Friday, August 3, 2018

တရုတ်​ကျူး​ကျော်​မှု ---Nay ZinLatt

,
အေဒီ၁၆၅၈ခုနှစ်​မှာ မဂိုအင်​ပါယာဧကရာဇ်​ ​အော်​ရမ်​ဇိဗ်
 ရဲ့ တပ်​ဟာ မဂိုမင်းသားရှားရှူ ဂျာကိစ္စနဲ့ပက်​သက်​ပြီး ရခိုင်​ကိုစစ်​ဆင်​​တော့ စစ်​တ​ကောင်းကျဆုံးသွားတယ်​။စစ်​တ​ကောင်းကျဆုံးခြင်းဟာ ရခိုင်​အင်​ပါယာကျဆုံးခြင်းကိုဖြစ်​​စေခဲ့တယ်​။အဲဒီအချိန်​ရခိုင်​ကလည်း ​ပေါ်တူဂီ​တွေနဲ့​ပေါင်းပြီး
 ကျွန်​အ​ရောင်းအ၀ယ်​လုပ်​​နေချိန်​။မဂိုဧကရာဇ်
 ရှာဂျဟန်းက သူ့မိန်းမ မွန်​တဂ်ျ​မဟာရ်​ရဲ့ စိတ်​နဲ့
 တိုင်း​ရေးပြည်​မှု​တွေလစ်​ဟင်းလာပြီး သူ့သားကြီး ​အော်​ရမ်​ဇိဗ်​က အ​ဖေကို​ထောင်​ထဲထည့်ပြီးနန်းယူလိုက်​တယ်​။အော်​ရမ်​ဇိဗ်​ကလည်း ညီ​တွေကို သတ်​ပြီးနန်းတက်​လာတယ်​။သူ့အ​ဖေ ရှာဂျဟန်းလည်း ​ထောင်​ထဲမှာ ၇နှစ်​အကြာ ကွယ်​လွန်​သွားတယ်​။မဂိုသမိုင်းမှာ အင်​ပါယာကိုစတင်​တည်​​ထောင်​တဲ့ ဘာဘရ်​ဘုရင်​ကြီး၊ဟူမာယွန်း၊အက္ကဘရ်​၊ဂျန်​ဂီရ်​၊ရှာဂျဟန်း၊​အော်​ရမ်​ဇိဗ်​ အသီးသီး အ​ဖေ​သေ သားတက်​ စနစ်​နဲ့ အိန္ဒိယနိုင်​ငံကို အုက်​ချုပ်​လာခဲ့ကြတာပါ။အော်​ရမ်​ဇိဗ်​ရဲ့ လက်​ထက်​မှာ ရခိုင်​​စစ်​တ​ကောင်းကိုလက်​လွှတ်​လိုက်​ရတာပါပဲ။

 ထို့အတူမြောက်ဘက်နဲ့ အရှေ့ ဘက်က တရုတ်ကလည်း မြန်မာ့ဗဟိုချက်အထိ ဖိအားပေးဝင်လာပါတော့တယ်။အေဒီ၁၆၄၆ခုနှစ်မှာ တရုတ်နိုင်ငံဟာ မန်ချူးစစ်တပ်လက်ကိုကျခဲ့ရတယ်။၁၆၄၄မှာ ဘေဂျင်းကိုသိမ်းတယ်။တရုတ်ပြေးမင်း ဧကရာဇ်ရုံလီ(Yong Li)နဲ့အတူ မင်မင်းဆက်ခေတ်က သူ့လက်အောက်ခံဘုရင်ခံနယ်စားတွေဖြစ်တဲ့ အံသီဝင်(Jing Wang)နဲ့ ကုန်ဆင်ဝင်(Gong Chang Wang)တို့လည်း နောက်ပါလက်နက်ကိုင်တပ်ကိုယ်စီနဲ့ မြန်မာ့အရှေ့ မြောက်နယ်စပ်အနီးက မိုင်းဆည် ရောက်အောင် ၁၆၅၀ခုနှစ်ကတည်းကပြေးခဲ့ကြတာဖြစ်တယ်။သူတို့ မိုင်းဆည်ရောက်ပြီးမကြာခင် နောက်ကချေမှုန်းဖို့လိုက်လာတဲ့ တပ်ကလည်း မင်မင်းဆက်ခေတ် စစ်သူကြီးပဲ ဖြစ်တဲ့ ဝူဆန်ကွေ့(Wu-San-Gui)ဖြစ်တယ်။သို့သော် သူက ယူနန်ပြည်နယ်မြို့တော် ကူမင်းမှာရပ်တန့်ပြီး မန်ချူးဧကရာဇ်ရဲ့ အမိန့်တော်နဲ့တပ်ကူကို စောင့်နေရတယ်။ဒါဟာ ရုံလီအတွက် အချိန်လုံလောက်သွားစေတယ်။ရုံလီနဲ့သူ့တပ်ဟာ မိုင်းဆည်ကိုအခြေပြု ပြီး မလှမ်းမကမ်းမှာရှိတဲ့ မြန်မာပိုင်နက်ထဲက ရှမ်းပြည်ထောင်အချို့ဆီက အခွန်တောင်းတာ ၊စစ်သားစုဆောင်းတာတွေလုပ်ခွင့် ရသွားတယ်။အတော်အတန်လည်းအင်အားပြည်ဖြိုး လာခဲ့တယ်။

