Thursday, February 27, 2014

တရုတ်အစိုးရအား မြန်မာက သတိပေး

,
မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ၀င်ရောက်လုပ်ကိုင်ကာ သစ်အပါအ၀င် သယံဇာတများ ထုတ်ယူ
နေသော တရုတ်လူမျိုးများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တရုတ်သံရုံး ယာယီ
တာဝန်ခံအား ဆင့်ခေါ်ကာ တရားဝင် အသိပေး ကန့်ကွက်ခဲ့သည့်အပြင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး
ဝန်ကြီးဌာနသို့လည်း ဓာတ်ပုံ၊ စာရွက်စာတမ်း အထောက်အထားများ ပေးပို့ကာ သံတမန်
နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်
ကပြောသည်။
"နိုင်ငံခြားရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် ကချင်ပြည်နယ်အတွင်းရှိ
မြို့နယ်များရှိ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများတွင် သစ်နှင့် သတ္တုများ တရားမ၀င်ထုတ်ယူ
နေမှုနှင့် ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊ ကန့်ကွက်ပြောကြားခြင်းများ
အပါအ၀င် နှစ်နိုင်ငံနယ်စပ် ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးခြင်းများ ပုံမှန်ပြုလုပ်နေပါတယ်"
ဟု ဦးစိုးမောင်က ပြောသည်။
နိုင်ငံခြားရေး ၀န်ကြီးဌာနသည် ကချင်ပြည်နယ် ချီဖွေနှင့်ဆော့လော်မြို့နယ်တွင် ၀င်ရောက်
လုပ်ကိုင်နေသော တရုတ်လူမျိုးများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနသို့ ဓာတ်ပုံနှင့်တကွ
စာရွက်စာတမ်းများ ပေးပို့ထားသည့်အပြင် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က
ရန်ကုန်မြို့ရှိ တရုတ်သံရုံး ယာယီ တာဝန်ခံ မစ္စတာ ချန်ချန်အား ဆင့်ခေါ်ကာ ၂၀၁၃ ခုနှစ်၊
နိုဝင်ဘာလတွင် တရားဝင် အသိပေးခဲ့သည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဒေသများနှင့် ငြိမ်းချမ်းရေးရယူရန် ဆောင်ရွက်နေသော
နေရာများရှိ သယံဇာတများအား တရားမ၀င် ခိုးထုတ်ရောင်းချနေမှုများအား ထိန်းချုပ်ရန် အစိုးရ
ဝန်ကြီးဌာနများက သက်ဆိုင်ရာဌာနအလိုက် ဖမ်းဆီးဆောင်ရွက်လျက်ရှိရာ စီးပွားရေးကူးသန်း
ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဆောင်သည့် တရားမ၀င်ကုန်သွယ်မှု တားဆီး
ထိန်းချုပ်ရေး ဗဟိုကော်မတီက ခုနစ်လအတွင်း ကျပ်ခြောက်ဘီလျံ ဖိုးခန့် ဖမ်းဆီးရရှိခဲ့ကြောင်း
သိရသည်။
ထို့ပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်
အတွင်း သယံဇာတများ တရားမ၀င် ထုတ်ယူနေသော နိုင်ငံသာ ၁,၁၉၈ ဦးနှင့် နိုင်ငံခြားသား
၄၁၄ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး တရားမ၀င် သစ်ထုတ်လုပ်မှုတွင် ပါဝင်ခဲ့သော အစိုးရ ၀န်ထမ်း
၂၄ ဦးအား အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လမှ ဧပြီလအတွင်း နယ်စပ်ဒေသတွင်
တရားမ၀င် ရွှေတူးဖော်ခြင်း၊ သစ်မှောင်ခိုနှင့် မြန်မာ့ရေပြင်ပိုင်နက်တွင် ငါးခိုးဖမ်းလုပ်ကိုင်နေသူ
နိုင်ငံခြားသား ၃၃ ဦး အား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
သတ္တုတွင်း ၀န်ကြီးဌာနသည် ၂၀၁၃ခုနှစ် ဧပြီလ မှ စက်တင်ဘာလအထိ ကျောက်မှောင်ခို
တရားခံနိုင်ငံသား ၂၃ ဦး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ၂၀၁၁ ခုနှစ် မှ ၂၀၁၃ခုနှစ် စက်တင်ဘာလအတွင်း
နိုင်ငံသား ၄၀၄ ဦးနှင့် နိုင်ငံခြားသား လေးဦးကို သစ်တော ဥပဒေအရ ဖမ်းဆီးအရေး ယူနိုင်ခဲ့ပြီး
ကျွန်းသစ်နှင့် အခြားသစ် ၃,၂၀၉ ဒသမ ၉၉၆ တန် သိမ်းဆည်းရမိခဲ့သည်။
ကျောက်မျက် ဥပဒေအရ အရေးယူခဲ့သည့် နိုင်ငံသား ၂၁၄ ဦးရှိပြီး ကျပ်သိန်း သုံးသောင်းကျော်
တန်ဖိုးရှိ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် သတ္တုတွင်း ဥပဒေအရ နိုင်ငံသား ၂၃၁ ဦးနှင့် နိုင်ငံခြားသား ၂၉ ဦးအရေးယူနိုင်ခဲ့ပြီး
အရေးကြီး ကုန်စည်နှင့် ၀န်ဆောင်မှု ဥပဒေ အရ နိုင်ငံသား ၈၉ ဦး၊ သဘာဝတောရိုင်းတိရစ္ဆာန်
ကာကွယ်ရေး ဥပဒေအရ နိုင်ငံသား ၃၆ ဦးအား အရေးယူခဲ့ကြောင်း သိရသည်။
အိအိတိုးလွင်(  http://myanmar.mmtimes.com  )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရုတ်အစိုးရအား မြန်မာက သတိပေး ”

Post a Comment

Related Posts Plugin for WordPress, Blogger...