Thursday, January 2, 2014

စစ်ထောက်လှမ်းရေးဟောင်းများ လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်ဖွယ်ရှိ

,
အကျဉ်းကျခံနေရဆဲဖြစ်သော စစ်ထောက်လှမ်းရေး အရာရှိ ၂၂ ဦး အပါအ၀င် ပြစ်မှုနှင့် နှစ်ရှည်
ထောင်ဒဏ်ကျခံနေရသူများကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရေး မျှော်လင့်နိုင်
ဖွယ်ရှိကြောင်း အစိုးရနှင့် ပိုမိုနီးစပ်သော နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တစ်ဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။
အကျဉ်းဦးစီးဌာန၏ အကျဉ်းထောင်လက်စွဲတွင် ၁၄ နှစ်နီးပါး ပြစ်ဒဏ်ကျခံထားရ သူများကို
လွှတ်ပေးရန်အတွက် ပြန်လည်သုံးသပ်သည့် အစီရင်ခံစာ တင်ခွင့်ရှိကြောင်း လက်ကျန် နိုင်ငံရေး
အကျဉ်းသားစိစစ်ရေးကော်မတီဝင်တစ်ဦးက အစိုးရအကျဉ်းဦးစီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦး၏
ပြောဆိုချက်ကို ကိုးကားပြောဆိုသည်။
"ထောက်လှမ်းရေးတွေနဲ့ ပတ်သက်ပြီးတော့ ထောင်ထဲမှာ စည်းကမ်းလည်းကောင်းတယ်၊ ပူးပေါင်း
ဆောင်ရွက်မှုလည်း ရှိတယ်ဆိုပြီးတော့ သူတို့ကို ပြန်လွှတ်သင့်တယ်ဆိုပြီးတော့ အကျဉ်းဦးစီးဌာန
က တင်ပြထားတာရှိတယ်"ဟု ၎င်းကဆိုသည်။
လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအနေဖြင့် အဆိုပါ စစ်ထောက်လှမ်းရေးများကို
နိုင်ငံရေးအကျဉ်းသားအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ အခြားခေါင်းစဉ်ဖြင့် လွတ်ငြိမ်းချမ်းသာ
ခွင့်ပေးရန် သဘောတူကာ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ကတစ်ဆင့် သမ္မတ ဦးသိန်းစိန်ထံ တင်ပြထားပြီး
ဖြစ်ကြောင်း ကော်မတီဝင် ဦးသိန်းညွန့်က ပြောသည်။
"ထောက်လှမ်းရေးမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဗိုလ်ချုပ် ခင်ညွန့်ကိုတောင် ပြန်လွှတ်ပြီးတော့ မိသားစု
နဲ့အတူ နေခွင့်ပေးတယ်။ အပြင်မှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တွေ ပေးခဲ့တဲ့ အခါကျတော့
တရားမျှတမှုအရ ထောက်လှမ်းရေး အရာရှိဟောင်းတွေကို ပြန်လွှတ်သင့်ပါတယ်"ဟု ၎င်းက
ပြောသည်။
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်ကို ၁၅ ကြိမ်
မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပြီး အခြားပြစ်မှုများဖြင့် ကျခံနေရသော အကျဉ်းသားများပါဝင်
သည့် လွတ်ငြိမ်းချမ်းသာခွင့် ခုနစ်ကြိမ်ခန့် ခွင့်ပြုခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ
ဦးသက်ဦးက ပြောသည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီက တင်ပြထားသော နိုင်ငံရေးအကျဉ်းသား
၃၅ ဦးမှာ အခြားပြစ်မှုများနှင့် ဆက်နွှယ်မှုရှိနေခြင်းကြောင့် လွတ်မြောက်နိုင်ခြင်းမရှိသေးသော်
လည်း ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် စစ်ထောက် လှမ်းရေးများအပါအ၀င် အခြား
ရာဇ၀တ်ပြစ်မှု အကျဉ်းသားများနှင့် ရောကာ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။
"အခု လွှတ်လိုက်တဲ့ သူတွေကတော့ နိုင်ငံရေးအကျဉ်းသားချည်း လွှတ်လိုက်တယ်၊ ဒါပေမဲ့
လူသားချင်းစာနာတဲ့ အနေနဲ့ရော၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်ရော၊ သူတို့လို
ထောင်ထဲမှာ နှစ်ပေါင်းအများကြီးနေခဲ့ရတဲ့ သူတွေအတွက် (လူသတ်မှု၊ မုဒိမ်းမှု မပါ)စဉ်းစားဖို့ကို
အလွတ်သဘော တင်ပြထားတာတွေ ရှိပါတယ်။ မျှော်လင့်ချက် ရှိတယ်လို့ ပြောလို့ရပါတယ်"ဟု
အစိုးရနှင့် နီးစပ်သော လက်ကျန်နိုင်ငံရေး အကျဉ်းသား ကော်မတီဝင်တစ်ဦးက ပြောဆိုသည်။
Source: myanmar.mmtimes.

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်ထောက်လှမ်းရေးဟောင်းများ လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်ဖွယ်ရှိ ”

Post a Comment

Related Posts Plugin for WordPress, Blogger...