သို့သော် အဲ့ဒီနောက် ၉နှစ်အကြာမှာတော့ စစ်ကူအင်အားနဲ့တကွ အပြီးသတ်ချေမှုန်းဖို့ အမိန့်ရပြီ ဖြစ်တဲ့ ဝူဆန်ကွေ့ဟာ ယူနန်မြို့တော်ကနေ အနောက်ဘက်ကို အလုံးအရင်းကြီးစွာနဲ့ ၁၆၅၈ခုနှစ်မှာ ချီတက်လာပါတော့တယ်။

[ ဒေါက်တာသန်းမြင့်ဦးက
၁၆၅၈ခုနှစ်တွင် ဂွီမင်းသားတပ်များသည်(တရုတ်ပြေးမင်း)နောက်ဆုံးအကြိမ်တန်ဂျူးနယ်စပ်မြို့ကလေး တွင် ခုခံတိုက်ခိုက်​ပြီး တောင်ကုန်းများကိုဖြတ်ကျော်ကာ မြန်မာဘုရင့်နယ်နိမိတ်သို့ ဝင်ရောက်သည်]

ဦးကုလားမဟာရာဇဝင်မှာ
(မိုင်းဆည်မြိုတွင်နေသော ရုံလီဥတည်ဘွားကို တရုတ်တို့ကတိုက်လေသည်။အင်အားကြီးလှသော
ကြောင့်မခံနိုင်၍ ပျက်လျှင် ရုံလီဥတည်ဘွားလည်း အံသီဝင်၊သေဉ်သွေဝင်းတို့ကို နောက်ခံထား၍ မိုင်းမျဉ်း
သို့နေလာသည်) လို့ဖော်ပြထားတယ်။

