မော်လမြိုင် ဇန်နဝါရီ ၈
မွန်ပြည်နယ် မော်လမြိုင်မြို့
ရှမ်းစုရပ်ရှိ သံဃာ ၆ဝဝ ကျော် သီတင်းသုံးတော်မူသော ဆင်ဖြူပရိယတ္တိ
စာသင်တိုက်ကြီး၏ ကွန်ပျူတာခန်းမ e-Library နှင့် ကွန်ပျူတာ သင်တန်းဖွင့်ပွဲ
အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ခွဲက ဆင်ဖြူပရိယတ္တိ စာသင်တိုက်ကြီးရှိ
ပညာဝါဒီ သုံးထပ်ကျောင်းဆောင်တော်ကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆင်ဖြူစာသင်တိုက် ဆရာတော်
ဒွိပိဋကဓရ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တခေမာစာရနှင့် စာချဘုန်းကြီးများနှင့်
သင်တန်းသား သံဃာတော်များက နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်၍ ဆရာတော်က
သြဝါဒချီးမြှင့်ပြီး ကွန်ပျူတာခန်းမ e-Library နှင့် ကွန်ပျူတာ သင်တန်းကို
ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
သင်တန်းကို အရှင်စန္ဒဇောတိ (သာသနာနွယ်)က
ပို့ချပေးသွားမည် ဖြစ်ပြီး အခြေခံ စာစီစာရိုက်၊ ဒီဇိုင်းနှင့် အင်တာနက်
အသုံးချ နည်းပညာ ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်သည်။
သင်တန်းချိန် ပြင်ပတွင် ကွန်ပျူတာ ခန်းမကို စာသင်သားများ လေ့လာနိုင်ရန် e-Library အဖြစ် ထားရှိမည်ဖြစ်သည်။
ကွန်ပျူတာများတွင် ပရိယတ် စာပေများ၊
တရားတော်များ၊ သုတရသ စာပေများ၊ နည်းပညာ စာပေ များ၊ အထွေထွေ ဗဟုသုတ စာအုပ်
e-Book ၅ဝဝဝ ကျော်နှင့် တရားတော် ပို့ချချက်များ၊ စာပေ ဟောပြောပွဲများကို
ထည့်သွင်းထား၍ e-Library အဖြစ် ထားရှိမည်ဖြစ်ကြောင်း သိရသည်။


