Sunday, February 9, 2014

သန်းခေါင်စာရင်း ကောက်ယူချိန် ရွှေ့ဆိုင်းရန် ကချင်အဖွဲ့အစည်း ၂၀ ကျော်တောင်းဆို

,
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး ကြိုတင် ပြင်ဆင်မှုများတွင် မျိုးနွယ်စုနှင့် သင်္ကေတ (Code) သတ်မှတ်ချက် ကွဲလွဲနေမှုများကို ပြင်ဆင် ဖြေရှင်းနိုင်ခြင်း မရှိပါက မတ်လအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် သန်းခေါင်စာရင်း ကောက်ယူမည့် အချိန်ကို ရွှေ့ဆိုင်းပေးရန် ကချင်လူမှု အဖွဲ့အစည်း ၂၃ ဖွဲ့က နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော် နာယကတို့ထံ တောင်းဆိုလိုက်သည်။
သန်းခေါင်စာရင်း ကောက်ယူမည့် မေးခွန်းတွင် ပါရှိသော လူမျိုးနှင့် မျိုးနွယ်စု သတ်မှတ်ချက်၊ သင်္ကေတ (Code) ကွဲလွဲ မှားယွင်းမှုများ ဖြစ်ပေါ်နေကြောင်း၊ ကချင် တိုင်းရင်းသားများ နားလည် သတ်မှတ်ထားသော မျိုးနွယ်စုအမည်များ၊ အရေအတွက်များဖြင့် အစားထိုး ပြင်ဆင်ရန်၊ သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ် ပိုမိုချောမွေ့စေရန် လိုအပ်သော ညှိနှိုင်းမှုကို အချိန်မီ မဆောင်ရွက်နိုင်ပါက အစီအစဉ်ကို သင့်လျော်သော အချိန်သို့ ရွှေ့ဆိုင်းရန် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စာပို့ တောင်းဆိုခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။

ယင်းအပြင် အထက်ပါအချက် နှစ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါက ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အိမ်ထောင်စု မေးခွန်းပုံစံ ဇယားတွင် ပါရှိသည့် ဇယားအကွက် အမှတ် (၈) ကို ချန်လှပ်ထားပေးရန် ထည့်သွင်း တင်ပြထားကြောင်း နိုင်ငံတော်သမ္မတထံ ပေးပို့သည့်စာတွင် ဖော်ပြ ထားသည်။

သန်းခေါင်စာရင်း ကောက်ယူမည့် မေးခွန်းတွင် ပါဝင်သော လူမျိုးနှင့် သင်္ကေတ (Code) သတ်မှတ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မျိုးနွယ်စုများနှင့် လူထုအတွင်း ရှုပ်ထွေးမှုများ၊ အငြင်းပွားမှုများ ဖြစ်ပေါ်နေသောကြောင့် ယင်းသို့ တောင်းဆို ရခြင်း ဖြစ်ကြောင်း 'Sha – It' Social Development Foundation မှ ဆရာမဒေါင်ညွယ်က ဆိုသည်။
“ကျွန်မတို့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တယ်။ သန်းခေါင်စာရင်း ကောက်ခံရာမှာ လူမျိုးနဲ့ ပတ်သက်ပြီး နားမလည်တဲ့ အချက်တွေကို အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်းကို ဖိတ်ခေါ်ပြီး မေးမြန်းခဲ့ပေမယ့် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တာ မတွေ့ရဘူး။ ကျွန်မတို့က ဒီသန်းခေါင်စာရင်းကို ကန့်ကွက်တာ မဟုတ်ဘူး။ သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ အဆင်ပြေချောမွေ့ဖို့၊ ထိရောက်ဖို့အတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးတဲ့အနေနဲ့ အခုလို စာပို့ တောင်းဆိုတာပါ” ဟု ဆရာမ ဒေါင်ညွယ်က ရှင်းပြသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းပုံစံတွင် ပါရှိသည့် လူမျိုး သတ်မှတ်ချက်များသည် သက်ဆိုင်ရာ လူမျိုး၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီး အတည်ပြု ဆောင်ရွက်ထားခြင်း မဟုတ်ဘဲ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုမှ ရရှိထားသည့် စာရင်းအပေါ် အခြေခံပြီး မေးမြန်းထားခြင်း ဖြစ်သည့်အတွက် ယင်းပုံစံအပေါ် မေးခွန်းထုတ်စရာ များဖြစ်နေကြောင်း ကချင်လူမှု အဖွဲ့အစည်းများက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံခြင်းကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာထားသည်။
thevoicemyanmar

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သန်းခေါင်စာရင်း ကောက်ယူချိန် ရွှေ့ဆိုင်းရန် ကချင်အဖွဲ့အစည်း ၂၀ ကျော်တောင်းဆို ”

Post a Comment

Related Posts Plugin for WordPress, Blogger...