ဒီအကြောင်းနဲ့ပက်သက်ပြီး မြန်မာရာဇဝင်ဆောင်းပါးရှင် ကိုနိုင်ထိုက်က မခံနိုင်၍ ပျက်လျှင်ဆိုတာမိုင်းဆည်ကနေခုခံတာမဖြစ်နိုင်ဘူးလို့ဆိုတယ်။သူက အကယ်၍ မိုင်းဆည်က မှာ လူသွင်း၊ရိက္ခာသွင်းပြီး အခိုင်အမာပြင်ဆင်ခုခံမယ်ဆိုရင် အင်အားသာတဲ့ရန်သူ့တပ်က ဝိုင်းပတ်ပိတ်ဆို့(Seige)လုပ်ပြီး ထိုးစစ်ဆင်မှာသေချာတယ်။ခံစစ်စည်းကျိုးပေါက်ပြီ ဆိုရင်တော့ ထွက်ပြေးဖို့မဖြစ်နိုင်တော့ဘူး။ဒါကြောင့် ကိုနိုင်ထိုက်က ရုံလီမိသားစုနဲ့အတွင်းတော်သားတွေ အရင်ဆုတ်ခွာပြီးမှ စစ်သူကြီးနှစ်ယောက်ဟာ ကိုယ်စီတပ်အသီးသီးနဲ့ ခွာစစ်ဆင်ခုခံခဲ့ကြတာဖြစ်မယ်လို့သုံးသပ်တင်ပြထားတယ်။မိုင်းမျဉ်းကနေ ဗန်းမော် ကိုဦးတည်မယ်။ဒါဟာ ဧရာဝတီကိုရောက်ဖို့ အလွယ်ကူဆုံးကုန်သွယ်ရေး လမ်းကြောင်းပါပဲ။ဖြတ်သန်းချီတက်ဖို့အင်မတန်လွယ်ကူတဲ့ တောင်ကြားလမ်းပါ။နောက်ကလိုက်လာတဲ့တပ်အတွက်ကတော့ လက်နက်ရိက္ခာအပြည့်အစုံနဲ့ ဖြတ်သန်းချီရမှာမို့ ခက်ခဲ တဲ့လမ်းကြောင်းဖြစ်နေတဲ့အပြင် သူတို့မရောက်ဖူးတဲ့ မြန်မာပြည်အကြောင်းလည်းမသိတာ
ကြောင့် ခက်ခဲစေပြန်တယ်။အရင်ဆုတ်သွားတဲ့ ကုန်ဆင်ဝင်ရဲ့ တပ်ဟာ ရွှေလီမြစ်ကြောင်းကတစ်ဆင့် ရှမ်းပြည်နယ်အနောက်ခြမ်းကိုဖြတ်သန်းပြီး အင်းဝနေပြည်တော်ရှိရာတောင်ဘက်ဗလိုလွင်ပြင်ထဲကိုဆင်းလာခဲ့တယ်။နောက်ကျန်တဲ့ အံသီဝင် ရဲ့ တပ်ဟာသံလွင်လက်ယာဘက်ကမ်းတစ်လျှောက် တောင်ဘက်ကိုဆုတ်လာပြီး ရိက္ခာဖူလုံမယ့် နမ့်စန်(Nam Kyan)လွင်ပြင်ရှိရာ အနောက်တောင်ကိုဦးတည်ဆင်းလာကြတာဖြစ်နိုင်ပြီးဒါကြောင့်မို့သာ တံတားဦးကနေဆုတ်သွားတဲ့ ကုန်ဆင်ဝင်တို့မိုးနဲကိုရောက်ပြီး မကြာခင်အံသီဝင်တို့လည်း မိုးနဲကိုလာရောက်ပူးပေါင်းနိုင်တာပါဆိုပြီး Logically သုံးသပ်တင်ပြခဲ့တာ မှတ်​သားဖူးတယ်​။

အဲဒီအချိန် အင်းဝရွှေနန်းရှင် ပင်းတလဲမင်းဟာ  အနောက်ဝန်နန္ဒသူကို ဝန်ရှင်တော်အဖြစ် ရွေးချယ်ခန့်ထားလိုက်တယ်။အနောက်ဝန်ဆိုတာ မိန်းမတွေအကြောင်းကို အကဲခတ်စပ်စုနေရသူပါ။ရာချီတဲ့ အဲဒီမိန်းမတွေအားလုံးကလည်း ခမ်းနားလှတဲ့အကျဉ်းထောင်ထဲမှာ သဘာဝရမ္မက်ကိုလွန်ဆန်ပြီး ထိန်းချုပ်ခံနေရလို့ ဘယ်လိုမှနေမထိထိုင်မသာ ဖြစ်နေကြရတဲ့ဘဝပါ။ဆိုတော့ ရေရှည်မှာ မိန်းမလိုတွေး၊မိန်းမလိုခံစား၊မိန်းမလိုရင်ခုန်တက်စရာရှိနိုင်တဲ့ ရာထူးကြီးပါ။အဲဒီလူကို ကျဆုံးသွားတဲ့ ဝန် ရှင်တော် သီရိဇေယျကျော်ထင် နေရာမှာအစားထိုးပြီး အနောက်ဝန် နန္ဒသူကို ရွှေးချယ်ခန့်အပ်လိုက်တာပဲ ဖြစ်တယ်။

