ဆက်စပ် မတွေးတတ်တဲ့ ရှင်ဘုရင်ရဲ့ အဆုံးအဖြတ် အမှားကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း တစ်ခွင်လုံးကို ၁၆၅၉ ခုနှစ်ဆန်းမှာ  ပြည်ပြေး တရုတ်တို့ လက်ထဲ ထိုးအပ်လိုက် ပြီးသား ဖြစ်သွားရတယ်။ နောက်ထပ် နှစ်ပေါင်း သုံးရာတိတိ ကြာတဲ့ ၁၉၅၉ခုနှစ်​အခါသမယမှာ ပြည်တွင်းစစ်နဲ့တကွ နိုင်ငံရေး ပဋိပက္ခပေါင်း များစွာ ကြားမှာ ချောင်ပိတ်မိနေတဲ့ နိုင်ငံခေါင်းဆောင်ကြီးဟာ ဆယ်နှစ်ပြည့်ပြီဖြစ်တဲ့ ဖက်ဒရယ် (Federal) ပြဿနာကို ရင်ဆိုင် မရှင်းဝံ့လို့ ကိုယ်စား တာဝန်ယူ ရှင်းလင်းဖို့ ၁၉၅၈ ခုနှစ် ကုန်ခါနီးမှာ စစ်တပ် အကြီးအကဲကို တရားဝင် လွှဲအပ် လိုက်တယ်။ အိမ်စောင့် အစိုးရဆိုတဲ့ နာမည်နဲ့ စစ်ခေါင်းဆောင်က ၀န်ကြီးချုပ် ဖြစ်လာတဲ့ အခါ ၁၉၅၉ ခုနှစ်ဆန်းမှာ ပထမဆုံး ထင်ရှားစွာ တွေ့ရတဲ့ အပြောင်းအလဲကတော့၊ လက်ကျန် ရှိသမျှ ရှမ်းလူမျိုးစု ခေါင်းဆောင် (စော်ဘွား) အားလုံးရဲ့ အာဏာနဲ့ နိုင်ငံရေးအရ ပါဝင်ခွင့် အားလုံးကို ရုပ်သိမ်းခံလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ ပုဂံ နေပြည်တော်နဲ့ ခေတ်ပြိုင်တည်ရှိလာပြီး မြန်မာပြည်ကို တည်ဆောက်ရာမှာ ထောင်စုနှစ် တစ်ခုနီးပါး အရေးပါတဲ့ အခန်းက ပါဝင်ခဲ့ ကြတဲ့ ရှမ်းပြည်ထောင် အားလုံးရဲ့ တည်ရှိခွင့် ဟာလည်း အဲဒီအချိန်ကစလို့ မှိန်ဖျော့ ပျောက်ကွယ်သွားရပါတော့တယ်။    

ရှမ်းပြည်​ဆိုတာ   ၆၀၁၅၅ဧရိယာစတုရန်းမိုင်​ကျယ်​၀န်းတဲ့
မြန်​မာပြည်​ရဲ့ တိုင်းနဲ့ပြည်​နယ်​၁၄ခုမှအကြီးဆုံးပြည်​နယ်
ကြီးပါ။မြန်​မာပြည်​ရဲ့ အ​ရှေ့ ပိုင်းမှာတည်​ရှိပြီး ကချင်​၊စစ်​ကိုင်း၊မန္တ​လေး၊ကရင်​၊ကယား၊ထိုင်း၊လာအို၊တရုတ်​တို့နဲ့ နယ်​နိမိတ်​ချင်းထိစပ်​​နေတဲ့ပြည်​​ထောင်​ကြီးပါ။မြို့နယ်​စုစု​ပေါင်း၅၅မြို့နယ်​နဲ့မြန်​မာပြည်​မှာမြို့နယ်​အများဆုံးပြည်​နယ်​လည်းဖြစ်​တယ်​။မြန်​မာပြည်​မှာ သဘာဝအလှတရား​တွေပြ​ည့်နှက်​​နေတဲ့ပြည်​နယ်​ကြီးတစ်​ခုဖြစ်​ပါတယ်​။ဥ​ရောပသွားမလားရှမ်းပြည်​သွားမလားလို့စာ​ရေးသူကို​မေးရင်​ရှမ်းပြည်​သွားမယ်​လို့
ပဲ​ဖြေရပါလိမ့်မယ်​။အပိုဆာဒါ​ပြော​နေတယ်​မထင်​နဲ့။အဲဒီရှမ်းပြည်​ဟာဗမာအစိုးရလက်​ထက်​​ရောက်​မှ တိုင်းရင်းသားရှမ်းလက်​နက်​ကိုင်​​တွေကိုနှိမ်​နင်းရလွယ်​ကူ​အောင်​ စစ်​တိုင်းကြီး၃တိုင်းခွဲပြီး ​တောင်​ကြီး၊လားရှိုး၊ကျိုင်းတုံ လို့ သတ်​မှတ်​ခါ စစ်​ဋ္ဌာနချုပ်​တည်​တပ်​ထိုင်​ခဲ့တာဖြစ်​တယ်​။စကားအလှ​ပြောရရင်​အုပ်​ချုပ်​ရလွယ်​ကူ​အောင်​​ပေါ့။အဲဒီပြည်​နယ်​ကြီးနဲ့​ဒေသခံ​တွေသမိုင်းမှာ ​ခေတ်​အဆက်​ဆက်​ နှစ်​တစ်​​ထောင်​​တောက်​​လျှောက်​ ဗမာ​​တွေရဲ့ အင်​အားတက်​လာတိုင်း တက်​အနိုင်​ကျင့်သမျှ ခံခဲ့ရတဲ့သနားစရာ ​ဒေသကြီးပါပဲ။မြေပြန့်​မှာအင်​အားတက်​လာတဲ့ပ​ဒေသရာဇ်​ဟာ လက်​ယားလာတိုင်း ရှမ်း​တောင်​တန်း​ပေါ်ကိုတက်​ပြီး ဒုက္ခ​ပေး​တော့တာပဲ။ဒါအ​နော်​ရထာက​နေ ယ​နေ့အထိဖြစ်​ပွားေ​နေဆဲပါပဲ။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=149199719292843&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရုတ်​ကျူး​ကျော်​စစ်​....၂”

Post a Comment

Related Posts Plugin for WordPress, Blogger...