Sunday, September 30, 2018

မွန်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်

,
မော်လမြိုင်၊ စက်တင်ဘာ ၂၈

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်သည်။

ဇန်ဝါရီ ၃ရက်က၀န်ကြီးချုပ်ဒေါက်တာအေးဇံနှင့်သထုံမြို့သူမြို့သားများ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပြည်နယ်တာဝန်ရှိသူများ ဆောင်ရွက်နေမှုအား ထိခိုက်စေသည်ဟုဆိုကာ သထုံမြို့နေ ဦးစောကျော်မိုး (မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးရေးရာကော်မတီဝင်) ကတရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၂၇ ရက်က သထုံမြို့နယ် တရားရုံးမှ အလုပ်နှစ် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“၀န်ကြီးချုပ်က အားမနာတမ်းပြောပါဆိုလို့ သထုံမြို့ကောင်းဖို့အတွက် မြို့ခံ ဆယ်ယောက်က ထပြီး တင်ပြကြတယ်၊ ကျွန်တော် လှုမှုကွန်ရက်မှာ ရေးသားထားတာကလဲ ၀န်ကြီးချုပ်ကို တိုက်ခိုက်လိုစိတ် မဟုတ်ဘူး၊ အပြုသဘောနဲ့ ရေးသားထားတာ ခုလိုအမိန့်ချခံရတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခံရတယ်လို့ ယူဆတယ်” ဟု ဦးအောင်ကိုကိုလွင်က ပြောသည်။

အဆိုပါ ဝန်ကြီးချုပ်နှင့် သထုံလူထု တွေ့ဆုံပွဲတွင် ဦးအောင်ကိုကိုလွင်က သထုံမြို့မဈေး လျှပ်စစ်မီး အသုံးပြုခွင့်ရရှိရေး၊ သထုံမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်း၊ ရထားလမ်းအကွေ့နားတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် အချက်ပြမီးများပြုလုပ်ပေးရန်စသည့် ကိစ္စရပ်များအား တင်ပြခဲ့သော်လည်း ၀န်ကြီးချုပ်က သဘောထားမှတ်ချက် မပေးခဲ့သည့်အပေါ် ၄င်း၏ Facebook ပေါ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်အား လူမှုကွက်ရက်စာမျက်နှာပေါ်တွင် ဝေဖန်ခဲ့သည့် ဦးအောင်ကိုကိုလွင်ကို ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၈ (စ) ဖြင့် တရားစွဲခံခဲ့ရပြီး ဇွန်လ ၅ ရက်က ထောင်ချုပ်ဖြင့် ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူ/သားတို့ တွေ့ဆုံပွဲတွင် ကုန်ဈေးနှုန်းကျစေချင်လျှင် ဟင်းတစ်မယ်လျှော့စားရန် ၀န်ကြီးချုပ်က ပြောဆိုခဲ့သည့်အပေါ် ပြည်သူလူထုအကြာ ဝေဖန်ပြောဆိုမှု ရှိခဲ့သည်။

သတင်း-|Dawei Watch|
Via .. စံ​တော်​ချိန်


https://m.facebook.com/story.php?story_fbid=477583122725111&id=100014202826753

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မွန်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...