အာရှပဒေသရာဇ်တော်တော်များများရဲ့ စည်းစိမ်ဟာ မိန်းမပါ။ဒါကြောင့်ဧကရာဇ်ဘုရင်ကြီးမှာ မယားများများရှိနေတာဖြစ်တယ်။ဒါဟာလည်း အာရှ အခြေပြု ယဉ်ကျေးမှုဘိုးအေကြီးတွေဖြစ်တဲ့ တရုတ်နဲ့ကုလား(India)ကနေ တစ်ဆင့် လက်ခံကူးယူထားတာဖြစ်တယ်။မြန်မာဆိုတာ တကယ်တော့ အဲ့ဒီလူမျိုးနှစ်မျိုးစလုံးနဲ့မဆိုင်တဲ့ သီးခြား ဗီဇ ဇစ်မြစ်ကနေ ဆင်းသက်လာတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ယနေ့ မနုဿ     ဗေဒနဲ့ရှေးဟောင်းသုတေသနက အတည်ပြု ထားပြီးသားဖြစ်ပါတယ်။ဒါကြောင့် ယနေ့အစဉ်အလာတွေဖြစ်နေတဲ့ တရုတ်မလိုင်နဲ့ကုလားမလိုင်တွေရဲ့ မျက်နှာပြင်အောက်ကို ထိုးဆင်းမွှေနှောက်ရှာရင် တကယ့်ဗီဇပါ အမျိုးသားစရိုက်လက္ခဏာတစ်ချို့ကို တွေ့နိုင်ကောင်းပါတယ်။အပေါ်ယံကုလားဟာတွေ၊တရုတ်ဟာတွေကို အမျိုးသားရေးအိုင်ဒီယာစ်တွေအဖြစ် စိတ်ကူးယဉ်ပုံဖော်နေလို့သာ အစစ်အမှန်တရားကဝေးနေတာဖြစ်တယ်။

ယနေ့အစိုးရဖွဲ့စည်းပုံမှာ ဝန်ကြီးများစွာရဲ့ အထက်မှာ တစ်ဆင့်မြင့်တာ ဒုတိယဝန်ကြီးနဲ့ဝန်ကြီးချုပ် ဆိုတာရှိသလိုပဲ သူတို့ပဒေသရာဇ်ခေတ်တုန်းက လည်း ဝန်ရှင်တော်တွေရှိတယ်။ထိပ်ဆုံးမှာဘုရင်မင်းမြတ်ဆိုတဲ့အာဏာရှင်ရှိတယ်။ဒီနေ့ခေတ်နဲ့မတူတာက ဘုရင့်အစိုးရဝန်တွေထဲမှာ
စစ်ဘက်ဆိုင်ရာရာထူးတွေပါခွဲခြားသတ်မှတ်ထားတာပါ။ဥပမာ ဒိုင်းဝန်၊သေနတ်ဝန်၊လှေသင်းဝန်၊မြင်းစုဝန်ကြီး၊စသဖြင့် ရှိကြတာမှန်ပေမဲ့ အဲ့ဒီဝန်တွေဟာ သက်ဆိုင်ရာ
တပ်ကို အမြဲတမ်းတာဝန်ယူရတာမဟုတ်ဘူး။ဘာလို့ဆိုတော့ စစ်တပ်ရာထူးဖြစ်တဲ့ အကြပ်၊တပ်သား၊အရာရှိ ဘာညာအားလုံးဟာ သတ်မှတ်ထားတာရှိပေမဲ့ ကိုယ့်လယ်ကိုယ်လုပ်စားနေကြတာဖြစ်လို့ တပ်အနေနဲ့ မရှိဘူး။Standing Army မဟုတ်ဘူး။လိုအပ်တဲ့အချိန်ရောက်မှလိုအပ်သလို ဆင့်ဆိုပြီး စုဆောင်းတာဖြစ်တယ်။ဒါကြောင့်စစ်ဘက်ဆိုင်ရာဝန်တွေဟာလည်း နေပြည်တော်မှာနေပြီး အုပ်ချုပ်ရေးမှာပါဝင်ပက်သက်နေကြရတာဖြစ်တယ်။သူတို့အထက်က ဝန်ရှင်တော်ဆိုတာ အများအားဖြင့် သုံးယောက်ထားလေ့ရှိတယ်။သူတို့ဟာ ဒုတိယဝန်ကြီးချုပ်ဆိုလည်းဟုတ်၊တရားသူကြီးချုပ်၊စရင်းစစ်ချုပ်၊အပြင် ဧကရာဇ်ရဲ့ သီးသန့်အကြံပေးအဖွဲ့ဝင်တွေ၊စစ်ဘက်လက်ထောက်တွေဆိုရင်လည်း မမှားဘူး။ပြောချင်တာက ညောင်ရမ်းခေတ်ဝန်ရှင်တော်ဆိုတာ အင်မတန်တာဝန်ကြီးတဲ့ ရာထူးဆိုတာထင်ရှားစေချင် လို့ပါ။ဒါမှလည်း ပင်းတလဲမင်းဆိုတဲ့ အာဏာရှင်ဟာ ဘယ်လောက်ညံ့ဖျင်းတယ်ဆိုတာပေါ်လွင်လာမှာမို့ပါ။

အင်အားသုံးသောင်းလောက်ရှိတဲ့ တရုတ်တပ်ဟာ ရိက္ခာကြောင့်လို့ခန့်မှန်းရတဲ့ ရန်သူ့သတ်ကွင်းဗဟို လွင်ပြင်ထဲကနေ မိုးမကျခင် ဧပြီနောက်ဆုံးပတ်မှာ ဆုတ်ခွာသွားရတယ်။အင်းဝနေပြည်တော်မှာတော့ တရုတ်ရန်ကိုကြောက်ပြီး အားကိုးပြေးဝင်လာတဲ့သူတွေ၊သာမန်ဒေသခံပြည်သူရဟန်းသံဃာတွေ၊စစ်သည်တွေ၊သမ္မာရင့်ဝန်ရှင်တော် ဇေယျကျော်ထင်ပါကျဆုံးပြီး နိုင်ငံသားတွေရဲ့ အသက်ပါစတေးလိုက်ရပါတယ်။အငတ်ငတ်အပြတ်ပြတ်ဖြစ်ကြရတယ်။ပင်းတလဲ မင်းဟာ အင်မတန်ညံ့ဖျင်းတဲ့ဘုရင်တစ်ပါးဖြစ်တယ်။ဝန်ရှင်တော် သို့မဟုတ် မင်းကြီး(ဝန်ကြီး)လို့ခေါ်တွင်တဲ့ ရာထူးကြီးအတွက် မိန်းမအခန်းကိုစပ်စုတဲ့ အနောက်ဝန်ကို ရွှေးချယ်ခန့်အပ်ဖူးတဲ့ အူကြောင်ကြားရှင်ဘုရင်ဟာ ရာဇဝင်ထဲမှာတော့ အင်းဝခေတ် ၁၆၅၉ ခုနှစ်က ပင်းတလဲ မင်းပဲရှိတယ်ဆိုတာထင်ထင်ရှားရှား တွေ့ရမြင်ရတယ်။အနောက်ဝန်ကိုဒီရာထူးပေးတော့ ဒီလူဘာအကြံဥာဏ်တွေပေးမယ်ဆိုတာ အလွယ်တကူဆက်တွေးကြပေတော့ပေါ့။အဲ့ဒီအချိန်မှာပဲ စတုရန်းကီလိုမီတာ ၂၅၀၀၀ နီးပါးကျယ်တဲ့ မိုးနဲ(Mong Nai)ရှမ်းပြည်ထောင်တစ်နေရာမှာ တရုတ်ပြည်ပြေးစစ်ကြောင်းကြီးနှစ်ခု ဆုံပြီ။သူတို့ဟာ မိုးကာလအနားယူရင်း တပ်နှစ်ခုကို တပ်ကြီးတစ်ခုအသွင် ပြန်လည်ဖွဲ့စည်းရင်းနဲ့ စပါးရိတ်သိမ်းသိုလှောင်ပြီး အသင့်ဖြစ်ချိန် အကြံနဲ့. စောင့်ဆိုင်းနေကြတာဖြစ်တယ်။အဲဒီလိုအချိန်မှာ အနောက်ဝန်နန္ဒသူကို သက်တော်ရှည်ဘွဲ့ထူးပါ ချီးမြှင့်ပြီး ဝန်ရှင်တော်အဖြစ် တာဝန်အပ်နှင်းလိုက်တဲ့ ပင်းတလဲမင်းရဲ့ လူရွှေးချယ်ပုံကို မြင်သာမယ်ထင်ပါတယ်။ဒါဟာ အနောက်မှာ ရခိုင်နဲ့ မဂိုစိန်ပြေးတမ်းကစားနေကြချိန် အရှေ့ မြောက်မှာ တရုတ်ရဲ့ ကျူးကျော်နေမှုတွေပါပဲ။

ဆက်​ပါဦးမည်​။




https://m.facebook.com/story.php?story_fbid=309440533126906&id=100021828852506

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရုတ်​ကျူး​ကျော်​မှု ---Nay ZinLatt”

Post a Comment

Related Posts Plugin for WordPress, Blogger...